
အဓိကတာဝန်
မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်ကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၏ ရည်ရွယ် ချက်နှင့်အညီ သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သောအုပ်ချုပ်ရေး စနစ် ဖြစ်ထွန်းပေါ်ပေါက်လာစေရေးတို့ကို အားသွန်ခွန်စိုက်ကြိုးပမ်း လျက်ရှိပါသည်။ ကောင်းမွန်သောအုပ်ချုပ်ရေးစနစ်ကို ပုံဖော်ရာတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးသည် လွန်စွာအရေးပါသကဲ့သို့ အဖွဲ့ အစည်းများအတွင်း ကျင့်ဝတ်ရေးဆွဲအကောင်အထည်ဖော်ခြင်း၊ လူတစ်ဦးချင်းစီအနေဖြင့် ကျင့်ဝတ်လိုက်နာစောင့်ထိန်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်ခြင်းတို့ကို ပဓာနကျသည့်လုပ်ငန်းစဉ်များအဖြစ် ဆောင်ရွက်ရန် လိုအပ်လာပြီ ဖြစ်ပါသည်။ ကော်မရှင်အနေဖြင့်လည်း အများပြည်သူဆိုင်ရာအုပ်ချုပ်ရေးကဏ္ဍတွင် ဂုဏ်သိက္ခာနှင့် တာဝန် ယူနိုင်မှု မြင့်မားတိုးတက်လာစေရန်အတွက် ကျင့်ဝတ်လိုက်နာ စောင့်ထိန်းသောဝန်းကျင်ကောင်းများ ဖန်တီးပုံဖော်နိုင်ရေးနည်းလမ်း အသွယ်သွယ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
လက်ကိုင်ထားသောကျင့်ဝတ်များ
ကော်မရှင်အနေဖြင့် စတင်ဖွဲ့စည်းခဲ့သည့် ၂၀၁၄ ခုနှစ်ကစပြီး သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သောအုပ်ချုပ်ရေးစနစ် ဖြစ်ထွန်း လာစေရန်နှင့် အများပြည်သူဘဝ သာယာဝပြောလာစေရန်တို့ကို ရည်ရွယ်၍ အဂတိလိုက်စားမှုတားဆီးကာကွယ်ခြင်း၊ စုံစမ်းစစ်ဆေး ခြင်းနှင့် အများပြည်သူသို့ အသိပညာပေးခြင်းဆိုသည့် နည်းလမ်း သုံးသွယ်ဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါလုပ်ငန်းများကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပြည်သူများ၏ အခန်း ကဏ္ဍသည် လွန်စွာအရေးကြီးပြီး ဝန်ထမ်းများ၏ အရည်အချင်းရှိမှု၊ ဖြောင့်မတ်တည်ကြည်မှု၊ ကျင့်ဝတ်သိက္ခာရှိမှုနှင့် မှန်ကန်စွာ ဆောင်ရွက်နိုင်မှုတို့သည်လည်း အဓိကအခန်းကဏ္ဍမှ ပါဝင်ပါသည်။ သို့ဖြစ်၍ ကော်မရှင်အနေဖြင့် ဖြောင့်မတ်တည်ကြည်မှု၊ လွတ်လပ်စွာ ရပ်တည်နိုင်မှု၊ တာဝန်ယူမှု၊ ပွင့်လင်းမြင်သာမှု၊ မျှတမှု၊ အားလုံးပါဝင် နိုင်မှုစသည့် အခြေခံမူ ခြောက်ချက်ပါဝင်သော ကော်မရှင်ကျင့်ဝတ်ကို နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ ၂၀၁၈ ခုနှစ် မေလ ၃ ရက်နေ့ တွင် ရေးဆွဲပြဋ္ဌာန်းခဲ့ပါသည်။
ကော်မရှင်ရုံးဝန်ထမ်းများအနေဖြင့် အခြားသောအဖွဲ့အစည်းများ မှ ဝန်ထမ်းများထက် ထူးခြားမှုမှာ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ ကျင့်ဝတ်၊ စည်းမျဉ်း၊ စည်းကမ်းများအပြင် ရှင်းလင်းတိကျသော စည်းမျဉ်းများပါဝင်သည့် ကော်မရှင်ကျင့်ဝတ်ကိုပါ လိုက်နာစောင့်ထိန်း ကြရခြင်းပင်ဖြစ်ပါသည်။ ဥပမာ ဖြောင့်မတ်တည်ကြည်မှု စံနှုန်းတစ်ခု အနေဖြင့် ဝန်ထမ်းများအချင်းချင်းကြား လက်ဆောင်ပေးခြင်း အလေ့အထများသည် အမှန်တကယ် အကျိုးစီးပွားပဋိပက္ခများကို သာမက အကျိုးစီးပွားပဋိပက္ခရှိသည်ဟု ထင်မြင်ယူဆခံရနိုင်သည့် အတွက် အထက်အရာရှိအဆင့်ဆင့်သည် လက်အောက်ဝန်ထမ်းများ ထံမှ လက်ဆောင်လက်ခံခြင်း မပြုရပါ။ အဂတိလိုက်စားမှုတိုက်ဖျက် ရေးကို ဆောင်ရွက်နေသည့် အဖွဲ့အစည်းဖြစ်သည်နှင့်အညီ ကော်မရှင် ရုံးဝန်ထမ်းများအနေဖြင့် အဂတိလိုက်စားမှုကို ဖြစ်စေသည့် အသေးအဖွဲကိစ္စရပ်များကိုပါ အလေးထားစောင့်ထိန်းသည့်သဘော ပင်ဖြစ်ပါသည်။ ထို့ပြင် မိမိ၏ဆုံးဖြတ်ချက်၊ ပြုမူပြောဆိုလုပ်ကိုင်ဆောင်ရွက်ချက်အားလုံးကို ကျင့်ဝတ်ပါ တာဝန်သိမှု၊ တာဝန်ယူမှု စံနှုန်းများနှင့်အညီ တာဝန်ယူ၊ တာဝန်ခံခြင်းဖြင့် ကော်မရှင်၏ပုံရိပ်ကို မြှင့်တင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ အထူးသဖြင့် ကျင့်ဝတ်ပါ မျှတမှုစံနှုန်းများနှင့်အညီ ဆုံးဖြတ်ချက်များချမှတ်ရာတွင် မျှတမှုရှိခြင်း၊ အရည်အချင်းရှိခြင်း၊ ဘက်လိုက်မှုကင်းခြင်းနှင့် အပြန် အလှန်လေးစားခြင်းတို့ကို အခြေခံကာ နိုင်ငံတော်နှင့် ပြည်သူအကျိုး ဖြစ်ထွန်းမည့် သုံးသပ်ဆုံးဖြတ်ချက်များကို ချမှတ်ဆောင်ရွက်လျက်ရှိ ပါသည်။
ကျင့်ဝတ်နှင့်ခေါင်းဆောင်မှု
အဖွဲ့အစည်းများ၏ ရည်မှန်းချက်ပန်းတိုင်များကို အောင်မြင် အောင် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ခေါင်းဆောင်မှု၏ အခန်းကဏ္ဍသည် လွန်စွာအရေးကြီးလှပါသည်။ ခေါင်းဆောင်များ အနေဖြင့် ကိုယ်တိုင် ကျင့်ဝတ်လိုက်နာစောင့်ထိန်းသင့်သကဲ့သို့ မိမိ တာဝန်ယူသည့် အဖွဲ့အစည်းအတွင်း ကျင့်ဝတ်ရေးဆွဲပြဋ္ဌာန်းနိုင်ရေး၊ ဝန်ထမ်းများကျင့်ဝတ်နှင့်အညီ ပြုမူပြောဆိုနေထိုင်ရေးတို့ကိုလည်း အလေးပေးကြပ်မတ်ဆောင်ရွက်ကြရပါမည်။ ကျင့်ဝတ်နှင့်ညီသော ခေါင်းဆောင်မှု၏အကျိုးဆက်အနေဖြင့် အဖွဲ့အစည်း၏ဂုဏ်သိက္ခာ တိုးတက်မှုကို ရရှိနိုင်သကဲ့သို့ ဝန်ထမ်းများ၏ရပ်တည်မှုသည်လည်း ကျင့်ဝတ်စောင့်ထိန်းလိုက်နာမှု အလေ့အထဆီသို့ ဦးတည်ကာ အဖွဲ့အစည်း၏ပုံရိပ်ကိုလည်း မြှင့်တင်ပေးနိုင်မည် ဖြစ်ပါသည်။
နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးများ
နိုင်ငံ့ဝန်ထမ်းများသည် တည်ဆဲဥပဒေများနှင့်အညီ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားအတွက် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဓိကကျသည့်အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသဖြင့် တာဝန်ကျေပွန်စွာထမ်းဆောင်မှု၊ ရိုးဖြောင့်မှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှု၊ အားလုံးပါဝင်ဆောင်ရွက်မှု၊ သာတူညီမျှမှု၊ တန်းတူ ညီမျှမှု၊ ဘက်လိုက်ခြင်းကင်းမှု စသည့်ကျင့်ဝတ်ဆိုင်ရာစံတန်ဖိုးများကို တန်ဖိုးထားစောင့်ထိန်းတတ်စေရန်ရည်ရွယ်၍ ပြည်ထောင်စု ရာထူးဝန်အဖွဲ့မှ နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးများကို အမိန့် ကြော်ငြာစာအမှတ် ၄၃/၂၀၂၁ ဖြင့် ထုတ်ပြန်ကြေညာခဲ့ပါသည်။ နိုင်ငံ့ ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးများတွင် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပြည်သူဗဟိုပြုသည့် ဝန်ထမ်းများအဖြစ်ရပ်တည်၍ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှုနှင့် တာဝန်ခံမှု၊ ဘက်လိုက်မှုကင်းခြင်း၊ အဂတိကင်းရှင်းခြင်း နှင့် တရားမျှတစွာ ဆောင်ရွက်ခြင်း စသည့် ကျင့်ဝတ်စံတန်ဖိုးများကို အဓိကလက်ကိုင်ထားတတ်စေရန် ရည်ရွယ်လမ်းညွှန်ထားပါသည်။
အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး
နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်နှင့်စံတန်ဖိုးများပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကျင့်ဝတ်စောင့်ထိန်းသော၊ အဂတိတရားကင်းရှင်းသော နိုင်ငံ့ဝန်ထမ်း များ ဖြစ်လာစေရေးနှင့် ပြည်သူလူထု၏လိုအပ်ချက်များကို အချိန်နှင့် တစ်ပြေးညီဝန်ဆောင်မှုပေးရာတွင် ကျင့်ဝတ်စံတန်ဖိုးများကို လိုက်နာ ကာ အဂတိတရားကင်းရှင်းစွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်လျက် မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် အစိုးရဌာန အဖွဲ့အစည်းများ ပူးပေါင်း၍ ၂၀၁၉ ခုနှစ် မတ်လမှစတင်ကာ ရှေ့ပြေး စီမံကိန်းအဖြစ် ပြည်ထောင်စုဝန်ကြီးဌာန ၁၄ ခုတွင်သာ အဂတိ လိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့များကို စတင်ဖွဲ့စည်းခဲ့သော် လည်း ၂၀၂၁ ခုနှစ် ဇွန်လအထိ ပြည်ထောင်စုဝန်ကြီးဌာနနှင့် အဖွဲ့ အစည်း ၃၃ ခုတို့ တွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အဖွဲ့များကို ဖွဲ့စည်းပြီးဖြစ်ပါသည်။
အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့များ၏ အဓိက ရည်ရွယ်ချက်မှာ အသေးစားအဂတိလိုက်စားမှုများ လျော့နည်း ကျဆင်းလာစေရေးနှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ပြည့်စုံ ကောင်းမွန်လာစေရေး ဖြစ်ပါသည်။ ဌာနတွင်းဝန်ထမ်းများ၏ ကျင့်ဝတ်ဖောက်ဖျက်မှု၊ အဂတိလိုက်စားမှုများကို ကိုင်တွယ်ဖြေရှင်းရုံ သာမက ၎င်းတို့နှင့် လုပ်ငန်းသဘောသဘာဝအရ ဆက်စပ်လုပ်ကိုင်ရ သော ပုဂ္ဂလိကကဏ္ဍ စီးပွားရေးလုပ်ငန်းများတွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရန်အတွက် ကျင့်ဝတ်ရေးဆွဲထားခြင်း ရှိ/မရှိ စိစစ် ရန်နှင့် ကျင့်ဝတ်ရေးဆွဲထားခြင်းမရှိသော စီးပွားရေးလုပ်ငန်းများနှင့် စပ်လျဉ်းသော ကိစ္စရပ်များ၌ ရောထွေးလက်ခံဆောင်ရွက်ခြင်းမပြုရေး အလေးထားဆောင်ရွက်လျက်ရှိပါသည်။
ပြည်သူနှင့်ပူးပေါင်းဆောင်ရွက်မှုများ
ကော်မရှင်သည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၇၂ (ခ) အရ ပုဂ္ဂလိကလုပ်ငန်းအဖွဲ့အစည်းများအနေဖြင့် အဂတိ လိုက်စားမှု တားဆီးကာကွယ်ရေးအတွက် အခြေခံခိုင်မာသော လုပ်ငန်းဆိုင်ရာကျင့်ဝတ်များ၊ သင့်လျော်သော ထိန်းချုပ်မှုနည်းလမ်း များကို ချမှတ်ဆောင်ရွက်နိုင်ရေးအတွက် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်တွင် ပုဂ္ဂလိကလုပ်ငန်းအဖွဲ့အစည်းများအတွင်း ကျင့်ဝတ်များ ရေးဆွဲနိုင်ရေးနှင့် အဂတိလိုက်စားမှု ထိန်းချုပ်နိုင်မည့်နည်းလမ်းများ ချမှတ်နိုင်ရန်အတွက် အခြေခံအချက် ရှစ်ချက်ပါဝင်သည့် အမိန့် ကြော်ငြာစာအမှတ် ၁၄/၂၀၁၈ ကို ထုတ်ပြန်ကြေညာခဲ့ပါသည်။
ထို့အပြင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် ပူးပေါင်း၍ အဂတိလိုက်စားမှု အသွင်အမျိုးမျိုးကို ပွင့်လင်းမြင်သာမှု၊ တာဝန်သိမှု၊ တာဝန်ယူမှု၊ သိက္ခာရှိမှု၊ တရားမျှတမှုနှင့် ဒီမိုကရေစီနည်းလမ်းများ ကိုင်စွဲ၍ စဉ်ဆက်မပြတ်တိုက်ဖျက်နိုင်ရေးနှင့် အသင်းချုပ်အသင်းဝင်အားလုံး အတွက် ကျင့်ဝတ်များ ပြုစုရေးဆွဲနိုင်ရန် ရည်ရွယ်၍ “အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ ကြေညာ ချက်” တစ်ရပ်ကို ၂၀၁၈ ခုနှစ် ဇူလိုင်လ ၂ ရက်တွင် လက်မှတ်ရေးထိုး ခဲ့ကြပါသည်။ အလားတူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (Myanmar Centre for Responsible Business) တို့နှင့် ပူးပေါင်း၍ “မြန်မာကုမ္ပဏီ များအတွက် စီးပွားရေးလုပ်ငန်း ကျင့်ဝတ်ဖြောင့်မှန်ရေး၊ ဂုဏ်သိက္ခာ ဆိုင်ရာလက်စွဲစာအုပ်” ကိုလည်း ပြုစုခဲ့ပါသည်။
ကျင့်ဝတ်အခြေခံသန္နိဋ္ဌာန်
ဤကော်မရှင်အနေဖြင့် နိုင်ငံတကာစံနှုန်းများအရ ကျင့်ဝတ်နှင့် ညီသော ဖြောင့်မတ်တည်ကြည်မှုကို အခြေခံသန္နိဋ္ဌာန်နှင့် အလေး ထားသော အဖွဲ့အစည်းဖြစ်သဖြင့် မှန်ကန်သောကျင့်ဝတ်များ ရေးဆွဲ၍ ကျင့်ဝတ်သိရှိလိုက်နာစောင့်ထိန်းမှု အလေ့အကျင့် ကောင်း များပေါ်ထွန်းလာစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံ့ ဝန်ထမ်းများအနေဖြင့်လည်း ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျင့်ဝတ်နှင့်အညီ သမာသမတ်ကျစွာ ဆောင်ရွက် နိုင်ရေးကို ဦးတည်၍ နိုင်ငံတစ်ဝန်းတွင် အဂတိလိုက်စားမှု မပြန့်ပွား ရေးနှင့် ကျင့်ဝတ်ဖောက်ဖျက်မှုအလေ့အထများကို အများပြည်သူနှင့် လက်တွဲတားဆီးဆောင်ရွက်ရန် လိုပါသည်။ ကော်မရှင်ကျင့်ဝတ်နှင့် အညီလည်း ဘက်လိုက်မှုကင်းသည့်ကျင့်ဝတ်စံနှုန်းများ လက်ကိုင် ထားကာ ပြည်သူတို့နှင့်အတူလက်တွဲ၍ “အဂတိပယ်ခွာ ပြည်သာယာ ရေး” ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းနှိုးဆော် အပ်ပါသည်။ ။
ရည်ညွှန်းကိုးကားသည့် စာအုပ်/စာစောင်များစာရင်း
- Annual Reports of Anti-Corruption Commission
- ကော်မရှင် ကျင့်ဝတ်
- နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးများ
- မြန်မာကုမ္ပဏီများအတွက် စီးပွားရေးလုပ်ငန်း ကျင့်ဝတ်ဖြောင့်မှန်ရေး၊ ဂုဏ်သိက္ခာဆိုင်ရာ လက်စွဲ စာအုပ်
- Log in to post comments