
ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ကွင်းဆက်ကို ဖြတ်တောက်နိုင်ရန် တစ်ဆက်တစ်စပ်တည်း အများပြည်သူ အလုပ်ပိတ်ရက်များကို နိုင်ငံတော် က သုံးကြိမ်တိုင်သတ်မှတ်ပေးခဲ့ပြီး ဖြစ်သည်။
ကျန်ရှိသည့် အများပြည်သူအလုပ်ပိတ်ရက် များတွင် အတတ်နိုင်ဆုံး မိမိတို့နေအိမ်များ၊ အဆောင်များတွင်သာ နေထိုင်ခြင်းအားဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို လျော့ကျစေနိုင် မည်ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွား မှုကို ဆက်လက်ဟန့်တားထိန်းချုပ်ရန် ပုဂ္ဂလိက ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း များအပါအဝင် အခြေခံပညာကျောင်းများ အားလုံး ကိုလည်း ဩဂုတ်လ ၁၅ ရက်နေ့အထိ ဆက်လက် ပိတ်ထားပြီးဖြစ်သည်။
လက်ရှိအခြေအနေတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အများစု၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု သည် ယခင်ကထက်စာလျှင် ၄၅ ရာခိုင်နှုန်းခန့်အထိ ကျဆင်းလာပြီး အချို့တိုင်းဒေသကြီးနှင့် ပြည်နယ် များတွင် ရောဂါဖြစ်ပွားမှုတန့်နေခြင်းကို တွေ့ရှိ နေရကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက ပြောကြားခဲ့သည်ကို သတင်းမီဒီယာများ တွင် ဖတ်ရှုရသည်။
လက်တွေ့တွင် အတော်ခက်ခဲ
တကယ်တော့ ရက်ပေါင်းကြာရှည်စွာ အပြင် မထွက်ဘဲ မိမိနေအိမ် သို့မဟုတ် အဆောင်မှာနေဖို့ ဆိုသည်မှာ လက်တွေ့တွင် အတော်ခက်ခဲသည့်ကိစ္စ ဖြစ်သည်။ နဂိုကအပြင်ထွက် အလုပ်လုပ်ရသူ၊ လုပ်ငန်းသဘောသဘာဝအရ လှည့်လည်သွားလာရ သူများအဖို့ အိမ်မှာ ငြိမ်ငြိမ်လေးနေဖို့ဆိုသည်မှာ ကြီးစွာသော ဒုက္ခတစ်ခုလို ခံစားရတတ်သည်။
အိမ်မှာ မနေတတ်သူများအတွက် အကောင်း ဆုံး အကြံပြုလိုသည်ကတော့ ရတောင့်ရခဲ အများ ပြည်သူအလုပ်ပိတ်ရက်ကို အကျိုးရှိရှိ အသုံးချကြ စေလိုသည်။ လူတိုင်းလူတိုင်းတွင် တစ်ချိန်က မအားလပ်၍ အလုပ်အကြွေးတင်နေသည့် အိမ်တွင်း အလုပ်များရှိတတ်သည်။ ဥပမာအားဖြင့် နေအိမ် သန့်ရှင်းရန်၊ ပရိဘောဂများ ပိုမိုအဆင်ပြေစွာ နေရာ ပြုပြင်ချထားရန်၊ ရုံးအလုပ်၊ ကုမ္ပဏီအလုပ်ကြွေး များ အိမ်တွင် ယူဆောင်လုပ်ကိုင်ရန်၊ နေအိမ်ခြံဝင်း ရှင်းလင်းရန်၊ သစ်ပင်စိုက်ရာသီဖြစ်၍ စားပင် သီးပင် အရိပ်ရပင်များ စိုက်ပျိုးရန် ယခုအချိန်သည် အကောင်းဆုံးအချိန်ဟု မှတ်ယူသင့်သည်။
အားလပ်ရက် ရက်ရှည်ရသဖြင့် ပန်းချီ ဝါသနာပါသူများ ပန်းချီဆွဲ၍၊ စာရေးဝါသနာပါသူ များ စာပေရေးသား၍၊ ဓာတ်ပုံဝါသနာရှင်များ မိမိ ရိုက်ကူးထားသည့် ဓာတ်ပုံများအား စုစည်း Save လုပ်ခြင်း၊ Photoshop ဖြင့် ပြုပြင်ခြင်းများပြုလုပ်၍ အချိန်ကို ကုန်လွန်စေနိုင်သည်။ အမျိုးသမီးများ အနေဖြင့် ဇာထိုး၊ ပန်းထိုး၊ စက်ချုပ်၊ လက်ချုပ် စသည့် လက်မှုပညာရပ်များ ပြုလုပ်ခြင်းဖြင့် အချိန်ကို ကုန်လွန်စေနိုင်သည်။
ယခုလို အားလပ်ရက်ရှည်ကာလသည် စာဖတ် ရန်အကောင်းဆုံးကာလဖြစ်သလို စာရေးရန်လည်း အချိန်ရသည့်ကာလဖြစ်သည်။ ဘာသာစကား လေ့လာလိုသူများအနေဖြင့်လည်း မိမိသင်ကြား လိုသည့် ဘာသာစကားကို ဆိုရှယ်မီဒီယာပေါ်မှ သင်ယူလေ့လာနိုင်သည့်အချိန် ဖြစ်သည်။ Facebook၊ Twitter၊ You Tube တို့မှလည်း ဘဝ အတွက် အသုံးဝင်အကျိုးရှိမည့် ဗဟုသုတများ ရှာမှီး ရန် အချိန်ကောင်းဖြစ်သည်။ အင်္ဂလိပ်စာလေ့လာလိုသူများအတွက်လည်း Online မှတစ်ဆင့် မိမိ၏ 3 Skill၊ 4 Skill များကို မြှင့်တင်နိုင်သည့် အချိန်လည်းဖြစ်သည်။ ၎င်းအပြင် ကွန်ပျူတာ ကျွမ်းကျင်သူ မိဘများ၊ အစ်ကိုအစ်မများက သားငယ်သမီးငယ်များ၊ ညီငယ်ညီမငယ်များကို ကွန်ပျူတာပညာရပ်များ မျှဝေပေးနိုင်သော အချိန် လည်း ဖြစ်သည်။ တစ်ကိုယ်ရေလေ့ကျင့်နိုင် သောအားကစားလေ့ကျင့်မှုများ၊ မိသားစုကစား နိုင်သော အားကစားနည်းများကိုလည်း ကစား သင့်သော အချိန်ဖြစ်သည်။
အပြင်မထွက်မိရန်လို
မလိုအပ်ဘဲ အပြင်မထွက်မိရန်တော့ လိုပါ သည်။ အထူးသဖြင့် Stay at Home သတ်မှတ် ထားသည့် မြို့နယ်များတွင် နေထိုင်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအတိုင်း တိတိကျကျလိုက်နာရန် လိုအပ်မည်ဖြစ်သည်။
ယခုအခါ နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ အရှိန်အဟုန်ဖြင့် ထိုးနှံပေးလျက် ရှိသဖြင့် ကာကွယ်ဆေး မထိုးရသေးသူများအနေ ဖြင့် ကာကွယ်ဆေးထိုးနှံမှုခံယူရန် အကောင်းဆုံး အချိန်ဖြစ်သည်။ မအားလို့ မထိုးရသေးတာဟု ဆင်ခြေပေးရမည့်အချိန်လည်း မဟုတ်၊ ထိရောက်မှု၊ စိတ်ချရမှု၊ အရည်အသွေးကောင်းမွန်မှုတို့အတွက် WHO အတည်ပြုချက်ရရှိပြီးသော ကာကွယ်ဆေး များ ထိုးနှံပေးနေခြင်းလည်းဖြစ်၍ မဖြစ်မနေ သွားရောက်ထိုးနှံသင့်သည့် အချိန်ဖြစ်သည်။
နေအိမ်၊ အဆောင်တွင် နေထိုင်စဉ် MRTV ၊ မြဝတီ စသည့် TV Channel များကို ကြည့်ရှုခြင်း အားဖြင့် မြန်မာ့သတင်း၊ ကမ္ဘာ့သတင်းများကို အမှန် အတိုင်း သိရှိနိုင်သလို ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် ဆောင်ရန်၊ ရှောင်ရန်များကိုလည်း တိကျစွာ သိရှိနိုင်ပါသည်။ မြန်မာ့အသံရေဒီယို၊ သဇင် FM နှင့် FM ရေဒီယိုများမှ ထုတ်လွှင့်ပေးနေ သော ပြန်ကြားရေး၊ အသိပညာပေးရေး၊ ဖျော်ဖြေရေး အစီအစဉ်များနှင့် သပြေရေဒီယိုမှ ထုတ်လွှင့်နေ သော သတင်းမှန်ပြန်ကြားမှုအစီအစဉ်များကို ကြည့်ရှုနားဆင်ခြင်းဖြင့် အချိန်ကိုအကျိုးရှိရှိ အသုံးချနိုင်ကြသည်။
အထောက်အကူပြု
တစ်နေကုန်တစ်နေခန်း နေအိမ်မှာနေထိုင်ရစဉ် အိမ်၏ လေဝင်ပေါက်များကို အမြဲဖွင့်ထားသင့် သည်။ အိပ်ရေးဝဝအိပ်သင့်သလို အာဟာရပြည့်ဝ သော အစားအစာများကို ဝဝလင်လင် စားသင့် သည်။ ရေကိုလည်း ရေသောက်မနည်းအောင် ဂရုစိုက်သောက်သင့်သည်။ အသက်ရှူလေ့ကျင့် ခန်းနှင့် ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းတစ်ခုခု ကို အချိန်ပေး၍ လုပ်ဆောင်သင့်သည်။ အသက် ရှူသွင်း ရှူထုတ်ရင်း တရားမှတ်သည့် ရှုမှတ်နည်း သည်လည်း အောက်ဆီဂျင် အလုံအလောက် ရှူသွင်းနိုင်ရေးအတွက် အထောက်အကူပြုသည်။
ဝိပဿနာရှုပွားရန်၊ ဂုဏ်တော်ရွတ်ဖတ်ရန်၊ ပဋ္ဌာန်းစသည်များ ရွတ်ဖတ်ပွားများရန် အကောင်း ဆုံးအချိန်ဖြစ်သည်။ စားလိုက်၊ အိပ်လိုက် လှုပ်ရှား မှုနည်းသည့် အမူအကျင့်များ မစွဲလန်းမိအောင် မိမိတို့၏ Lifestyle များကို သတိထားထိန်းသိမ်း ကြရင်း အများပြည်သူ အလုပ်ပိတ်ရက်ကာလကို အကျိုးရှိရှိ ဖြတ်သန်းနိုင်ကြပါစေကြောင်း ဆန္ဒပြု ရေးသားလိုက်ရပါသည်။ ။
သွင်လန်း
- Log in to post comments