
ထင်မြင်ချက်တစ်ခုခုနှင့်ပတ်သက်၍ သူမှန်သည်၊ ငါမှန်သည် ငြင်းခုံခြင်းသည် မခံချင်သောစိတ်ကို ပြ၏။ မခံချင်သောစိတ်ကို မည်သူမျှ မနှစ်လိုပေ။ သို့ဖြစ်လေရာ ငြင်းခုံခြင်းကို သူငယ်ချင်းနှစ်ယောက် အပျော်ငြင်းခြင်းမှတစ်ပါး ရှောင်ကြဉ်ရမည်။“စီးပွား စပ်ငြား၊ စကားငြင်းဆို၊ သူ့မယားနှင့် နှစ်ကိုယ်တည်း သာ၊ မနေရာ၊ မေတ္တာပျက်ကြောင်းပင်” ဟူသော စကားရှိလေသည်။
မိမိ၏အကျိုးစီးပွားကို မထိခိုက်လောက်သော အရေးများ၌ လျှော့၍ပေးခြင်းသည် အကောင်းဆုံး။
အသေးအဖွဲတို့ကို လျှော့၍ပေးခြင်းဖြင့် အကြီး အကျယ် အကျိုးခံစားရနိုင်လေသည်။
အခါများစွာ သဘောကွဲလွဲလျှင် ကိစ္စကိုဆိုင်း၍ ထားပြီး ဖြေဖျော်မှ မိမိလိုရာသို့ရောက်အောင် ကြံရ မည်။ ဤနည်းဖြင့် တစ်ဖက်သားမှာ စဉ်းစားရန် အချိန်ရ၍ မိမိကိုယ်တိုင်မှာလည်း နောက်ဆုံး၌ အနိုင်ရရန်နည်းလမ်းများ ပေါ်နိုင်လေသည်။
တစ်ဖက်သား၏နှုတ်မှ ဟုတ်ကဲ့၊ အင်းဟူသော စကားတစ်လုံးကို အစ၌ရလျှင် နောက်ကို မဟုတ် ဘူးဟု ငြင်းသောစကား လွယ်ကူစွာမထွက်လာ တတ်ပေ။ (ဤအကြောင်းကို ရှေ့၌ ဖော်ပြပါလိမ့် မည်)
မိမိက ဆိတ်ဆိတ်နေသောတစ်ဖက်သားကို အစွမ်းကုန်ပြောဖို့ရန် အားပေးရမည်။ သဘောချင်း ပင် မတူသော်လည်း တစ်ဖက်သား၏သဘော အလိုလိုနားလည်ကြောင်း သိသာစေရမည်။
တစ်ဖက်သား ကန့်ကွက်သောအချက်ကို ၎င်းထက်သေချာအောင် မိမိက ထပ်လောင်းပြောပြ နိုင်ရမည်။ ထိုအခါ ငါဆိုလိုတဲ့အချက်ကို သူသိပြီး ပါကလားဟူသောအမြင်ကို တစ်ဖက်သားရလိမ့် မည်။ တစ်ဖက်သားအား ၎င်း၏အမှားကို ဝန်ခံခြင်း မပြုစေဘဲ မိမိဘက်ပါစေရမည်။
မိမိသိကြောင်း၊ နားလည်ကြောင်း ပြောသော အနေနှင့် အကြောင်းတစ်ခုကို မပြောရ။ ကျုပ်ဖြင့် သည်လိုယူရလျှင် ဟုတ်မလားလို့ တွေးတောတာပဲ။ ခင်ဗျား ဘယ့်နှယ်သဘောရသလဲ။ ဟုတ်မယ်ထင် သလားဟူသောစကားမျိုးကိုသုံးလျှင် အရောင်း အဝယ် အလုပ်အကိုင်၌ သာလွန်၍ အောင်မြင်နိုင် လေသည်။
မိမိသဘောမကျသော အချက်တစ်ခုခုကို တစ်ယောက်ယောက်က သဘောပါအောင်ပြော လျှင် သဘောမကျကြောင်းကို ဆိတ်ငြိမ်စွာနေခြင်း ဖြင့်ပြနိုင်၏။ ထိုအခါ တစ်ဖက်သား လက်လျှော့လိမ့် မည်။ ပြုံးသောမျက်နှာနှင့်လည်း သဘောမကျ ကြောင်း ပြနိုင်လေသည်။ ငယ်သားများက တစ်စုံ တစ်ရာတိုင်တန်းသည့်အခါ ၎င်းတို့ကို ကူညီလိုသော စိတ်နှင့်အားပေးလျက် နားထောင်ရမည်။
လူတစ်ယောက် ဒေါသဖြစ်၍ ဆူပူပြောဆိုနေ လျှင် ဆိတ်ငြိမ်စွာသတိနှင့် နားထောင်နေပါက အလိုလိုအေးသွားလိမ့်မည်။ အေးရုံမက နားထောင် သူအပေါ်၌ ကြင်နာစိတ်ပေါ်၍လာလိမ့်မည်။ အလွန် ရိုင်းစိုင်းသူများကို မဆိုလို။ ရိုင်းသူကိုမူ ရိုင်းသူနှင့် တော်သောအပြစ်ကို ပေးရမည်။ မဟုတ်မခံသော စိတ်ကိုလူချစ်၏။ စော်ကားသောစိတ်ကို လူမုန်း၏။ လူစော်ကားတစ်ယောက်ကို နှိမ်လျှင် သူရဲကောင်း ဖြစ်၏။
မခံနိုင်သောအနေဖြင့် တစ်စုံတစ်ရာနှင့် ပတ်သက်၍ ဆူပူပြောဆိုသူတို့မှာ တကယ်နစ်နာ ချက်မရှိ။ မခံချင်သောစိတ်မာန်ကြောင့် ဖြစ်တတ် လေရာ အေးအေးနေလျှင် စိတ်ပြေတတ်လေသည်။ မထီမဲ့မြင်မပြုဘဲ ဝမ်းနည်းပုံကိုသာ ပြရမည်။ ခုခံ ငြင်းဆန်လျှင် ၎င်းတို့မှာသာ၍ ဆိုးတတ်၏။ အကျိုးမဲ့ အဘယ်အတွက် ရန်ဖြစ်သင့်ပါသနည်း။
ဘာလို့ခံနေသလဲဟူသော စကားသည် အများ သုံးစကားဖြစ်၏။ သို့အတွက် အမှားဆုံးဖြစ်လေ သည်။ ကုန်ရောင်းသူများသည် ဝယ်မည့်သူသဘော မကျသောအချက်များကိုသိပြီး သဘောမကျသော အချက်ကို ဝယ်မည့်သူ ပြောပြသည်ထက် ပိုမိုထင်ရှား အောင်ပြောပြပြီးမှ အခြားကောင်းသောအချက်ဖြင့် ဖာရမည်၊ ထေးရမည်။
အသေးအဖွဲ အရေးမကြီးသော အရာကလေး များ၌ လျှော့၍ပေးခြင်းသည် အကြီးအကျယ်တို့ကို ရစေနိုင်၏။ ကြော်ငြာဒီဇိုင်းဆရာတစ်ယောက်သည် လွန်စွာအပြစ်ရှာတတ်သော ကြော်ငြာရှင် တစ်ယောက်အတွက် ကြော်ငြာရုပ်ပုံတစ်ခုကိုရေးရာ ၌ မြင်လွယ်သောအမှား၊ ထုတ်ပစ်လျှင်လည်း အရေး မကြီးသောအမှားတစ်ခုကို တမင်ထည့်၍ရေး၏။ ကြော်ငြာရှင်က ထိုအရာကို ထုတ်ပစ်ဖို့ ချက်ချင်းပြော ၏။ ဒီဇိုင်းဆရာက မငြင်းဘဲ ရှေ့တွင် ပြင်လိုက်၏။ ထို့နောက် အပြစ်ကို ထပ်၍မရှာဘဲ လက်ခံလိုက်လေ သည်။ ထိုအသေးအဖွဲကိုမျှ အပြစ်မဆိုရလျှင် အခြား အရေးကြီးသောအချက်များနှင့်ပတ်သက်၍ အပြစ် ဆိုမှာ စိုးရလေသည်။
ကာနယ်ရုစဘက် သမ္မတဖြစ်သောအခါ ၎င်း၏ လက်အောက်ငယ်သား ဖလက်ချားသည် အခြား တပည့်များ ရာထူးတွေ ရကုန်ပြီဟုသိသဖြင့် ဝှိုက်ဟောက်အိမ်တော်ကို သွား၏။ ရုစဘက်သည် မတ်တတ်ရပ်လျက် ပြုံးသောမျက်နှာနှင့် ဖလက်ချား ကို ကြည့်၍နေပြီး ဖလက်ချား၏ပခုံးကို လာ၍ ဖက်ကာရယ်မောလျက် ဘာကိုလိုချင်သလဲဟု မေး၏။ သို့သော်လည်း ရုစဘက်၏ရယ်မောခြင်းမှာ မချမ်းသာသောစိတ်ကို ဖုံးဖိသောရယ်မောခြင်း ဖြစ်ကြောင်း ဖလက်ချားသိသဖြင့် အခါမဟုတ်သေး သည်ကို စဉ်းစားမိလျက် ဘာမှမလိုချင်ပါဘူးဟု ပြောလေ၏။
အလကား စကား - အလကား စကား၊ မင်း တစ်ယောက်ပဲ ကျန်တော့တယ်။ တခြားသူတွေတော့ ရာထူးရသူလည်း ရကုန်ကြပြီ၊ ထောင်ထဲဝင်သူတွေ လည်း ဝင်ကုန်ကြပြီဟု ရုစဘက်က ပြောလေ၏။
ဖလက်ချား ထွက်၍လာ၏။ စပိန်စကားကို ကြိတ်၍သင်၏။ နောက်တစ်နှစ်ကြာသောအခါ ကျူးဘားခေါ် စပိန်နယ်၌ သံအမတ်အဖြစ်ကို ရရှိလေ ၏။
ဖလက်ချားသည် ရုစဘက်ထံ ပထမသွားရာ၌ ရာထူးကို နေ့ချင်းညချင်း ရနိုင်ကြောင်းသိ၏။ သို့သော်လည်း အခါမဟုတ်သဖြင့် ရသော်လည်း ရုစဘက် စိတ်ကောင်း စေတနာကောင်းနှင့်ပေးသော ရာထူးဖြစ်မည်မဟုတ်၊ သဘောကျလောက်သော ရာထူးဖြစ်ချင်မှဖြစ်မည်ကိုသိရ၏။ သို့အတွက် ထိုအခါ၌ လျှော့၍ပေးခဲ့သောကြောင့် မင်နစ်စတား အဖြစ်နှင့် တစ်နှစ်အတွင်း ကျူးဘားကို သွားရလေ သည်။
အသက်အာမခံ ကိုယ်စားလှယ်တစ်ယောက် သည် လူတစ်ယောက်ထံသွားရာ ၎င်းလူက ယနေ့ အသက်အာမခံကိုယ်စားလှယ်ပေါင်း ၁ဝ ယောက် ရှိပြီဟုပြောရာ ကိုယ်စားလှယ်က ဒီလိုဖြင့် ကျွန်တော် စကားပြောဖို့လာတာ မဟုတ်ပါဘူး။ နောက်မှ အေးအေးပဲဟု ပြောပြီးပြန်ခဲ့၏။ ထိုအခါ အိမ်ရှင်က ခင်ဗျားတစ်ယောက်တော့ မပြောဘဲနဲ့ သိတဲ့လူပါပဲဟု ပြောလိုက်လေ၏။ နောက်တနင်္ဂနွေတစ်ပတ်လောက် ကြာ၍သွားသောအခါ ၎င်းကို ဖမ်းမိလေသည်။
မိမိအလိုကို သူ့အလိုဖြစ်အောင်လုပ်၍ ဖြစ်မြောက်စေရမည်။ လူအများသည် အရှုံးပေးလို သောစိတ်မရှိကြပေ။ မိမိကအရေးနိမ့်၍ သူ့အလိုသို့ ပါရခြင်းထက် မိမိတို့သဘောအတိုင်း ပါရခြင်းကို ပိုမိုလိုလားကြ၏။ သို့ဖြစ်လေရာ မိမိအလိုသို့ သူ့သဘောတိုင်း လိုက်ပါရအောင် ပရိယာယ်ဉာဏ်ကို သုံးရလေသည်။
သံလိုက်ဓာတ်စီရင်နည်း
သံလိုက်ဓာတ်ဆိုသည်မှာ တွေ့ကြုံသမျှသော လူများ၏ ချစ်ခင်လေးစားခံ့ညားရိုသေခြင်းကို ဖြစ်စေ သော စိတ်ပင်ဖြစ်လေသည်။ ထိုစိတ်ဓာတ်မျိုးရှိသူ တို့မှာ ရွှင်ပျခြင်း၊ ကြင်နာခြင်း၊ ဖော်ရွေခြင်း၊ မျှော်လင့် ခြင်း၊ လောက၌အကောင်းကို မြင်တတ်ခြင်း၊ အပြစ် ကိုမရှာ အကျိုးကိုရှာခြင်း၊ အခါနေရာ အခြေအနေနှင့် လျော်ညီစွာကျင့်တတ်ခြင်း၊ ကိုယ်ချင်းစာခြင်းစသည့် ကောင်းမြတ်သောစိတ်များ ရှိရလေသည်။
ထို့အပြင် ဝင့်ဝါခြင်း၊ ပလွှားခြင်းကင်းပြီးစိတ်သဘောတည်ကြည်ငြိမ်သက်ခြင်း၊ ယဉ်ကျေး ဖွယ်ရာခြင်းများလည်း ရှိဖို့လိုလေသည်။
သံလိုက်ဓာတ်စိတ်ရှိသူသည် ကြားရသူများ၏ စိတ်ကို နှစ်သိမ့်စေသော အကြောင်းအရာများကို သာပြော၍ မသာမယာသော အကြောင်းအရာများကို မပြောရပေ။ သတင်းစကား၊ အဖျင်းစကားကို မပြော ကောင်းပေ။ အခြားသူများပြောသော အကြောင်း အရာများကို အဟုတ်တကယ် စိတ်ဝင်စားလျက် နားထောင်ရလေသည်။ သူတစ်ပါးမခံချင်အောင် ဘယ်အခါမျှမပြုရ။ တစ်ဦးတစ်ယောက်၏စိတ်ကို နာကျင်စေသောစကားကို အဘယ်သောအခါမျှ မပြောရပေ။ ကျန်းမာရေးကို ဂရုစိုက်၍ ကျန်းမာ အောင်နေမှ ထိုသံလိုက်စိတ်ဓာတ်ကို ရနိုင်လေ သည်။ သံလိုက်ဓာတ်ရှိသူသည် ရဲရင့်၍ မိမိကိုယ်ကို ကိုးစားယုံကြည်သူဖြစ်ရာ ကျန်းမာဖို့ အထူးလိုလေ သည်။
မိမိ၏သန္တာန်၌ လူပရိသတ် လေးစားဂရုပြုရ သော အငွေ့အသက်အရှိန်အဝါ (Personality) ရှိသည်ဟု အမြဲယုံကြည်၍ထားရမည်။
ပရိသတ်ရှေ့၌ ပြောဆိုရာ၌ ငါ့ကိုအထင်သေး လိမ့်မည်။ ငါပြောသောစကားကို ဂရုစိုက်မှာမဟုတ် ဟူသော စိတ်မျိုးကင်းစေရမည်။ ငါပြောလျှင် ပွဲကျ ရမည်။ ငါ့ကိုဂရုစိုက်၍ နားထောင်ရမည်ဟူသော အစွဲတစ်ခု ပိုင်နိုင်စွာရှိစေရမည်။ ဒေါမာန်ရှိမှ စကားမှာ အသက်ဝင်၏။ ပုဂ္ဂိုလ်၏ အရှိန်အဝါလည်း ပေါ်ထွက်နိုင်လေသည်။
ကျွန်ုပ်အား အစည်းအဝေးတစ်ခု၌ မိတ်ဆွေ တစ်ယောက်က ဆရာတစ်နေ့က သတင်းစာထဲမှာ ရေးလိုက်တဲ့ အလုံးတွေပါအောင် ပြောစမ်းပါဟု ပြောသဖြင့် ပါအောင်ကြိုးစား၍ ပြောစမ်းရာ ပရိသတ်မှာ ဆိတ်ငြိမ်လျက် တုတ်တုတ်မျှ မလှုပ် ဘဲအိပ်ငိုက်၍ နေကြလေသည်။ ထိုမျှလောက်မှ အသားမပါသော ပြောဟောသူတို့၏စကားများကို လက်ခုပ်လက်ဝါး တဖြောင်းဖြောင်းနှင့် နားထောင် ကြလေသည်။ ဤကဲ့သို့ဖြစ်ခြင်းကား အခြားကြောင့် မဟုတ်၊ ငါပြောရင် ပွဲကျမှာမဟုတ်ပါဘူးဟု ယုံကြည်ကာ အေးအေး မရဲတရဲပြောခြင်းကြောင့် ဖြစ်လေသည်။
မိမိကိုယ်ကို အထင်မကြီးသေးသမျှ သံလိုက် ဓာတ်မရနိုင်။ မိမိကိုယ်ကို ယုံကြည်ရမည်။ အကဲ့ရဲ့ ခံရမှာကို ကြောက်သောစိတ်သည် သံလိုက်ဓာတ်ကို အဘယ်မှာရနိုင်ပါမည်နည်း။
စာရေးကောင်းသူများ အပြောမပါသည်မှာ အခြားကြောင့်မဟုတ်၊ အနှစ်အသားပါမှ ရေးလေ့ရှိ သလို အနှစ်အသားပါမှ ပြောချင်၏။ အသားမပါဘဲ ဒေါမာန်နှင့်ပြောရမှာကို ရှက်တတ်၏။ အသားပါပါ ပြောဖို့မှာလည်း မလွယ်သော အလုပ်ဖြစ်လေသည်။ ထိုအခါ မိမိပြောလိုသော အချက်ကောင်း အလုံး ကောင်းတွေကို ပြောရာ၌ မေ့ကုန်လိမ့်မလား။ ပါမှ ပါပါ့မလားဟူသော ကြောင့်ကြသောစိတ်ကလည်း အနှောင့်အယှက်ကြီးဖြစ်၍ နေလေသည်။ သူလို ငါလို သာမန်စကားကို ပြောဖို့ရန်မှာ မခက်ပေ။ ထိုစကားမျိုးကိုလည်း မပြောချင်။ ဤစိတ်သည် လွန်စွာမှားယွင်းသောစိတ် ဖြစ်၏။ အများကြိုက် သောစကားများကား လေးနက်သောစကားများ မဟုတ်၊ ဒေါပါသောစကား၊ အသက်ပါသောစကား များကို ပိုမို၍ စိတ်ဝင်စားကြလေသည်။
မိမိကိုယ်ကို အထင်သေးသောစိတ်သည် ရုပ် အသွင်အမူအရာမှာ ပေါ်၍နေရာ လူအများ သိမြင် နိုင်လေသည်။ သိမြင်သူတို့မှာ အဘယ်နည်းဖြင့် အထင်ကြီးပါမည်နည်း။ အကဲ့ရဲ့ခံရမှာ ကြောက် သောစိတ်ကို အထူးသဖြင့် ကွယ်ကာရမည်။
စိတ်၌ အဘယ်မျှပင် မပျော်မရွှင်စေကာမူ ပျော်ရွှင်သူကဲ့သို့ နေရမည်။ ပျော့ခွေ၍ မနေရ၊ မတ်ထောင်၍ နေရမည်။ အထက်ဖော်ပြသော စိတ် ကောင်းစိတ်မြတ်များနှင့် လျော်ညီစွာတွေးကြံ ရမည်။ မကောင်းကို မတွေးရပေ။
စိတ်ညစ်စရာတို့ကို မတွေးရ။ စိတ်အားတက်စရာ တို့ကိုသာ တွေးရမည်။
ပေါ့ပေါ့ဆဆ မပြောချင်ပြောချင်အမူအရာနှင့် မပြောရ။ နားထောင်သူတို့သည် ငါ့ထက်သာသူ တွေ၊ ငါ့စကားများသည် အရာရောက်မည်မဟုတ် ဟူသော စိတ်မျိုးနှင့် မပြောရပေ။ အနေအထိုင်မှာ ချိန်သားကျရမည်။ အပြောအဆိုမှာ အချိုးအစား ကျရမည်။
အပိုဖြစ်သော ကိုယ်လက်လှုပ်ရှားခြင်းများ ကင်းစေရမည်။ ဘတ်စ်ကားတစ်စင်း၌ မိန်းမပျို တစ်ယောက်ကို တွေ့ဖူး၏။ ၎င်းမှာ လည်ပင်းရော၊ မျက်လုံး၊ ပါးစပ်၊ လက်၊ ခြေများရော အနေအထား အမျိုးမျိုးပြောင်းခြင်း၊ ပင့်သက်ရှူခြင်းစသည့် အပိုအလုပ်များကို ဆူးလေဘုရားမှ မော်တင်အထိ လုပ်၍သွား၏။ ၎င်းနှင့် မျက်စောင်းထိုးနေရာ၌လည်း တရုတ်ကပြားတစ်ယောက်သည် ၎င်းကဲ့သို့ လုပ်၍ နေ၏။ ၎င်းတို့နှစ်ယောက်စလုံးမှာ ရုပ်ရည်ရော၊ အဝတ်အစားရော သားနား၏။ သို့သော်လည်း တစ်ယောက်ကိုတစ်ယောက် ကြည့်ပုံမှာ ချစ်ခင်ပုံ မရကြပေ။
အခြားသူများ၏ မျက်နှာကို ကြည့်ရသောအခါ၌ လည်း ၎င်းတို့နှစ်ဦးစလုံးကို သဘောကျဟန် မရှိကြ ပေ။ စာရေးသူကိုယ်တိုင်လည်း သဘောမကျခဲ့ပေ။ သံလိုက်ဓာတ်ရှိသူတို့၏ နေထိုင်ပြောဆိုပုံ၊ မျက်နှာ ထားပုံကို မှတ်သားရမည်။ မေတ္တာစိတ်ကိုလည်း အမြဲထားရမည်။
စကားပြောရာ၌ ခံ့ညားသောအသံရှိစေရမည်။ မိမိပြောသောစကား၌ မိမိ၏စိတ်ကို ထားရမည်။ မှတ်သားစရာ စာကောင်းပေကောင်းများကို ဖတ်ရ မည်။ အတွေးအခေါ်မှာ လော့ဂျစ်နည်း ကျနိုင်သမျှ ကျစေရမည်။ လော့ဂျစ်ကျမ်းကို မသိလျှင် လော့ဂျစ် ဉာဏ်ရှိသူတို့၏စာများ၊ ဆင်ခြေဆင်လက်ပါသော စာများ၊ သတင်းစာခေါင်းကြီးများ၊ အမှုစီရင်ချက်များ ကို ဖတ်ရမည်။
လောက၌ တစ်ဦးတစ်ယောက်တည်း အကူ အညီကင်းမဲ့၍ အကြီးအကျယ်မအောင်မြင်နိုင်။ အကူ အညီရဖို့ရာ သံလိုက်ဓာတ်ရှိသူမှာ အကူအညီပိုမို၍ ရလွယ်လေသည်။ ပျာယာခြင်း မရှိစေရ။ အရာရာ၌ ခံ့ညားတည်ကြည်ရမည်။ လေးနက်ရမည်။ သို့သော် လည်း လေးဟန်နှင့်ပေါ့သူ၊ ပြည့်ဟန်နှင့် ပိန်သူတွေ လည်း ရှိကြလေသည်။ ထိုသူမျိုးကိုတွေ့သောအခါ ဘယ်အချက်မှာ လို၍နေသည်ကို သိအောင်ရှာ ရမည်။
လူတစ်ယောက်ကို တွေ့ဖူး၏။ အသွင်အားဖြင့် များစွာခံ့ညားတည်ငြိမ်၏။ စကားပြောမှ အနှစ်မရှိ၊ အပွစားဖြစ်ကြောင်း သိရလေသည်။ အကြောင်းမူ ကား ထိုသူသည် မိမိကောင်းစွာမတတ်သော အင်္ဂလိပ်စကားကို စတိုင်နှင့် ပြော၍နေလေ သည်။
လူမှာ အရာရာတတ်ကျွမ်းရမည်ဟု မဆိုလို။ မိမိမနိုင်သောဇာတ်ကို မကကောင်းပေ။
ဘယ်အခါ၌ ဘယ်စကားပြောမည်ဟူသော အချက်ကို သိဖို့လို၏။ နှုတ်ဆက်ရာ၌ စိတ်ရော ကိုယ်ပါ ပါစေရမည်။ ။
ပီမိုးနင်း
- Log in to post comments