တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံဆွေးနွေး

 
 
 
နေပြည်တော် ဇန်နဝါရီ ၁၈
 
 
မြန်မာနိုင်ငံတွင် ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Horizon Lake View Resort Hotel ဧည့်ခန်းမဆောင်၌ တွေ့ဆုံ၍ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် တပ်မတော်နှစ်ရပ် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာများကို ဆွေးနွေးသည်။
 
 
နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်
ထိုသို့တွေ့ဆုံရာတွင် ဧည့်သည်တော် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ က ၁၉ နှစ်တာကာလအတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတတစ်ဦး၏ ခရီးစဉ်အဖြစ် လည်းကောင်း၊ မိမိ သမ္မတ တာဝန်ထမ်းဆောင်ချိန်တွင် ပထမဦးဆုံးအကြိမ်အဖြစ် လည်းကောင်း မြန်မာနိုင်ငံသို့ လာရောက်ခြင်းဖြစ် ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၏ ပထမဦးဆုံး ပြည်ပခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ လာရောက်ရခြင်းသည် တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ခိုင်မာ လျက်ရှိသည်ကို ဖော်ပြခြင်းပင်ဖြစ်ပါကြောင်း၊ နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုကို ပိုမိုတိုးတက်ခိုင်မာ ဖွံ့ဖြိုးတိုးတက်ရန်အတွက် တွန်းအားပေးလိုပြီး နှစ်နိုင်ငံ အေးအတူပူအမျှဖြစ်သည့် အသိုက်အဝန်းကို ထူထောင်ရန်နှင့် ပူးပေါင်းဆောင်ရွက်မှုကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
 
 
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြန်လည်ပြောကြားရာတွင် မြန်မာ နိုင်ငံတွင် နိုင်ငံရေးပြုပြင်ပြောင်းလဲမှု ၉ နှစ်တာကာလအတွင်း အတွေ့အကြုံ များစွာရရှိခဲ့ပြီး အောင်မြင်မှုများရှိသလို စိန်ခေါ်မှုများလည်း ရှိနေပါကြောင်း၊ အရေးကြီးသော စိန်ခေါ်မှုတစ်ရပ်မှာ နိုင်ငံတည်ငြိမ်အေးချမ်းရေးဖြစ်ပြီး ငြိမ်းချမ်းရေးသည် အဓိကအရေးကြီးပါကြောင်းနှင့် ငြိမ်းချမ်းရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ တရုတ်နိုင်ငံ ကြုံတွေ့နေရသည့် အခက်အခဲများအား အစိုးရက ဥပဒေအရ ဖြေရှင်းဆောင်ရွက်မှုများအပေါ် နားလည်ထောက်ခံပါကြောင်းနှင့် တရုတ်တစ်နိုင်ငံတည်း မူဝါဒကိုလည်း ထောက်ခံပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ တည်ငြိမ်အေးချမ်းရန်နှင့် ဥပဒေနှင့်အညီ ဖြစ်ရန်အတွက် အစိုးရ၏ ထိန်းကျောင်းမှုသည် များစွာအရေးပါပြီး မိမိတို့နိုင်ငံ တွင်လည်း တည်ငြိမ်အေးချမ်းရေးအတွက် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း။
 
 
ငြိမ်းချမ်းရေးလမ်းကြောင်းအတွက် အထောက်အကူရရှိစေနိုင်
တရုတ်နိုင်ငံက ဆောင်ရွက်နေသော OBOR စီမံကိန်းများတွင် မြန်မာနိုင်ငံ သည် တရုတ်နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံ၊ အရင်းနိုင်ငံဖြစ်ပြီး အဖျားနိုင်ငံ မဟုတ် သောကြောင့် ယင်းစီမံကိန်းများအား မြန်မာနိုင်ငံအတွက် အကျိုးရှိစေသော ဆောင်ရွက်ချက်များ ဆောင်ရွက်နိုင်ပါက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာပြီး ပြည်သူများ စိတ်ချမ်းသာမှုရရှိကာ ငြိမ်းချမ်းရေးလမ်းကြောင်းအတွက် အထောက်အကူရရှိစေနိုင်ပါကြောင်း၊ ငြိမ်းချမ်းရေးဆောင်ရွက်ရာတွင်လည်း ဥပဒေနှင့်အညီသာ ဆောင်ရွက်ရမည်ကို တိုင်းရင်းသားအားလုံး နားလည် လက်ခံနိုင်ရန် လိုအပ်ပါကြောင်း၊ အဆွေတော် သမ္မတကြီးကလည်း တိုက်တွန်း အားပေးနိုင်ပါရန် မေတ္တာရပ်ခံလိုပါကြောင်း၊ နှစ်နိုင်ငံ အေးအတူပူအမျှ အသိုက် အဝန်းတည်ထောင်ရေးနှင့် ပြည်သူများ၏ အကျိုးစီးပွားများအတွက် ပူးပေါင်းဆောင်ရွက်မှုများတွင် တပ်မတော်က အတတ်နိုင်ဆုံး ပူးပေါင်းကူညီဆောင်ရွက်ပေးသွားမည်ဟု ပြောကြားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
 
 
သတင်းစဉ်