
နေပြည်တော် ဇန်နဝါရီ ၁၇
မြန်မာ - တရုတ် သံတမန်ဆက်ဆံရေး နှစ်(၇၀)ပြည့် အထိမ်းအမှတ်အခမ်းအနားနှင့် မြန်မာ-တရုတ် နှစ်နိုင်ငံယဉ်ကျေးမှုနှင့် ခရီးသွားလာရေး နှစ်စတင်ခြင်း အထိမ်းအမှတ် အခမ်းအနားကို ယနေ့ညပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန - ၂ (MICC-II)၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တက်ရောက်အားပေးချီးမြှင့်ကြသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်သည် အဖွဲ့ဝင်များနှင့်အတူ အခမ်းအနားကျင်းပမည့် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ သို့ ည ၇ နာရီ တွင် ရောက်ရှိလာရာ ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းတို့က ကြိုဆိုနှုတ်ဆက်ကြပြီး မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။
ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်
ယင်းနောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတသည် တရုတ်ကွန်မြူနစ်ပါတီနှင့် ဆက်ဆံရေးရှိသော နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌ များနှင့် ကိုယ်စားလှယ်များကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး မှတ်တမ်းတင် ဓာတ်ပုံ ရိုက်သည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတများ၊ လွှတ်တော်ဥက္ကဋ္ဌများနှင့် ဧည့်သည်တော် များသည် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၂ ၌ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီ ပြန်ကြားရေး မှူးရုံးနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြသသည့် မြန်မာ - တရုတ် နှစ်နိုင်ငံဆက်ဆံရေးမှတ်တမ်း ဓာတ်ပုံများကို လှည့်လည်ကြည့်ရှုအားပေး ကြသည်။
တက်ရောက်အားပေးချီးမြှင့်
ယင်းနောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့သည် မြန်မာ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန - ၂ ၌ ကျင်းပသည့် မြန်မာ - တရုတ် သံတမန် ဆက်ဆံရေး နှစ်(၇၀)ပြည့် အထိမ်းအမှတ် အခမ်းအနားနှင့် မြန်မာ-တရုတ် နှစ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးနှစ်စတင်ခြင်း အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက် အားပေးချီးမြှင့်ကြသည်။
အထိမ်းအမှတ်အခမ်းအနားသို့ ဒုတိယ သမ္မတ ဦးမြင့်ဆွေ၊ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူ၊ ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်သူ့ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၊ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာ အောင်၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု ရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ နေပြည် တော်ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်အရာရှိကြီး များ၊ လွှတ်တော်ရေးရာ ကော်မတီဥက္ကဋ္ဌများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များ၊ အမြဲတမ်း အတွင်းဝန်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော် တရုတ် ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်အတူ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ၊ အဆင့်မြင့် အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်နှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
ပုသိမ်ထီးယိမ်းအကဖြင့်ဖျော်ဖြေ
ရှေးဦးစွာ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ အနုပညာ ရှင်များက “နှစ်နိုင်ငံသံတမန်နယ် နှစ် ၇၀” အမည်ရှိ ပုသိမ်ထီးယိမ်းအကဖြင့် ဖျော်ဖြေ တင်ဆက်သည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်တို့က အဖွင့်မိန့်ခွန်း ပြောကြားကြသည်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ယခုကဲ့သို့ မင်္ဂလာရှိလှသော ညနေခင်းအချိန်အခါတွင် ကျင်းပသည့် မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံတို့ သံတမန်ဆက်ဆံရေး နှစ် (၇၀) ပြည့်မြောက်သည့်အထိမ်းအမှတ်အခမ်းအနားနှင့် မြန်မာ - တရုတ် ယဉ်ကျေးမှုနှင့် ခရီး သွားလာရေးနှစ်စတင်ခြင်းအခမ်းအနားတွင် အဖွင့်မိန့်ခွန်း ပြောကြားခွင့်ရသည့်အတွက် မိမိအနေဖြင့် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း။
နှစ်နိုင်ငံဆက်ဆံရေးမှတ်ကျောက်တင်နိုင်
ယခုကဲ့သို့ မိမိတို့နှစ်နိုင်ငံ ခေါင်းဆောင် နှစ်ဦးက နှစ်နိုင်ငံသံတမန်ဆက်ဆံရေး နှစ်(၇၀) ပြည့်မြောက်သည့် အထိမ်းအမှတ် အခမ်းအနားကို ဖွင့်လှစ်ပေးခြင်းသည် နှစ်နိုင်ငံ အကြား နက်ရှိုင်းသည့် ချစ်ကြည်ရင်းနှီးမှုကို ပြသရုံသာမက ၂၀၂၀ ပြည့်နှစ်သည် နှစ်နိုင်ငံ ဆက်ဆံရေးသမိုင်းတွင် အလွန်အရေးပါသည် ကို မှတ်ကျောက်တင်နိုင်မည်ဖြစ်ကြောင်း။
ထိုသို့ ဂုဏ်သရေရှိထူးခြားသော အချိန် အခါတွင် အဆွေတော်သမ္မတကြီးနှင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံမှ ဂုဏ်သရေရှိ ကိုယ်စား လှယ် အဖွဲ့ဝင်ဧည့်သည်တော်များအား မိမိတို့ နိုင်ငံကို လာရောက်ရန်ဖိတ်ခေါ်ကြိုဆိုခွင့်ရရှိသည့်အတွက် များစွာဝမ်းမြောက်မိပါကြောင်း။
ယခုအချိန်သည် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေးနှစ် (၇၀)ပြည့်အခါသမယဖြစ်သည့် အတွက် ယခုခရီးစဉ်သည် မြန်မာ-တရုတ် နှစ်နိုင်ငံဆက်ဆံရေးအဆင့်သစ် တစ်ဆင့်ကို တိုးမြှင့်ရောက်ရှိစေပြီး ပူးပေါင်းဆောင်ရွက်မှု များကို အရှိန်အဟုန်တိုးမြှင့်ပေးနိုင်မည့် အရေးကြီးခရီးစဉ်တစ်ရပ်ဖြစ်သည်ဟု မှတ်ယူ ပါကြောင်း။
၂၀၁၉ ခုနှစ်အတွင်း၌ တရုတ်ပြည်သူ့ သမ္မတနိုင်ငံထူထောင်ခြင်း နှစ်(၇၀) ပြည့်မြောက်ခဲ့ချိန်တွင် တရုတ်နိုင်ငံသည် ဘက်ပေါင်းစုံတွင် ဖွံ့ဖြိုးတိုးတက်အောင်မြင်မှုများ ရရှိနေပြီဖြစ်ပါကြောင်း၊ အဆွေတော် သမ္မတကြီးပြောသကဲ့သို့ တရုတ်ပြည်သူ့သမ္မတ နိုင်ငံအနေဖြင့် ခေတ်သစ်သို့ အောင်မြင်စွာ ချင်းနင်းဝင်ရောက်ခဲ့ပြီ ဖြစ်ပါကြောင်း။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ အနေဖြင့် နိုင်ငံတော်ပြန်လည်ဆန်းသစ်ရေးနှင့် ကမ္ဘာ့ နိုင်ငံများနှင့်အတူ လူသားမျိုးနွယ်အားလုံး အတွက် အေးအတူပူအမျှ အသိုက်အဝန်းများ တည်ဆောက်နိုင်ရေးတို့အတွက် ဆောင်ရွက် နေခြင်းများသည် မွန်မြတ်သော ရည်မှန်းချက် ကြောင့် အောင်မြင်မည်ဟုယုံကြည်ပါကြောင်း။
ထို့အတူ အဆွေတော်သမ္မတကြီး၏ ဦးဆောင်မှုနှင့်အတူ တရုတ်ပြည်သူ့သမ္မတ နိုင်ငံနှင့် ပြည်သူများအနေဖြင့် နိုင်ငံ၏ ရာပြည့် ပန်းတိုင်နှစ်ခုရည်မှန်းချက်ကို ဖော်ဆောင် လျက်ရှိသည်ကိုလည်း အောင်မြင်မည်ဟု အပြည့်အဝယုံကြည်ထားပါကြောင်း။
ရာစုနှစ်ပေါင်းများစွာကူးလူးဆက်သွယ်
မိမိတို့၏ ချစ်ကြည်ရင်းနှီးသည့်သမိုင်း ကြောင်းကို ပြန်လည်ကြည့်ရှုကြမည်ဆိုပါက လွန်ခဲ့သော ရာစုနှစ်ပေါင်းများစွာကတည်းက နှစ်နိုင်ငံအကြား၊ ပြည်သူများအကြား ကူးလူး ဆက်သွယ်မှုများရှိကြပါကြောင်း၊ အထူးသဖြင့် တရုတ်နိုင်ငံ ထန်မင်းဆက်လက်ထက်၊ မိမိတို့ နိုင်ငံ ပျူခေတ်ကတည်းက အဆင့်မြင့်ကိုယ်စား လှယ်အဖွဲ့များ ကူးလူးဆက်ဆံမှုရှိခဲ့သည်ကို ထင်ရှားသည့် သမိုင်းအထောက်အထားများ ရှိခဲ့ပါကြောင်း။
မိမိတို့နှစ်နိုင်ငံသည် ရှည်လျားစွာ နယ်နိမိတ်ချင်းထိစပ်လျက်ရှိပြီး နှစ်နိုင်ငံ ပြည်သူများအကြား ညီအစ်ကိုမောင်နှမများ ပမာ ကာလရှည်ကြာစွာ နီးစပ်မှု၊ ရင်းနှီးမှုများ ရှိကြပါကြောင်း၊ ထိုသို့ရင်းနှီးသောဆက်နွှယ်မှု များကို တရုတ်ခေါင်းဆောင်ကြီးတစ်ဦး ဖြစ်သည့် မာရှယ်ချိန်ယိကိုယ်တိုင်စပ်ဆိုခဲ့သော ကဗျာထဲကစာသားကဲ့သို့“ကျွန်ုပ်က မြစ်ညာမှာ နေ၍၊ အဆွေက မြစ်ခြေမှာနေကာ တစ်ရေ တည်းကိုသောက်ကြတဲ့” (ဝေါ်ကျုကျန်း ကျစ်ထို၊ နင်ကျုကျန်းကျစ်ဝေ၊ ကုန့်ယင်အိ ကျန်းရွှေ) ဆွေမျိုးပေါက်ဖော်များ ဖြစ်ကြ ပါကြောင်း။
မြန်မာနိုင်ငံသည် ၁၉၄၉ ခုနှစ် တရုတ် ပြည်သူ့သမ္မတနိုင်ငံအဖြစ် စတင်တည်ထောင် သည့်အချိန်တွင် ပထမဆုံးအသိအမှတ်ပြုသော နိုင်ငံထဲတွင်ပါဝင်ခဲ့သည်ကိုကြည့်လျှင် မြန်မာ နိုင်ငံ၏ မိမိတို့အိမ်နီးချင်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံအပေါ်တွင် များစွာအလေးထား သည်ကို တွေ့မြင်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့ နှစ်နိုင်ငံ ၁၉၅၀ ပြည့်နှစ် ဇွန်လ(၈)ရက်တွင် သံတမန်ဆက်ဆံရေးထူထောင်ခဲ့ပြီးနောက် နှစ်နိုင်ငံခေါင်းဆောင်များအကြား ချစ်ကြည် ရေးခရီးစဉ်များ အပြန်အလှန်သွားရောက်ခဲ့ ကြခြင်းသည် နှစ်နိုင်ငံ ဆက်ဆံရေးသမိုင်း ကြောင်းတွင်ထူးခြားသော ဝိသေသလက္ခဏာ တစ်ခုဖြစ်ကြောင်း။
ကမ္ဘာက နိုင်ငံတကာဆက်ဆံရေးတွင် စံနမူနာယူစရာတစ်ခုဖြစ်သည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ရပ်ကိုလည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ချူအင်လိုင်း၏ ၁၉၅၄ ခုနှစ် ဇွန်လတွင် လာရောက်ခဲ့သည့် မြန်မာနိုင်ငံခရီးစဉ်တွင် ပူးတွဲကြေညာချက်ထုတ်ပြန်နိုင်ခဲ့ပါကြောင်း၊ ထိုမူကြီးများကိုအခြေခံ၍ နှစ်နိုင်ငံနယ်နိမိတ် ပြဿနာများကို အဖြေရှာခဲ့ပြီး ၁၉၆၀ ပြည့်နှစ် တွင် နယ်နိမိတ်စာချုပ်များ ချုပ်ဆိုနိုင်ခဲ့ပါ ကြောင်း၊ ထိုသို့ချုပ်ဆိုနိုင်ခဲ့ခြင်းသည် နှစ်ဖက် ခေါင်းဆောင်များ၏ အပြန်အလှန်လေးစားမှု၊ အပြန်အလှန်နားလည်မှု၊ ၎င်းတို့၏ အမြော် အမြင်နှင့် မှန်ကန်သောဆုံးဖြတ်ဆောင်ရွက်ခဲ့မှုများကြောင့် ဖြစ်ပါကြောင်း။
ဘက်စုံမဟာဗျူဟာမြောက်ပူးပေါင်း
ထိုမူကြီး (၅) ရပ်ကို အခြေခံတည်ဆောက် ခဲ့သည့် မိမိတို့နှစ်နိုင်ငံဆက်ဆံရေးသည် ပိုမိုခိုင်မာတိုးတက်လာခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် မိမိတို့နှစ်နိုင်ငံအကြား ဆက်ဆံရေးကို ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးအဆင့်ကို တိုးမြှင့်နိုင်ခဲ့ ပါကြောင်း။
မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး နှစ်(၇၀)ကာလကို ပြန်ပြောင်းကြည့်မည် ဆိုပါက နှစ်နိုင်ငံ ခေါင်းဆောင်များအချင်းချင်း၊ အစိုးရအချင်းချင်းနှင့် ပြည်သူများအချင်းချင်း ဆက်ဆံရေးသည် စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ခဲ့ပါကြောင်း၊ ကဏ္ဍစုံပူးပေါင်း ဆောင်ရွက်မှုများ အစဉ်တစိုက်ဖွံ့ဖြိုးတိုးတက် ခဲ့ပြီး နှစ်နိုင်ငံအကြား အပြန်အလှန်ယုံကြည်မှု နှင့် ထောက်ခံမှုများ တိုးတက်ဖြစ်ထွန်းခဲ့ ပါကြောင်း။
ယခုဆိုလျှင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်းများတွင် နှစ်နိုင်ငံ၏ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု များ ပိုမိုတိုးတက်လာခဲ့သည်ကို မျက်ဝါး ထင်ထင် တွေ့မြင်နေရပါကြောင်း၊ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းသည် နှစ်နိုင်ငံ အတူတကွ ဖွံ့ဖြိုးတိုးတက်ရန်နှင့် ပြည်သူများအကျိုး အတွက် အခွင့်အလမ်းများ များစွာယူဆောင် လာခြင်းဖြစ်သည်ဟု ယုံကြည်ပါကြောင်း။
မိမိတို့နှစ်နိုင်ငံသည် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာများတွင် နှစ်နိုင်ငံ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး တစ်နိုင်ငံ၏ အဓိကအကျိုးစီးပွားများတွင် အပြန်အလှန်ထောက်ပံ့မှုများ ပြုလုပ်ကြခြင်း သည် နှစ်နိုင်ငံအကြား နီးကပ်မှုနှင့် ချစ်ကြည် ရင်းနှီးမှုတို့ကို ပြသလျက်ရှိပါကြောင်း။
မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် မိတ်ဆွေ တရုတ် ပြည်သူ့သမ္မတနိုင်ငံက အစဉ်အမြဲထောက်ပံ့ ကူညီနေသည့်အတွက် ကျေးဇူးတင်ရှိပါ ကြောင်း။
ယခုအဆွေတော်၏ မြန်မာနိုင်ငံခရီးစဉ် သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတအဖြစ် တာဝန်ထမ်းဆောင်သောအချိန်မှစ၍ မြန်မာ နိုင်ငံကိုလာရောက်သည့် ပထမဦးဆုံးခရီးစဉ် ဖြစ်ပါကြောင်း။
အဆွေတော်၏ခရီးစဉ်သည် ၁၉ နှစ် အတွင်း တရုတ်သမ္မတတစ်ဦးအနေဖြင့် ပြန်လည်လာရောက်ခြင်းဖြစ်ပြီး မိမိတို့နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်မှု နှစ်(၇၀) ပြည့် အချိန်ကာလလည်းဖြစ်သည့်အတွက် အဆွေတော်၏ ယခုခရီးစဉ်သည် နှစ်နိုင်ငံ ဆက်ဆံရေးတွင် သမိုင်းမှတ်ကျောက်တင်ရ မည့် ခရီးစဉ်တစ်ခုဖြစ်ပါကြောင်း။
ထို့ကြောင့် အဆွေတော်၏ ခရီးစဉ်သည်မိမိတို့နှစ်နိုင်ငံအကြားတွင် ကာလရှည်ကြာစွာ တည်ရှိနေသည့် ဆွေမျိုးပေါက်ဖော်ချစ်ကြည် ရင်းနှီးမှုကို ကမ္ဘာကသိအောင် ပြသနိုင်လိုက် ခြင်းဖြစ်ပါကြောင်း။
အဆွေတော်၏ခရီးစဉ်သည် နှစ်နိုင်ငံ ပြည်သူများ၏ လူမှုစီးပွားဘဝတိုးမြှင့်နိုင်ရေး အတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းများ၊ ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်အဟုန်တိုးမြှင့်အောင် တွန်းအားဖြစ်စေနိုင်မည်ဖြစ်ကြောင်း၊ ထိုအရာများသည် နှစ်နိုင်ငံ နှစ်(၇၀)ပြည့် သံတမန်ဆက်ဆံရေး၏ အောင်မြင်မှုအထိမ်းအမှတ်များပင် ဖြစ်ပါ ကြောင်း။
နှစ်နိုင်ငံဆက်ဆံရေးပိုမိုနက်ရှိုင်း
ထို့ပြင် ၂၀၂၀ ပြည့်နှစ် တစ်နှစ်ပတ်လုံးတွင် မြန်မာ-တရုတ် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး အထိမ်းအမှတ်အဖြစ် နိုင်ငံရေးနှင့်လုံခြုံရေး၊ စီးပွားရေးနှင့်ကုန်သွယ်ရေး၊ ခရီးသွားလာရေး၊ သာသနာရေး၊ ယဉ်ကျေးမှုနှင့်အားကစား၊ ရုပ်မြင်သံကြား၊ သတင်းနှင့်ထုတ်ဝေရေး၊ သိပ္ပံနည်းပညာနှင့်ကျန်းမာရေး၊ ပညာရေးနှင့် လေ့ကျင့်ရေး၊ လူငယ်နှင့် အမျိုးသမီး၊ အသိပညာရှင်များအဖွဲ့ စသည့်ကဏ္ဍ (၁၁) ရပ် တွင် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး နှစ် (၇၀)ပြည့် အထိမ်းအမှတ်အစီအစဉ်များကို နှစ်စဉ် စည်ကားသိုက်မြိုက်စွာ ပူးတွဲကျင်းပသွားမည် ဖြစ်ကြောင်း၊ ထိုသို့ကျင်းပခြင်းသည် နှစ်နိုင်ငံ ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုပိုမို ခိုင်မြဲစေမည်ဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေး ကိုလည်း ပိုမိုနက်ရှိုင်းစေမည် ဖြစ်ပါကြောင်း။
ယခုကဲ့သို့ မင်္ဂလာအပေါင်းနှင့်ပြည့်စုံသည့် မြန်မာ-တရုတ် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး နှစ်(၇၀)ပြည့်မြောက်သည့် အထိမ်းအမှတ် မှသည် မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံတို့၏ နှစ်နိုင်ငံဆက်ဆံရေး အဓွန့်ရှည် ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုပါ ကြောင်း။
မိမိတို့အနေဖြင့် ယခုထက်မက ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုတိုးတက်မြင့်မားလာ စေရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည် ကို ထပ်လောင်းပြောကြားလိုပါကြောင်း၊ တစ်ဆက်တည်းတွင် အဆွေတော် သမ္မတ ကြီး၏ခရီးစဉ် အောင်မြင်ပါစေဟု ဆုမွန်ကောင်း တောင်းအပ်ပါကြောင်း ပြောကြားသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ယခုလို ၂၀၂၀ ပြည့် နှစ် နှစ်ဦးပိုင်းတွင် အဆွေတော် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတကြီး၏ ပထမဆုံး ပြည်ပ ခရီးစဉ်သည် မြန်မာနိုင်ငံဖြစ်သည့်အတွက် အထူးဝမ်းမြောက်ပါကြောင်း၊ ယခုခရီးစဉ်သည် တရုတ်နိုင်ငံ၏ အိမ်နီးချင်းသံတမန်ဆက်ဆံရေး မူဝါဒအပေါ် များစွာအလေးထားမှုနှင့် သဟဇာတဖြစ်မှုကို ပေါ်လွင်စေပါကြောင်း။
ထို့အပြင် နှစ်နိုင်ငံသံတမန်ဆက်ဆံမှု နှစ်(၇၀) ပြည့်မြောက်သည့် အထိမ်းအမှတ် အခမ်းအနားကို နှစ်ဖက်နိုင်ငံ့ခေါင်းဆောင် များက အတူတကွကျင်းပခွင့်ရခြင်းသည် နှစ်နိုင်ငံဆက်ဆံရေးသမိုင်းတွင် အလွန် ထူးခြားသည့်မှတ်တိုင်တစ်ခုကို စိုက်ထူလိုက် နိုင်ခြင်း ဖြစ်ပါကြောင်း။
ကမ္ဘာ့စီးပွားရေးတွင် အရေးပါသောနိုင်ငံ
လွန်ခဲ့သောအနှစ် (၄၀) ကစ၍ ပြုပြင် ပြောင်းလဲရေးနှင့် တံခါးဖွင့်မူဝါဒကို ကျင့်သုံး ခဲ့ပြီး ယနေ့တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ကမ္ဘာတွင်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အလျင်မြန်ဆုံးနှင့် ဒုတိယစီးပွားရေးအင်အား ကြီးနိုင်ငံတစ်အခုအဖြစ် ရောက်ရှိနိုင်ခဲ့ပြီဖြစ်ပါ ကြောင်း၊ ယခုနိုင်ငံတကာအရေးကိစ္စများနှင့် ကမ္ဘာ့စီးပွားရေးတွင် အရေးပါသော နိုင်ငံကြီး တစ်နိုင်ငံအဖြစ် ဝင့်ကြွားစွာရပ်တည်လျက်ရှိ သည့်အပေါ် အိမ်နီးချင်းမိတ်ဆွေ နိုင်ငံတစ်နိုင်ငံ ဖြစ်သော မြန်မာနိုင်ငံအနေဖြင့် ဝမ်းမြောက်မိပါ ကြောင်း။
အဆွေတော်သမ္မတကြီး၏ ဦးဆောင်မှု အောက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ရာပြည့်ပန်းတိုင်နှစ်ခု (The Two Centenary Goals) ရည်မှန်းချက်ကို အောင်မြင်စွာ ဖော်ဆောင်နိုင်မည်ဟု အပြည့်အဝယုံကြည် ပါကြောင်း။
ယခုလို အရှိန်အဟုန်နှင့် ဖွံ့ဖြိုးတိုးတက်မှု များကို ကမ္ဘာ့နိုင်ငံအများအပြားနှင့် မျှဝေခံစား နိုင်ရန်၊ အကျိုးတူပူးပေါင်းဆောင်ရွက်မှုများ ကို ခိုင်မာအောင် တည်ဆောက်နိုင်ရန် သမ္မတကြီး မစ္စတာရှီကျင့်ဖျင် ဦးဆောင်မှုနှင့် အကောင်အထည်ဖော်လျက်ရှိသည့် ရပ်ဝန်း နှင့်ပိုးလမ်းမစီမံကိန်းကြီး၊ နိုင်ငံတော်ပြန်လည် ဆန်းသစ်ရေး (National Rejuvenation) ၊ ကမ္ဘာ့နိုင်ငံများနှင့်အတူ လူသားအားလုံး အတွက် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်နိုင်ရေး (Building a comm-unity with a shared future for mankind) တို့သည် ကမ္ဘာကြီးအတွက်အပြုသဘော ဆောင်သည့် ဖွံ့ဖြိုးတိုးတက်မှုသစ်များကို ဆောင်ကြဉ်းပေးနိုင်မည်ဟု မျှော်လင့်ယုံကြည် ပါကြောင်း။
နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင် ခဲ့သည့် ၁၉၅၀ ပြည့်နှစ် ဇွန်လ ၈ ရက်မှစ၍ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို တဖြည်းဖြည်းချင်း ပိုမိုခိုင်မာ တိုးတက်လာစေလျက်ရှိခဲ့ပါကြောင်း၊ ယခုလို တိုးတက်ခိုင်မာလာခဲ့ရာတွင် ဆွေမျိုး ပေါက်ဖော်ချစ်ကြည်ရင်းနှီးမှု နှစ်နိုင်ငံ ဆက်ဆံရေး အဆင့်ကနေပြီး ၂၀၁၁ ခုနှစ် မှာဆိုရင် ဘက်စုံမဟာဗျူဟာမြောက်ပူးပေါင်း ဆောင်ရွက်ရေး မိတ်ဖက်နိုင်ငံများအဆင့်ကို အောင်မြင်စွာတက်လှမ်းနိုင်ခဲ့ပြီဖြစ်ကြောင်း၊ ထို့အပြင် ယခုအဆွေတော်၏ ခရီးစဉ်တွင် နှစ်နိုင်ငံရှိရင်းစွဲချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာ စေပြီး မြန်မာ-တရုတ် အေးအတူပူအမျှ အသိုက်အဝန်းထူထောင်ရေးအတွက် စတင်လမ်းဖွင့်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း။
မြန်မာ-တရုတ်နှစ်နိုင်ငံ၏ ဆက်ဆံရေး တွင် တခြားနိုင်ငံများနှင့်မတူ ထူးခြားသည့် အချက်တစ်ချက်မှာ ရှည်လျားသော နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည့် အိမ်နီးချင်း နိုင်ငံများ ဖြစ်ခြင်းဖြစ်ပါကြောင်း၊ အိမ်နီးချင်း နိုင်ငံဆိုသည်မှာ ရွေးချယ်၍မရဘဲ ကမ္ဘာတည် သရွေ့ အတူတကွ တည်ရှိနေမည်ဖြစ်သည်ကို အထူးပြောစရာမလိုပါကြောင်း။
အစိုးရအဆက်ဆက်ထိန်းသိမ်း
မြန်မာပြည်တွင် နိုင်ငံရေးစနစ်များ မည်သို့ပင်ပြောင်းလဲခဲ့စေကာမူ အိမ်နီးချင်း နိုင်ငံတစ်နိုင်ငံဖြစ်သော တရုတ်နိုင်ငံနှင့် ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကိုအစိုးရ အဆက်ဆက်က ထိန်းသိမ်းခဲ့ပြီး တိုးတက် ခိုင်မာအောင်ဆောင်ရွက်နိုင်ခဲ့ကြပါကြောင်း။
နှစ်နိုင်ငံအတူတကွ ချမှတ်ခဲ့သည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ရပ်နှင့်အညီ ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးသည် ပိုမိုတိုးတက်လာ သကဲ့သို့ ကဏ္ဍစုံအကျိုးတူ ပူးပေါင်းဆောင်ရွက် မှုများကိုလည်း ပိုမိုကျယ်ပြန့်နက်ရှိုင်းအောင် ဆောင်ရွက်နိုင်ခဲ့သည့်အပေါ် အားရကျေနပ်မိပါ ကြောင်း။
ယခုအဆွေတော်၏ ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်းကြီးတွင်ပါဝင်သည့် မြန်မာ-တရုတ် စီးပွားရေးစင်္ကြံစီမံကိန်းအပါအဝင် နှစ်နိုင်ငံ အကြား အခြားလက်တွေ့ကျသည့် ပူးပေါင်း ဆောင်ရွက်မှုများကို ဖော်ဆောင်နေပြီး နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုသည် အကောင်းဆုံးအနေအထားကို ရောက်ရှိနေပြီ ဖြစ်ပါကြောင်း။
အနာဂတ်တွင် မြန်မာ-တရုတ် စီးပွားရေး စင်္ကြံနှင့် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းကြီး၏ အောင်မြင်မှုများက ကျွန်မတို့နှင့် နှစ်နိုင်ငံ ပြည်သူများ၏ အကျိုးစီးပွားအတွက် အပြု သဘောရလဒ်ကောင်းများကို ပိုမိုဖော်ဆောင် ပေးသွားနိုင်မည်ဟု ယုံကြည်ပါကြောင်း။
အဆိုပါ စီမံကိန်းများအောင်မြင်ရေး အတွက် အဓိကသော့ချက်မှာ အပြန်အလှန် နားလည်မှု၊ လေးစားမှုကိုအခြေခံပြီး ကောင်းမွန်သည့် ပြည်သူချင်းထိတွေ့ဆက်ဆံ ရေးနှင့် တည်ငြိမ်အေးချမ်းသော ပတ်ဝန်းကျင် တစ်ရပ်ဖန်တီးပေးရေး ဖြစ်ပါကြောင်း။
ထို့ပြင် ယင်းစီမံကိန်းများ အကောင် အထည်ဖော်ရာတွင် နှစ်နိုင်ငံ၏ မဟာဗျူဟာ မြောက် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ဦးစားပေးစီမံကိန်းများနှင့် ကိုက်ညီမှုရှိရန်နှင့် သဘာဝပတ်ဝန်းကျင်မထိခိုက်ရေး၊ ပြည်သူ များ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် အထောက်အကူပြုရေးတို့အတွက် အထူး အလေးထားရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ အဆွေတော်သမ္မတကြီးအနေဖြင့် ယင်းသို့ပင် ခံယူထားမည်ဟု ယုံကြည်ပါကြောင်း။
ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးသည် တစ်ခုနှင့် တစ်ခု ချိတ်ဆက်နေခြင်းဖြစ်၍ မြန်မာ-တရုတ် ပူးပေါင်းဆောင်ရွက်လျက်ရှိ သည့်စီမံကိန်းများ ပိုမိုအောင်မြင်ရန်အတွက် နှစ်နိုင်ငံနယ်စပ်ဒေသများ တည်ငြိမ်အေးချမ်း ရန်လည်း အထူးလိုအပ်ပါကြောင်း။
အိမ်နီးချင်းကောင်းပီပီ နားလည်မှုရှိ
တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးလုပ်ငန်းစဉ်နှင့် ဖွံ့ဖြိုးတိုးတက် ရေးအတွက် အပြုသဘောအကူအညီများ ပေးအပ်လျက်ရှိသည့်အပေါ် များစွာတန်ဖိုး ထားပါကြောင်း၊ ယင်းလုပ်ငန်းစဉ်များ အကောင်အထည်ဖော်နေသည့် အသွင် ကူးပြောင်းရေးကာလတွင် မြန်မာနိုင်ငံအပေါ် အိမ်နီးချင်းကောင်းပီပီ နားလည်မှုရှိစွာဖြင့် အပြုသဘော ရပ်တည်ပေးလျက်ရှိသည့် အတွက် တရုတ်အစိုးရနှင့် ပြည်သူများကို မြန်မာအစိုးရနှင့် ပြည်သူများကိုယ်စား လှိုက်လှဲစွာကျေးဇူးတင်ရှိသည်ဟု ပြောကြား လိုပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ အဓိက အကျိုးစီးပွားတစ်ခုဖြစ်သော “တရုတ် တစ်နိုင်ငံတည်းမူဝါဒ” ကို အစဉ်တစိုက် ဆက်လက် ထောက်ခံရပ်တည်သွားမည် ဖြစ်ကြောင်းကို ထပ်လောင်းအတည်ပြု ပြောကြားလိုပါကြောင်း။
ပြည်သူများအချင်းချင်း ထိတွေ့ဆက်ဆံမှု သည် နိုင်ငံများအကြားချစ်ကြည်ရင်းနှီးမှု ထွန်းကားရှင်သန်ရေးအတွက် အခြေခံ ကျသည့် အချက်တစ်ချက်ဖြစ်သည်ကို
မိမိအမြဲတမ်းပြောကြားလေ့ရှိပါကြောင်း၊ ယခု လို ထိတွေ့ဆက်ဆံမှုများမှတစ်ဆင့် ရင်းနှီးမှု နှင့် နားလည်မှုများပိုမိုရရှိပြီး နှစ်နိုင်ငံဆက်ဆံ ရေး ရေရှည်ခိုင်မာစေမည်ဖြစ်ပါကြောင်း၊ ပြည်သူအချင်းချင်း နားလည်မှုရှိခြင်း၊ ချစ်ကြည်ရင်းနှီးမှုရှိခြင်းသည် နှစ်နိုင်ငံဆက်ဆံ ရေးကို များစွာအထောက်အကူဖြစ်စေသည့် အတွက် ပြည်သူချင်းဆက်ဆံရေးကို ပိုမိုခိုင်မာ အောင် တည်ဆောက်ရန် လိုအပ်ပါကြောင်း။
ထိတွေ့မှုပိုမိုတိုးတက်စေ
ထို့ကြောင့် ၂၀၂၀ ပြည့်နှစ်ကို မြန်မာ- တရုတ်ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးနှစ် အဖြစ် သတ်မှတ်ဖော်ဆောင်ခြင်းသည် နှစ်နိုင်ငံပြည်သူချင်းထိတွေ့မှုများ ပိုမိုတိုးတက် စေမည်ဖြစ်သည့်အတွက် အားရကျေနပ်ပါ ကြောင်း။
အဆွေတော်သမ္မတကြီး၏ ခရီးစဉ်သည် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက် ရေးတွင် စာမျက်နှာသစ်တစ်ခုဖွင့်လှစ်နိုင်ခဲ့ သည့် အရေးကြီးခရီးစဉ်တစ်ရပ်ဖြစ်သည်ဟု ထပ်လောင်းပြောကြားလိုပါကြောင်း၊ မြန်မာ-တရုတ် နှစ်နိုင်ငံသံတမန်ဆက်သွယ်မှု တည်ထောင်သောနှစ် (၇၀) ပြည့် အထိမ်း အမှတ်အခမ်းအနားများနှင့် မြန်မာ-တရုတ် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးနှစ် အစီအစဉ် များကို တစ်နှစ်ပတ်လုံး အောင်မြင်စွာကျင်းပ သွားနိုင်ရန် ဆုမွန်ကောင်းတောင်းအပ်ပါ ကြောင်း။
ဆုမွန်ကောင်းတောင်း
ယခုလိုကောင်းမြတ်သော အခါသမယ တွင် မြန်မာ-တရုတ် နှစ်နိုင်ငံချစ်ကြည်ရေး သည် သားစဉ်မြေးဆက်တိုင်အောင် အဓွန့် ရှည်ပါစေကြောင်းနှင့် မြန်မာ-တရုတ် အေးအတူပူအမျှ အသိုက်အဝန်းအောင်မြင်စွာ အကောင်အထည် ဖော်နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါကြောင်း ပြောကြားသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင် က သမ္မတကြီး ဦးဝင်းမြင့် နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့က မိန့်ခွန်းများကို လှိုက်လှဲစွာပြောကြားခဲ့ပါကြောင်း၊ ဆက်လက် ပြီး မိမိတို့အတူတကွ တရုတ် - မြန်မာ သံတမန် ဆက်ဆံရေး နှစ် (၇၀) ပြည့် အထိမ်းအမှတ် အခမ်းအနားနှင့် တရုတ် - မြန်မာယဉ်ကျေးမှု နှင့် ခရီးသွားလာရေးနှစ်ကို စတင်တော့မည် ဖြစ်ကြောင်း၊ ယင်းသည် တရုတ် - မြန်မာ ချစ်ကြည်ရင်းနှီးစွာ သွားလာဆက်ဆံသည့် ထွန်းပြောင်သော သမိုင်းကြောင်းတွင် အရေးပါ သည့် မှတ်တိုင်ဖြစ်ပြီး နှစ်နိုင်ငံပြည်သူများ အတူဆင်နွှဲရမည့် ကိစ္စရပ်ကြီးလည်းဖြစ် ကြောင်း၊ ယင်းသမိုင်းဝင်အချိန်ကာလကို အားလုံးနှင့်အတူ သက်သေထူရသည့်အတွက် မိမိအနေဖြင့် အလွန်ဝမ်းမြောက်မိပါကြောင်း။
ယဉ်ကျေးမှုချင်းဆက်နွှယ်
တရုတ် - မြန်မာ ယဉ်ကျေးမှုတွင် “ရှေးရေစက်” ကို ယုံကြည်ကြပါကြောင်း၊ နှစ်နိုင်ငံသည် ပထဝီတည်နေရာချင်းနီးကပ်ပြီး ပြည်သူချင်း ချစ်ခင်ရင်းနှီးကာ ယဉ်ကျေးမှု ချင်းလည်း ဆက်နွှယ်နေပါကြောင်း၊ ဆွေမျိုး ပေါက်ဖော်ချစ်ကြည်ရေးသည် နှစ်ပေါင်း ထောင်ချီ တည်တံ့ခိုင်မြဲလျက်ရှိပါကြောင်း၊ ယင်းသည် နှစ်ဦးနှစ်ဖက်ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ခွန်အားနှင့် ဇာစ်မြစ်ဖြစ်ပါ ကြောင်း၊ နှစ်ဦးနှစ်ဖက်သံတမန်ဆက်ဆံရေး အထိမ်းအမှတ်အခမ်းအနားများ အောင်မြင်စွာ ကျင်းပခြင်းဖြင့် ယဉ်ကျေးမှုအပြန်အလှန် ဖလှယ်မှုများမြှင့်တင်ပြီး နှစ်နိုင်ငံပြည်သူ အကြား ကူးလူးဆက်ဆံမှုများကို ပိုမိုနက်ရှိုင်း စေမည်ဖြစ်ပါကြောင်း၊ နှစ်နိုင်ငံပြည်သူများ အတွက် လက်တွေ့ကျသည့်လုပ်ငန်းများ၊ ကောင်းမွန်သောကိစ္စရပ်များ ပိုမိုဆောင်ရွက်၍ တရုတ် - မြန်မာချစ်ကြည်ရေး လုပ်ငန်းများ အတွက် ပါဝင်သူများ၊ အကျိုးခံစားရသူများ၊ ထောက်ခံအားပေးသူများ ပိုမိုမွေးထုတ်ပေးကာ နှစ်နိုင်ငံချစ်ကြည် ရင်းနှီးသည့် လူမှုအခြေခံကို ခိုင်မြဲစွာ တည်ဆောက်ရမည်ဖြစ်ကြောင်း။
အတူတကွရင်ဆိုင်
သမိုင်းကို ဆက်လက်ပုံဖော်နေပါကြောင်း၊ ခေတ်သစ်ကာလတွင် တရုတ် - မြန်မာ ဆက်ဆံရေးကိုမြှင့်တင်ပြီး ရှေးလူကြီးများ၏ လက်ဆင့်ကမ်းမှုများအား အမွေဆက်ခံကာ လမ်းကြောင်းသစ်များကို ဖောက်လုပ်ကြရမည် ဖြစ်ကြောင်း၊ မှန်ကန်သည့်လမ်းကြောင်းကို ဆက်လက်ထိန်းသိမ်းပြီး ဆန်းသစ်တီထွင်မှုကို ဖော်ဆောင်ရမည်ဖြစ်ကြောင်း၊ ယခုအကြိမ် ခရီးစဉ်ကို “စမှတ်” အဖြစ် သတ်မှတ်ပြီး တရုတ်-မြန်မာ အေးအတူပူအမျှအသိုက် အဝန်းကို အတူတကွတည်ဆောက်ရန် မိမိနှင့် သမ္မတကြီး ဦးဝင်းမြင့်တို့ တညီတညွတ်တည်း သဘောတူညီခဲ့ကြပါကြောင်း၊ အရေးပါသည့် နိုင်ငံရေးသဘောတူညီချက်သည် တရုတ် - မြန်မာ နှစ်နိုင်ငံရင်းနှီးနွေးထွေးသော အေးအတူပူအမျှ ထူးခြားသည့်ဆက်ဆံရေး ကို နက်နက်ရှိုင်းရှိုင်း ပုံဖော်နေပါကြောင်း၊ နှစ်နိုင်ငံပြည်သူများ၏ အခက်အခဲကို အတူ တကွရင်ဆိုင်ကြသည့် အပြန်အလှန်အကူ အညီပေးအပ်ကြသော ညီအစ်ကိုမောင်နှမ သံယောဇဉ်ကို သက်ဝင်လှုပ်ရှားစွာထင်ဟပ် စေပြီး နှစ်ဦးနှစ်ဖက်ဆက်ဆံရေး၏ အနာဂတ် လမ်းပြမြေပုံသစ်ကို ဘက်စုံရေးဆွဲနေပြီဖြစ်ပါ ကြောင်း။
မိမိသည် တရုတ် - မြန်မာ သံတမန် ဆက်ဆံရေးနှစ် (၇၀)ပြည့် အထိမ်းအမှတ် ဓာတ်ပုံပြပွဲကို လှည့်လည်ကြည့်ရှုခဲ့ပါကြောင်း၊ ယင်းတွင် ဝန်ကြီးချုပ် ချူအင်လိုင်း ၁၉၅၄ ခုနှစ် ဇွန်လ ၂၈ ရက်မှ ၂၉ ရက်အထိ မြန်မာနိုင်ငံကို လာရောက်ခဲ့သည့် ခရီးစဉ်မှတ်တမ်းဓာတ်ပုံ တစ်ပုံကို တွေ့လိုက်ပါကြောင်း၊ ထိုအချိန်က တရုတ်၊ အိန္ဒိယ၊ မြန်မာနိုင်ငံတို့ အသီးသီး ပူးတွဲကြေညာချက်ထုတ်ပြန်ပြီး ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅)ရပ်ကို အတူ တကွ အဆိုပြုခဲ့ကြပါကြောင်း၊ ယင်းသည် နိုင်ငံတကာဆက်ဆံရေးသမိုင်းတွင် အရေးပါ လှသည့် ဖြစ်စဉ်တစ်ရပ်ဖြစ်ပါကြောင်း။
ယနေ့ကမ္ဘာကြီးသည် နှစ်တစ်ရာအတွင်း မရှိခဲ့ဖူးသည့် ပြောင်းလဲမှုကြီးများနှင့် ကြုံတွေ့ နေရပါကြောင်း၊ နိုင်ငံတကာအသိုင်းအဝိုင်း သည် တစ်ဦးနှင့် တစ်ဦးအပြန်အလှန် ဆက်နွှယ်နေသော အေးအတူပူအမျှ အသိုက် အဝန်းအဖြစ် တစ်နေ့တခြား ဖြစ်ပေါ်လာ နေပါကြောင်း၊ သို့သော် နိုင်ငံတကာ ဆက်ဆံရေးတွင် တရားမျှတမှု၊ တန်းတူညီမျှမှု မရှိသည့် လက္ခဏာများလည်း သိသိသာသာ ပေါ်ပေါက်နေဆဲဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေး ထိန်းသိမ်းခြင်း၊ အတူတကွဖွံ့ဖြိုးတိုးတက်ရန် တွန်းအားပေးခြင်းတို့သည် တာဝန် ကြီးလေး လှပြီး ခရီးဝေးလံနေဆဲဖြစ်ပါကြောင်း၊ အခြေ အနေသစ်တွင် ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေးမူကြီး (၅) ရပ်သည် ခေတ်နောက်ကျ မှုမရှိရုံသာမက ကာလကြာရှည်စွာသစ်လွင် နေဆဲ ဖြစ်ပါကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်အတူ ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေးမူကြီး (၅) ရပ်ကို ပြန့်ပွားစေပြီး လက်တွေ့ကျင့်သုံးသည့် စံနမူနာအဖြစ် ဆောင်ရွက်ရန်၊ နိုင်ငံအချင်းချင်း ကူးလူး ဆက်ဆံသည့် စံနမူနာအဖြစ်ရပ်တည်ရန်၊ နိုင်ငံတကာအသိုက်အဝန်းမှ လူသားကံကြမ္မာ တူအသိုက်အဝန်း လက်တွဲ တည်ဆောက်မှုကို တွန်းအားပေးရန်ဆန္ဒရှိပါကြောင်း။
အရှိန်အဟုန်ဖြင့်ချီတက်
၂၀ ရာစု ၆၀ ပြည့်နှစ်ကာလက တရုတ် နိုင်ငံမှ မာရှယ်ချိန်ယိ က “ဆွေမျိုးပေါက်ဖော် သံယောဇဉ်နက်ရှိုင်းနေ၊ မြစ်ရေတစ်သွင်သွင် စီးဆင်းစေ” ဟု ကဗျာစပ်ဆိုခဲ့ပါကြောင်း၊ နှစ်ဦးနှစ်ဖက်၏ အတူတကွကြိုးပမ်းမှု အောက်တွင် တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးစွာ ကူးလူးဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှု များ ဖွံ့ဖြိုးတိုးတက်သော သမိုင်းရေစီးကြောင်း သည် မြစ်ဖျားခံရာတူညီသည့် တရုတ်နိုင်ငံမှ လန်ချန်းမြစ်နှင့် မြန်မာနိုင်ငံမှ ဧရာဝတီမြစ် ကဲ့သို့ တောတောင်အထပ်ထပ်ကို ဖြတ်သန်းပြီး အတားအဆီးများကို ကျော်လွှားကာ ရှေ့သို့ အရှိန်အဟုန်ဖြင့် ဆက်လက်ချီတက်နိုင် လိမ့်မည်ဟု မိမိယုံကြည်ပါကြောင်း၊ နိဂုံးချုပ် အနေဖြင့် တရုတ် - မြန်မာ ချစ်ကြည်ရေး အဓွန့်ရှည်တည်တံ့ပါစေဟု မိမိအနေဖြင့် လေးလေးနက်နက် ဆုမွန်ကောင်းတောင်း လိုက်ပါကြောင်း ပြောကြားသည်။
ဖွင့်လှစ်
ယင်းနောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်တို့က မြန်မာ - တရုတ်နှစ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးနှစ် စတင်ခြင်း အခမ်းအနားကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ် ပေးကြသည်။
ထို့နောက် နှစ်နိုင်ငံယဉ်ကျေးမှုအဖွဲ့ များက မြန်မာ-တရုတ်ချစ်ကြည်ရေးအက၊ ပွဲတော်နေ့မှာ ပျော်ပျော်ရွှင်ရွှင်ဆိုကြစို့အက၊ ကျေးလက်တေးကဗျာအက၊ အလင်္ကာ၊ ရောင်စုံတိမ်တိုက်ပမာလှပသော ယူနန်အက နှင့် စုပေါင်းအကတို့ဖြင့် ဖျော်ဖြေတင်ဆက်ကြ သည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်တို့သည် ဖျော်ဖြေတင်ဆက် ကြသည့် အနုပညာရှင်များအား ဂုဏ်ပြု ပန်းခြင်းပေးအပ်ကြပြီး မှတ်တမ်းတင်ဓာတ်ပုံ ရိုက်သည်။
သတင်းစဉ်