တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပအိုဝ်းငြိမ်းချမ်းရေးအဖွဲ့(PNO) အသွင်ပြောင်း ပြည်သူ့စစ်(ဌာနေ)အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ခမ်းထီနှင့် အဖွဲ့ဝင်များအား လက်ခံတွေ့ဆုံ

 
 
နေပြည်တော် ဇန်နဝါရီ ၁၆
 
 
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပအိုဝ်းငြိမ်းချမ်းရေးအဖွဲ့ (PNO) အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ)အဖွဲ့ဥက္ကဋ္ဌ ဦးအောင် ခမ်းထီနှင့် အဖွဲ့ဝင်များအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံ၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးသည်။
 
 
တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ပအိုဝ်းငြိမ်းချမ်းရေးအဖွဲ့ (PNO) အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ)အဖွဲ့ ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များ တက်ရောက်ကြသည်။
 
 
ကူညီဆောင်ရွက်ပေးသွားမည်
 
ထိုသို့တွေ့ဆုံရာတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပအိုဝ်းဒေသသည် စိုက်ပျိုးရေးကို အခြေခံသော ဒေသတစ်ခုဖြစ်ပြီး လက်ဖက်၊ အာလူး၊ ထောပတ်၊ ကြက်သွန်နှင့် အခြားစိုက်ပျိုးရေးသီးနှံများကို ဒေသခံ အများစုက စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်နိုင်သဖြင့် ခေတ်မီ နည်းစနစ်များ အသုံးပြုကာ စိုက်ပျိုးရေး၊ ကုန်ထုတ် လုပ်ငန်းများ အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်စေလို ကြောင်း၊ တပ်မတော်ကလည်း တတ်နိုင်သမျှ အားပေး ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဒေသထွက်ကုန် ဖြစ်သော အာလူးကို တစ်နိုင်ငံလုံးက နှစ်သက်ကြသဖြင့် ဒေသထွက် အာလူးမျိုးများ သိုလှောင်ထိန်းသိမ်းဖြန့်ချိ နိုင်ရေးအတွက် အအေးခန်းသိုလှောင်သေတ္တာများအား တပ်မတော်မှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပအိုဝ်းတိုင်းရင်းသားများသည် ထေရဝါဒဗုဒ္ဓဘာသာကို နက်နက်ရှိုင်းရှိုင်းအလေးအနက်ထား ကိုးကွယ်ကြသူများ ဖြစ်ပြီး မိမိတို့ဒေသရှိ တန်ခိုးကြီးမွေတော်ကက္ကူဘုရား ကြီးကို ရှေးမူမပျက် ခမ်းနား၊ တင့်တယ်၊ သပ်ရပ်သန့်ရှင်းစွာ ထိန်းသိမ်းပြုပြင် မွမ်းမံခြင်းဖြင့် ဂုဏ်ယူနိုင်မည်ဖြစ်သလို ခရီးသွားဧည့်သည်များကိုလည်း ဆွဲဆောင်နိုင်မည် ဖြစ် ကြောင်း၊ မိမိဒေသသို့ လာရောက်လည်ပတ်သည့် ခရီးသွား များ များပြားလာပါက မိမိဒေသ၏ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းအစဉ်အလာများကို သိရှိသူများပြားလာပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ် နိုင်မည်ဖြစ်ပါကြောင်းနှင့် ဒေသခံပြည်သူလူထုများက လည်း ကြိုးစားအားထုတ်ဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားသည်။
 
 
လိုအပ်ချက်များ တင်ပြဆွေးနွေး
 
ထို့နောက် ပအိုဝ်းငြိမ်းချမ်းရေးအဖွဲ့(PNO) အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ)အဖွဲ့မှ တွဲဖက်အတွင်း ရေးမှူး(၁) ဦးနေဝင်းထွန်းနှင့် အဖွဲ့ဝင်များက ဒေသခံ ပြည်သူလူထုများကို မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးပါဝင်လုပ်ကိုင်ဆောင်ရွက်ပြီး ကြိုးစားအားထုတ် ဆောင်ရွက်ကြရန် တိုက်တွန်းဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးအတွက် သီးနှံမျိုးဓာတ်ခွဲခန်း နှင့် ရေအားလျှပ်စစ် ထုတ်လုပ်နိုင်ရေး လိုအပ်ချက်များအား တင်ပြဆွေးနွေးကြသည်။
 
 
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပအိုဝ်းငြိမ်းချမ်းရေး အဖွဲ့ (PNO) အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ)အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ခမ်းထီနှင့်အဖွဲ့ဝင်များအား လက်ဆောင်ပစ္စည်း များပေးအပ်ပြီး စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြကြောင်း တပ်မတော်ကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။
 
 
သတင်းစဉ်