ဆရာကြီး စည်သူ ဒေါက်တာကျော်စိန်၏ ဘဝနှင့် စာပေ

Type
1

 

ရီဝေဝေလှိုင် (စာပေဗိမာန်)

နိုင်ငံတစ်နိုင်ငံ၏ လူမျိုး၊ ဘာသာ၊ စာပေ၊ ယဉ်ကျေးမှု စသည်တို့သည် ထိုနိုင်ငံ၏ ဂုဏ်ဒြပ်များပင်ဖြစ်သည်။ တန်ဖိုးမဖြတ်နိုင်သော ရတနာများဖြစ်သည်။ ၎င်းတို့ထဲမှ စာပေသည်  တိုင်းပြည်နှင့် လူမျိုး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခရာကျလှသည်။ အဘယ်ကြောင့်ဆိုသော် စာပေသည် လူတို့၏ အသိဉာဏ်ပညာကို ထွန်းလင်းစေနိုင်သော ကြောင့် ဖြစ်သည်။ ထိုစာပေ ရေစီးကြောင်းကြီး အရှိန်အဟုန်မပြတ် ဆက်လက်စီးဆင်းနိုင်စေရန် တာဝန်သည် စာပေရေးသားပြုစုကြသည့် စာပေပညာရှင်များ၊ စာရေးဆရာ များနှင့် စာဖတ်ပရိသတ်များ၏ ပခုံးပေါ်တွင် ကျရောက်နေပေသည်။

 

မြန်မာစာပေဖွံ့ဖြိုးရေး
မြန်မာနိုင်ငံ သမိုင်းစဉ်တစ်လျှောက် ခေတ်အဆက်ဆက်တွင် မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်ခဲ့သည်။  ပုဂံ၊ ပင်းယ၊ အင်းဝ၊   တောင်ငူ၊    ညောင်ရမ်း၊ ကုန်းဘောင်စသဖြင့်   မြန်မာဘုရင်များ လက်ထက်ကတည်းက   ပျို့၊   ရတု၊ ဧချင်း၊ ကာချင်း၊ ရကန် စသည့်ခေတ် အလိုက် ထင်ပေါ်ခေတ်စားသော စာပေ ပုံစံများ တံခွန်စိုက်  ပေါ်ထွန်းခဲ့သည်။ မြန်မာဘုရင်များ ကိုယ်တိုင်ကလည်း စာဆိုတော်များကို ချီးမြှင့်မြှောက်စား ခဲ့သည်။  နှစ်စဉ်    နတ်တော်လတွင် ဖျင်ထပ်သဘင်ပွဲကျင်းပပြီး စာဆိုတော် များကို ဂုဏ်ပြုချီးမြှင့်ခဲ့သည်။   ယနေ့ ခေတ်တွင်လည်း    မြန်မာလူမျိုးတို့၏ ယဉ်ကျေးမှုအစဉ်အလာအရ နတ်တော် လဆန်း (၁) ရက်နေ့ကို စာဆိုတော်နေ့ ဟု  သတ်မှတ်ထားပြီး  စာပေပညာရှင် များကို  ဂုဏ်ပြုချီးမြှောက်သည့်အနေ ဖြင့် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့်   စာပေဗိမာန် စာမူဆုတို့ကို   နိုင်ငံတော်က    နှစ်စဉ် ချီးမြှင့်ပေးလျက်ရှိသည်။
အမျိုးသားစာပေ  တစ်သက်တာဆု ချီးမြှင့်ခြင်းသည်   ဘဝတစ်သက်တာ စာရေးခြင်းနှင့် ပညာရပ်ဆိုင်ရာ သုတေ သနလုပ်ငန်းများကို      အလေးထား ဆောင်ရွက်ခဲ့၍     လေးစားထိုက်သော စာပေလက်ရာအများအပြား   ရေးသား ပြုစုသူစာရေးဆရာ၊   စာပေပညာရှင် တို့ကို   စိစစ်ရွေးချယ်    ဆုချီးမြှင့်ခြင်း ဖြစ်သည်။
အမျိုးသားစာပေဆုကို ချီးမြှင့်ခြင်း သည် မြန်မာစာပေလောကတွင် ခိုင်မာ ဖွံ့ဖြိုးကြွယ်ဝစေမည့် စာပေများ ထွန်း ကားစေရန် ဖြစ်သည်။ ထိုကဲ့သို့စာပေ များကို  ရေးသားပြုစု    ထုတ်ဝေသူများ ကိုလည်း ထိုက်ထိုက်တန်တန် အားပေး ဂုဏ်ပြုခြင်းပင် ဖြစ်သည်။ 
စာပေဗိမာန်    စာမူဆုပြိုင်ပွဲကို ပြုလုပ်ပေးခြင်းသည် အကြောင်းအရာ စုစည်းမှုကောင်းကောင်းနှင့်    အရေး အသား ချောမောပြေပြစ်သည့် အဆင့်မီ စာမူများကို ရေးအားရှိကြရန်နှင့် စာအုပ် အဖြစ်  ထုတ်ဝေပေးလိုသည့်   စေတနာ ကြောင့် ဖြစ်သည်။   ဆုရသည့်စာမူများ ကို စာပေဗိမာန်က စာအုပ်အဖြစ် ကျယ် ကျယ်ပြန့်ပြန့်    ပုံနှိပ်ဖြန့်ချိပေးသည့် အစီအစဉ် ဖြစ်သည်။ တစ်နည်းအားဖြင့် မြန်မာစာပေလောကအတွက် ကလောင် မွေးလိုသူ    ဝါသနာရှင်များအတွက် အခွင့်အလမ်းဖွင့်ပေးခြင်း     ဖြစ်သည်။ ရွက်ပုန်းသီးကလောင်ရှင်အသစ်များကို မွေးထုတ်ပေးခြင်းလည်း   ဖြစ်သည်။ ဆုရစာမူများကို  စာအုပ်အဖြစ်  ပုံနှိပ် ထုတ်ဝေပေးသည့်အတွက်  ကလောင်သစ် များကို မြေတောင်မြှောက်ပေးခြင်းလည်း မည်ပေမည်။
မြန်မာစာပေလောက၏ အမြင့်ဆုံးဆု ဖြစ်သည့် အမျိုးသားစာပေတစ်သက်တာ ဆုကို မြန်မာနိုင်ငံ၏ ရှစ်ဦးမြောက်အဖြစ် ရရှိပိုင်ဆိုင်ခဲ့သည့်   စာပေပညာရှင်ကြီး တစ်ဦးရှိခဲ့ပါသည်။  ၎င်းမှာ   ဒေါက်တာ ကျော်စိန်  ဖြစ်ပါသည်။   ဆရာကြီးသည် စာရေးဆရာအဖြစ်   စာပေများရေးသား ခြင်း၊ စာပေပညာရှင်အဖြစ် မြန်မာစာပေ ဖွံ့ဖြိုးရေးလုပ်ငန်းများ  ဆောင်ရွက်ခြင်း တို့သာမက မိမိကျွမ်းကျင်သည့် စိတ်ပညာ ဘာသာရပ်ကို   စာပေဖြင့်    ပျံ့နှံ့အောင် ဆောင်ရွက်ခဲ့ခြင်းတို့ကြောင့် ၂၀၀၈ ခုနှစ် အတွက် အမျိုးသားစာပေ တစ်သက်တာ ဆုကို ထိုက်ထိုက်တန်တန် ချီးမြှင့်ခံခဲ့ရပါ သည်။
ဆရာကြီး၏ ဘဝခရီးလမ်း
ဆရာကြီး ဒေါက်တာ ကျော်စိန်ကို ၁၉၃၂ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်တွင် အဖ ဦးစိန်ခိုင်၊ အမိ ဒေါ်သက်စုတို့က ပဲခူးမြို့၌ မွေးဖွားခဲ့သည်။  မွေးချင်း   သုံးဦးအနက် အကြီးဆုံးသားဖြစ်ပြီး    အမည်ရင်းမှာ ဦးကျော်စိန် ဖြစ်သည်။ ၁၉၅၀ ပြည့်နှစ် တွင်  ပဲခူးမြို့ အစိုးရအထက်တန်းကျောင်း မှ တက္ကသိုလ်ဝင်စာမေးပွဲ  အောင်မြင်ခဲ့ သည်။   တစ်ခရိုင်လုံးတွင်    ထူးချွန်စွာ အောင်မြင်၍   ပဲခူးခရိုင်   အသင်းဆုနှင့် တက္ကသိုလ်ပညာသင်ဆု    (Collegiate Scholarship) ငါးနှစ် ရရှိခဲ့သည်။ ၁၉၅၂ ခုနှစ် ရန်ကုန်တက္ကသိုလ်   ဥပစာတန်း၌ မြန်မာဘာသာအတွက် အမှတ်အမြင့်ဆုံး ရသူတို့ကို ချီးမြှင့်သည့် သာဒိုးအောင်ဆုကို ရရှိခဲ့သည်။ ဝိဇ္ဇာတန်း၌ သဘာဝတ္တဗေဒ အသင်းဆု ရရှိခဲ့သည်။ ၁၉၅၄ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့နှင့် ၁၉၅၈ ခုနှစ်တွင် မဟာဝိဇ္ဇာဘွဲ့(စိတ်ပညာ) တို့ကို ရရှိခဲ့သည်။ ၁၉၆၆ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ ကိုလံ ဘီယာတက္ကသိုလ်၌   ပါရဂူဘွဲ့   (Ph.D) ရသည်အထိ   ပညာသင်ကြားခဲ့သည်။ ထိုင်း၊ ရုရှား၊ ဂျာမနီ၊ တရုတ် စသည်ဖြင့် နိုင်ငံအရပ်ရပ်သို့   ပညာရေး၊    လေ့လာ ရေး၊ ချစ်ကြည်ရေးအဖြစ်   အကြိမ်ကြိမ် သွားရောက်ခဲ့သည်။
ဆရာကြီးသည်  ၁၉၅၄ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်     စိတ်ပညာဌာန တွင် နည်းပြဆရာ၊   ၁၉၅၇   ခုနှစ်တွင် လက်ထောက်ကထိက၊ ၁၉၆၇ ခုနှစ်တွင် ကထိက၊ ၁၉၇၇  ခုနှစ်တွင်   ပါမောက္ခ၊ ၁၉၈၃ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်၊ ၁၉၈၅ ခုနှစ်တွင် မန္တလေး တက္ကသိုလ် ပါမောက္ခချုပ်၊ ၁၉၈၈ ခုနှစ် တွင် ပညာရေးဝန်ကြီး စသည်ဖြင့်  နိုင်ငံ့ တာဝန်များကို အဆင့်ဆင့်ထမ်းဆောင်ခဲ့ သည်။ ဝန်ကြီးဘဝမှ အနားယူခဲ့ပြီးသည့် နောက်ပိုင်း ရန်ကုန်တက္ကသိုလ် စိတ်ပညာ ဌာနတွင် ဂုဏ်ထူးဆောင်ပါမောက္ခအဖြစ် ဆက်လက်တာဝန်ယူခဲ့သည်။ ၂၀၀၉ ခုနှစ် တွင်  ရန်ကုန်တက္ကသိုလ်   အချိန်ပိုင်း ပါမောက္ခ၊  စာပေဗိမာန်၏   အမျိုးသား စာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီဝင်၊ မြန်မာ့ရည်ညွှန်းကျမ်း စီစဉ်ရေးအဖွဲ့ဝင်၊ ထွန်းဖောင်ဒေးရှင်းစာပေဆု ရွေးချယ်ရေး အဖွဲ့ဥက္ကဋ္ဌ  စသည့်တာဝန်များကိုလည်း ထမ်းဆောင်ခဲ့သည်။ 
စာပေဆိုင်ရာ အမြင့်ဆုံးဆုများနှင့် စည်သူဘွဲ့ပိုင်ရှင်
ဆရာကြီးသည်   ၁၉၇၃   ခုနှစ်တွင် “သင့်ဘဝတွက်တာ အသုံးချစိတ်ပညာ” စာမူဖြင့်      စာပေဗိမာန် သုတပဒေသာ (ဝိဇ္ဇာ) ပညာရပ် ပထမဆု၊ ၁၉၉၀ ပြည့်နှစ် အတွက် “လူငယ်လမ်းညွှန်” စာမူဖြင့် စာပေဗိမာန်စာမူဆု(လူငယ်စာပေ) ပထမ ဆု၊ ၁၉၉၁ ခုနှစ်၊ မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်ရေး စာပေပြိုင်ပွဲတွင် “တို့ချစ် သည့် တို့နိုင်ငံတော်” စာမူဖြင့် ကျမ်းစာမူ ဒုတိယဆု၊ ၁၉၉၄ ခုနှစ်တွင်  “ဇော်ဋီကာ” စာမူဖြင့်   စာပေဗိမာန်  စာမူဆု    (စာပ ဒေသာ) ပထမဆု၊ ၁၉၉၇ ခုနှစ်  ပခုက္ကူ ဦးအုံးဖေ စာပေဆုတွင် “စိတ်ပညာသမိုင်း ကျမ်း” စာမူဖြင့် ကျမ်းစာပေ ပထမဆု၊ ၂၀၀၇ ခုနှစ်တွင် “နေရမည်မှာ ခြောက်လ သာ” စာအုပ်ဖြင့် ဆရာဝန်တင်ရွှေ စာပေ ဆုရရှိခဲ့ပြီး ၂၀၀၇ ခုနှစ်အတွက် နိုင်ငံတော် ကချီးမြှင့်သည့် ဝိဇ္ဇာပညာထူးချွန်တံဆိပ် (ဒုတိယဆင့်)၊ ၂၀၀၈ ခုနှစ်တွင် အမျိုးသား စာပေတစ်သက်တာဆုနှင့် ပခုက္ကူ ဦးအုံးဖေ တစ်သက်တာစာပေဆု၊ ၂၀၁၂ ခုနှစ်တွင် ထွန်းဖောင်ဒေးရှင်း တစ်သက်တာစာပေ ဆုတို့ကို  အသီးသီးရရှိခဲ့သည်။   ထို့ပြင် ဆရာကြီးသည် ၂၀၁၂ ခုနှစ်တွင် စည်သူ ဘွဲ့ကို ရရှိခဲ့သည်။ 
ဆရာကြီး၏ ထင်ရှားကျော်ကြားသည့် စာအုပ်များ
ဆရာကြီးသည် ပင်ကိုရေးသားခြင်း၊ ဘာသာပြန်ဆိုရေးသားခြင်း စသည်တို့ ဖြင့် စိတ်ပညာဆိုင်ရာ စာအုပ်ပေါင်း ၅၀ ခန့်နှင့် ဆောင်းပါးပေါင်းများစွာ ရေးသား ခဲ့သည်။ ကျောင်းသုံးစာအုပ်များဖြစ်သော ခေတ်သစ်စိတ်ပညာ၊ ဆက်ဆံရေး စိတ် ပညာ၊ ခေတ်ပြိုင်စိတ်ပညာဂိုဏ်းကွဲများ၊ အထွေထွေစိတ်ပညာ စသည့်စာအုပ်တို့ကို ရေးသားပြုစုခဲ့သည့်အပြင် အများပြည်သူ စာဖတ်ပရိသတ်အတွက် စာအုပ်များစွာကို လည်း ရေးသားခဲ့သည်။ ယင်းစာအုပ်များ အနက်   စိတ်ပညာရှုထောင့်အထွေထွေ၊ သင့်ဘဝတွက်တာ    အသုံးချစိတ်ပညာ၊ လူငယ်လမ်းညွှန်၊  တို့ချစ်သည့်   တို့ နိုင်ငံတော်၊ စိတ်ပညာဆောင်းပါး ပေါင်း ချုပ်၊ ဇော်ဋီကာ၊ စိတ်ပညာသမိုင်းကျမ်း၊ သင့်ရင်သွေး  မိမိကိုယ်ကိုမိမိ   ယုံကြည်မှု ပျိုးထောင်ရေး၊  ဖခင်ဘဝ   ဇာတ်လမ်းစုံ၊ မောင်စိန်မန်း၏ အစမ်းစာများ၊ ဆက်သွယ် မှုစိတ်ပညာနှင့် အတွေးမျှင်စာတမ်းများ၊ ချမ်းသာဖေဖေ ဆင်းရဲဖေဖေ၊ ဘဝနေ နည်းသင်ခန်းစာများ    စသည့်စာအုပ်တို့ မှာ အထူးထင်ရှားသည်။ 
ဆရာကြီးသည် ဒေါက်တာကျော်စိန် ကလောင်အမည်ဖြင့် စာအုပ်စာစောင် များကို   အများဆုံး   ရေးသားလေ့ရှိပြီး ကလောင်ခွဲအနေဖြင့်မူ   မောင်စိန်မန်း   အမည်ဖြင့် အစမ်းစာများ   ရေးသားခဲ့ သည်။ နောက်ပိုင်းတွင် Lifestyle၊ Idea၊ Perfect ၊  Wellness   စသည့်မဂ္ဂဇင်း၊ စာစောင်များတွင် သုတရသဆောင်းပါး များ ရေးသားခဲ့သည်။
ဆရာကြီးနှင့် စာပေဗိမာန်
ဆရာကြီး ဒေါက်တာ ကျော်စိန်သည် အသက်  ၂၀ ကျော်    အရွယ်ဖြစ်သည့် ၁၉၅၇ ခုနှစ်မှစ၍ ရှုမဝ၊ ငွေတာရီ၊ ပညာ ပဒေသာ၊ ပညာလောက စသည့်မဂ္ဂဇင်း၊ စာစောင်များတွင်   ဆောင်းပါးများ ရေးသားခဲ့သည်။  ၁၉၆၈   ခုနှစ်တွင်   ဦးဖေချစ် (စိတ်ပညာ) နှင့်  တွဲဖက်၍   “စိတ်ပညာရှုထောင့်အထွေထွေ” စာအုပ် ထုတ်ဝေခဲ့သည်။  ထိုအချိန်ထိ    စာပေ ဗိမာန်နှင့်  မရင်းနှီးသေးပါ။   သို့သော် ၁၉၇၃ ခုနှစ်တွင် “သင့်ဘဝတွက်တာ အသုံးချစိတ်ပညာ” စာမူဖြင့် စာပေဗိမာန် သုတပဒေသာ (ဝိဇ္ဇာ) ပညာရပ်ပထမဆု ရရှိခဲ့သည့်အချိန်မှစ၍ စာပေဗိမာန်နှင့် စတင်ရင်းနှီးကျွမ်းဝင်လာခဲ့သည်။
ဆရာကြီးသည်     တက္ကသိုလ်၏ သင်ကြားရေးပိုင်းတွင် ထူးချွန်သူတစ်ဦး ဖြစ်သည်။ စိတ်ပညာဘာသာရပ် အထူး သဖြင့် စက်မှုနှင့် ဆက်ဆံရေးစိတ်ပညာ ကို သင်ရိုးကျွတ်အောင် လေ့လာသိရှိ ထားသူဖြစ်သည်။ ထို့ကြောင့် သူစုဆောင်း လေ့လာထားသမျှကို စိတ်ပညာအဓိက ကျောင်းသားများအား သင်တန်းပို့ချခြင်း ဖြင့် ပညာဖြန့်ဖြူးခဲ့သည်။   ကျောင်းသုံး စာအုပ်ပြုစုခြင်း၊ မဂ္ဂဇင်းစာစောင်တို့တွင် ဆောင်းပါးရေးခြင်းတို့ဖြင့် အသိဉာဏ် ကို ဝေငှခဲ့သည်။  


သို့သော်  ထိုအဟောအပြော၊    အရေး အသားတို့သည်    တက္ကသိုလ်ပရိဝုဏ် တစ်ဝိုက်မှ ပုဂ္ဂိုလ်များအတွက်သာ ဖြစ် နေသည်။ စိတ်ပညာသည် မြေကြီးနှင့် နီးစပ်သော  သို့မဟုတ်   လူတိုင်းနှင့်   အကျုံးဝင်သော  သို့မဟုတ်  လူတိုင်းသိရှိ နားလည်အသုံးချသင့်သော ဘာသာရပ် တစ်ခု ဖြစ်သည်။ 
ထို့ကြောင့် ဆရာကြီးက  စိတ်ပညာ နှင့် ပတ်သက်သော    အရေအသား၊ အဟောအပြောများ လူတိုင်းထံသို့   ပျံ့နှံ့ စေချင်သည်။ မပျံ့နှံ့သေးသည်မှာ သူ၏   ချွတ်ယွင်းချက်ဖြစ်နေသည်ဟု    ယူဆ ကာ လူတိုင်းအသုံးချနိုင်သော    စာအုပ် တစ်အုပ်ကို ပြုစုခဲ့သည်။ သို့သော် ထို စာအုပ်ရေးပြီးသောအခါတွင် လူထုထံ မှောက် အရောက်ပို့ရေးသည် ပြဿနာ ဖြစ်နေသည်။ 
သင်ကြားရေးနယ်ပယ်တွင် ဆရာ တစ်ဆူဖြစ်သော်လည်း စာပေလောက တွင်   မျက်နှာသစ်ဖြစ်၍    နေရာမရှိ၊ ရှေ့တန်းတင်ပေးမည့်    သူရဲကောင်း ထုတ်ဝေသူတို့လည်း   မရှိသေးသဖြင့် စာပေဗိမာန်စာမူပြိုင်ပွဲကို   အားကိုးခဲ့ သည်။ ဆုအဆင့်အတန်းကို   ပဓာန မထားဘဲ  မိမိတတ်မြောက်   နားလည် ထားသော   ဘာသာရပ်ဖြင့်    လူထုကို အလုပ်အကျွေး     ပြုလိုသောကြောင့် “သင့်ဘဝတွက်တာ အသုံးချစိတ်ပညာ” စာမူကို   စာပေဗိမာန်    စာမူပြိုင်ပွဲသို့ တင်သွင်းခဲ့ရာမှ အရွေးချယ်ခံရသဖြင့် စာဖတ်သူများ ရှေ့မှောက်သို့ ရောက်ရှိ­လာခဲ့သည်ဟု    သင့်ဘဝတွက်တာ အသုံးချစိတ်ပညာ စာအုပ်တွင် ဖော်ပြ ထားရာ ဆရာကြီးနှင့် စာပေဗိမာန်တို့၏ ဆက်နွှယ်မှုကို သိရှိရပါသည်။
သူ့အကြိုက်နှင့် သူ့စရိုက်
ဆရာကြီးသည် စာဖတ်တတ်သည့် အရွယ် ရှစ်နှစ်၊ ကိုးနှစ်ခန့်ကပင်   မိမိ အသက်အရွယ်နှင့် လိုက်ဖက်ရာ စာတို ပေစများကို လက်လှမ်းမီသရွေ့ ဖတ်ရှု ခဲ့သည်။   ဆယ်ကျော်သက်အရွယ်က ဖတ်ရှုခဲ့ရပြီး   ဆရာကြီး၏     ဘဝ တစ်လျှောက်လုံးကို    လွှမ်းမိုးခဲ့သည့် အကြိုက်ဆုံးစာအုပ် သုံးအုပ်ရှိခဲ့သည်။ ပဉ္စရူပံ ဦးခ၏ ချွေတာခြင်း၊   ဂျာနယ် ကျော်မမလေး၏ သူလိုလူနှင့် ဗန်းမော် တင်အောင်၏ ဒေါက်တာရေချမ်း စာအုပ် တို့ ဖြစ်သည်။ 
ဆရာကြီးသည်   ပဉ္စရူပံ    ဦးခ၏ ချွေတာခြင်းစာအုပ်ကိုဖတ်ပြီး   ငွေကို ချွေတာတတ်ခဲ့သည်။ အချိန်ကို စနစ် တကျ  သုံးစွဲတတ်ခဲ့သည်။   အလုပ်ကို တွင်တွင်ကျယ်ကျယ်    လုပ်တတ်ရန် ကြိုးပမ်းလာခဲ့သည်။   ဂျာနယ်ကျော် မမလေး၏ သူလိုလူစာအုပ်ကို ဖတ်ရှုပြီး အတွေးအခေါ်နှင့်     စာပေမြတ်နိုးမှု များ  တိုးပွားလာခဲ့သည်။  ထိုစာအုပ်ကို တစ်နှစ်တစ်ခါ နှစ်စဉ် ပြန်လည်ဖတ်ရှု လေ့ရှိသည်။ ဗန်းမော်   တင်အောင်၏ ဒေါက်တာရေချမ်းစာအုပ်ကို  အသက် ၁၈ နှစ်အရွယ်  ၁၀  တန်း အောင်ပြီးစ အချိန်က  ဖတ်ရှုခဲ့ရပြီး  ဒေါက်တာဘွဲ့ကို ဘာမှန်း ညာမှန်းမသိဘဲ အားကျလိုချင် နေမိခဲ့သည်။ ထို့ကြောင့်   ချွေတာခြင်း စာအုပ်သည် ဆရာကြီး၏ စိတ်ပိုင်းဘဝ ကို လွှမ်းမိုးခဲ့သည်။ ဒေါက်တာ ရေချမ်း သည် ရုပ်ပိုင်းဘဝကို လွှမ်းမိုးခဲ့ပြီး သူလို လူသည် စိတ်ပိုင်းရော ရုပ်ပိုင်းဘဝကိုပါ လွှမ်းမိုးခဲ့သည်။
ဆရာကြီးသည် ငယ်စဉ်က ကဗျာ လင်္ကာကို လွန်စွာစိတ်ဝင်စားသူ ဖြစ်ပေ ရာ ၁၉၄၇ ခုနှစ်၊ ခုနစ်တန်း ကျောင်းသား အရွယ်က သင်ကြားခဲ့ရသော “သပြေညို နှင့် အခြားကဗျာများ” စာအုပ်ပါ ကဗျာ ပုဒ်ရေ ၅၈ ပုဒ်ကို   အားစိုက်ထုတ်မှု အနည်းငယ်မျှဖြင့် အာဂုံဆောင်နိုင်ခဲ့ပြီး အချို့ကဗျာရှည်ကြီးများကို   အသက် အရွယ်ကြီးသည်အထိပင် ရွတ်ဆိုနိုင်ပေ သေးသည်ဟု သိရသည်။ ထို့ပြင် မင်းဘူး ဦးဩဘာသ၏ ဇနက္ကဇာတ်တော်ကြီးမှ စာပိုဒ်အချို့ကို   အလွတ်ရွတ်ဆိုနိုင်ခဲ့ သည်။  တက္ကသိုလ်     ဥပစာတန်းတွင် စိတ်ကြိုက်မြန်မာစာကို  ယူခဲ့ရာ   စုံနံ့ သာမြိုင်  ရှာပုံတော်ကြီး    တစ်ပုဒ်လုံး၊ လက်ဝဲသုန္ဒရ၏  ရတုများ၊   နေမိရကန် မှ  စာပိုဒ်အချို့နှင့်     ဦးပုည၏    ဝတ္ထု ပေါင်းချုပ်မှ စာပိုဒ်တို့ကို အသံနေ အသံ ထားနှင့် ရွတ်ဆိုပြနိုင်သည်အထိ မြန်မာ စာကို အသည်းစွဲခဲ့သည်။ 
တက္ကသိုလ်ဆရာဘဝတွင်     စာပေ သင်ကြားရာ၌         ဗဟုသုတများပြီး အာဝဇ္ဇန်းရွှင်ရွှင်ဖြင့်         အသင်အပြ ကောင်းသူဖြစ်ကာ     စာပေသင်ကြား ရသည်ကိုလည်း     ပျော်မွေ့နေသူဖြစ် သည်။   အားကစားတွင်     ရေကူးခြင်း၊ လမ်းလျှောက်ခြင်းတို့ကို    နှစ်သက်သူ ဖြစ်ပြီး နေ့စဉ်နံနက်တိုင်း   တစ်နာရီခန့် ပုံမှန်လမ်းလျှောက်ကာ       ကျန်းမာရေး လိုက်စားသူလည်း ဖြစ်သည်။ ဆရာကြီး သည် သူ၏ အဝတ်များကို လျှော်ဖွပ်ခြင်း၊ မီးပူတိုက်ခြင်းတို့ကို     သူကိုယ်တိုင်ပင် ပြုလုပ်လေ့ရှိပြီး      အခြားသူများအား သူ့ကြောင့်     ဝန်ထုပ်ဝန်ပိုးများမည်ကို စိုးရိမ်တတ်သူဖြစ်သည်။    စာရေးခြင်း၊ စာဖတ်ခြင်းများဖြင့်သာ   အချိန်အများ ဆုံးကုန်ဆုံးနေတတ်ပြီး မည်သည့်အလုပ် ကိုမဆို ဝီရိယရှိရှိနှင့် စွဲစွဲမြဲမြဲလုပ်ကိုင် တတ်သူလည်း ဖြစ်သည်။
တက္ကသိုလ်မြေမှာ အနေကြာ
ဆရာကြီးသည် ငယ်စဉ်က ပဲခူးမြို့၊ ဇိုင်းဂနိုင်းတောင်ပိုင်း၊ ဝင်္ကပါလမ်းတွင် မိသားစုနှင့်အတူ နေထိုင်ခဲ့သည်။ ၁၉၅၀ ပြည့်နှစ်၊ ဇွန်လတွင် ရန်ကုန်တက္ကသိုလ် သို့ ကျောင်းသားအဖြစ် စတင်ရောက်ရှိ ခဲ့ရာ စစ်ကိုင်းဆောင်တွင် လေးနှစ်တာ နေထိုင်ခဲ့သည်။      ရန်ကုန်တက္ကသိုလ် နယ်မြေတွင်   တက္ကသိုလ်ကျောင်းသား ဘဝ၊  သရုပ်ပြဆရာဘဝမှ    ရန်ကုန် တက္ကသိုလ်  ပါမောက္ခချုပ်ဖြစ်သည် အထိ  ရာထူးအဆင့်အလိုက်  အိမ်ရာအမျိုးမျိုး ဖြင့်   နေထိုင်လာခဲ့သည်။    အိမ်ထောင် လည်း ကျခဲ့ပြီး   သားသမီးသုံးယောက် သည်လည်း  ရန်ကုန်တက္ကသိုလ်  ပရိဝုဏ် အတွင်းမှာပင်     လူလားမြောက်ခဲ့ကြ သည်။
၁၉၈၆   ခုနှစ်တွင်     မန္တလေး တက္ကသိုလ်သို့ ပြောင်းရွှေ့ခဲ့ရာ မန္တလေး တက္ကသိုလ်ပါမောက္ခချုပ် နေအိမ်တွင် နေထိုင်ခဲ့သည်။ အလုပ်မှ အငြိမ်းစား ယူပြီးနောက်    ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်၌    နေထိုင်ခဲ့သည်။ ထို့ကြောင့် ဆရာကြီးသည်  မွေးဖွားရာ ဇာတိ ပဲခူးမြို့တွင် အသက် ၁၈ နှစ်တာ    ကာလမျှသာ   နေထိုင်ခဲ့ပြီး     ရန်ကုန် တက္ကသိုလ်နယ်မြေတွင် ၃၅ နှစ်ကြာမျှ နေထိုင်ခဲ့သည်ဖြစ်ရာ   ဆရာကြီးအနေ ကြာခဲ့ပြီး    ပျော်မွေ့ခဲ့သည်မှာ   ရန်ကုန် တက္ကသိုလ်ပရိဝုဏ်အတွင်းသာ ဖြစ်ပေ သည်။ 
လူမှုရေး၊ နိုင်ငံရေး တာဝန်များ
ဆရာကြီးသည် ရန်ကုန်တက္ကသိုလ် စိတ်ပညာဌာနတွင် ရာထူးအဆင့်ဆင့် ဖြင့်  တာဝန်ထမ်းဆောင်နေစဉ်တွင် အခြား လူမှုရေး၊ နိုင်ငံရေးတာဝန်များကို လည်း ထမ်းဆောင်ခဲ့သည်။ အထူးသဖြင့် မြန်မာနိုင်ငံ    သုတေသနအသင်း၏   အတွင်းရေးမှူးတာဝန်နှင့် တက္ကသိုလ် အနုပညာအသင်း၏      ပြဇာတ်တာဝန်ခံ လည်းဖြစ်ရာ       ကျောင်းဆင်းချိန် ညနေပိုင်းတွင်    အဖွဲ့ဝင်ဆရာများ၊ တပည့်များနှင့်    ဇာတ်စာဖတ်ခြင်း၊ ဇာတ်တိုက်ခြင်းတို့ ပုံမှန်ပြုလုပ်ခဲ့သည်။ ဆရာကြီးကိုယ်တိုင်လည်း   ရန်ကုန် တက္ကသိုလ်၊ ဘာသာပေါင်းစုံ  မောင်မယ် သစ်လွင်ကြိုဆိုပွဲအတွက် ကပြဖျော်ဖြေ ခဲ့သည့် “ဘိလပ်ပြန် မောင်သောင်းဖေ”  ပြဇာတ်တွင် ဝတ်လုံတော်ရ မောင်သောင်း ဖေအဖြစ်     ပါဝင်သရုပ်ဆောင်ခဲ့ရာ လူကြိုက်များ     ကျော်ကြားခဲ့သည်။ ထို့ပြင်   ရန်ကုန်တက္ကသိုလ်၏  နှစ် (၅၀)  ပြည့်   ရွှေရတုအထိမ်းအမှတ်  ပဒေသာ ကပွဲတွင်  ဆရာကြီး    ဦးစီးဆောင်ရွက် ရသည့် ကိုလိုနီပညာရေးဆန့်ကျင်သည့်   ပြဇာတ်ဖြစ်သော ၁၃၀၀ ပြည့် အရေး တော်ပုံ   ပြဇာတ်မှာလည်း လူကြိုက် အများဆုံးဖြစ်သည်။ တစ်ချိန်တည်းမှာ ပင် ရန်ကုန်တက္ကသိုလ်လမ်းစဉ် လူငယ် အစည်းအရုံး(ဝိဇ္ဇာ)၏ ဥက္ကဋ္ဌ၊  ကမာရွတ် မြို့နယ် စာပေလုပ်သားအဖွဲ့၏ဥက္ကဋ္ဌ   စသည့်တာဝန်များကိုလည်း ဆောင်ရွက် ခဲ့သည်။ 
ပထမခြေလှမ်း
ဆရာကြီး   ဒေါက်တာကျော်စိန်က လူငယ်လမ်းညွှန်စာအုပ်တွင်     “ဤ စာရေးသူကား   ၁၀   တန်းအောင်၍ တက္ကသိုလ်တွင် ပထမ၊ ဒုတိယနှစ်များ သို့ ရောက်သည်အထိ    တိကျသော ရည်မှန်းချက်မရှိသေးပေ။ စာရေးဆရာ၊ အယ်ဒီတာ၊ ကျောင်းဆရာ၊   အုပ်ချုပ်ရေး ဝန်ထမ်းစသည်ဖြင့်   အမျိုးစုံလုပ်ချင် နေ၏။ ဂျာနယ်ကျော်   ဦးချစ်မောင်ကို အားကျ၍  စာရေးရင်း     အယ်ဒီတာ    လုပ်လို၏။ မန်းတင်ကို    အားကျ၍    အုပ်ချုပ်ရေးဝန်ထမ်းလုပ်ရင်း စာရေးလို ၏။ ခေတ်စမ်းကဗျာဆရာတို့ကို အားကျ ၍ တက္ကသိုလ် ဆရာလုပ်ရင်း စာရေးလို ၏။ သို့သော်  တကယ့်ပထမခြေလှမ်း ကိုမူ    ဘီအေအောင်ပြီးသည့်အခါတွင်မှ စဖြစ်၏။
အတိအကျဆိုရပါမူ  ၁၉၅၄   ခုနှစ်၊ ဇွန်လဆန်းပိုင်းတွင် ပါမောက္ခ ဒေါက်တာ လှဘူးနှင့် ဌာနမှူး ဒေါက်တာလှသွင် တို့က စိတ်ပညာဌာနတွင်    နည်းပြ ဆရာ  ဝင်လုပ်ရင်း       မဟာဝိဇ္ဇာတန်း ဆက်တက်ဖို့   တိုက်တွန်းနှိုးဆော်သည့် အခါတွင်မှ   (ဆက်လက်ဖော်ပြပါမည်)