လမ်းသမိုင်ရွာမှသည် တောင်ဖြူကျေးရွာဆီသို့ သမိုင်းအရွေ့နှင့်အတူ ဖြစ်တည်လာသည့် ပြည်သူ့စစ် ဒို့စစ်

Type

စာချစ်သူ

 

၁၉၆၇ ခုနှစ်၊ မိုးဦးကာလ။ မြစ်ဝကျွန်းပေါ်ဒေသ၏ မိုးသည်အဆက် မပြတ်တော့ချေ။ ဗမာပြည်ကွန်မြူနစ်ပါတီ မြောင်းမြခရိုင်ကော်မတီ သည် လပွတ္တာမြို့နယ်၏  အရှေ့တောင်ဘက်တွင်ရှိသော  ကကရံ ကြိုးဝိုင်းမှ လမုအုပ်တောတွင် အခြေစိုက်ထားသည်။
ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုဌာနချုပ်မှ ရဲဘော်ဘအောင်သည်  ဗဟိုကော်မတီ    ဥက္ကဋ္ဌ   သခင်သန်းထွန်း၊   ရဲဘော်အောင်ကြီးနှင့် သခင်ချစ်တို့၏    အထူးတာဝန်ပေးချက်အရ      လမုအုပ်စခန်းသို့ ရောက်ရှိလာသည်။
ရဲဘော်ဘအောင်သည် မြစ်ဝကျွန်းပေါ် တိုင်းနှင့်မြောင်းမြခရိုင်   “အလှည့်အပြောင်း” အတွက် အထူးတာဝန်ကိုယူဆောင်ရခြင်း ဖြစ်သည်။ သခင်ဗိုလ်ဦး  ခေါင်းဆောင်သော မြောင်းမြခရိုင်ကော်မတီ သည် ရဲဘော်ဘအောင်အား နိုင်ငံရေးနှင့်  စည်းရုံးရေးအခွင့်အာဏာ တို့ကို ပေးအပ်လိုက်လေသည်။
ရဲဘော်ဘအောင်သည် မြစ်ဝကျွန်းပေါ်ဒေသ၏ စမ်းသပ်ကွက် ဖြစ်သော မြောင်းမြခရိုင်၌ “သုံးပွင့်ဆိုင် အာဏာနီတည်ဆောက်ရေး စီမံကိန်း”ကို ရေးဆွဲလေသည်။ ပေါက်ခေါင်း လမ်းကြောင်းအတိုင်းပင် ဖြစ်သည်။
 မြောင်းမြခရိုင် လပွတ္တာမြို့နယ်၌ ငါးတန်တရာ၊ ရေတွင်းကုန်း၊ စလောင်းကျရွာ သုံးရွာသည် သုံးပွင့်ဆိုင်တည်ရှိနေရာ ယင်းသုံးပွင့်ဆိုင် ကျေးရွာများ၌ “သုံးပွင့်ဆိုင် အာဏာနီ တည်ဆောက်ရေး”ဆိုသည်ကို လက်တွေ့ အကောင်အထည်ဖော်လေတော့သည်။
ရဲဘော်ဘအောင်တို့သည် ပါတီ၏ လူတန်းစားအခြေခံမူအရ  အလတ်တန်းစား လယ်သမားနှင့် ချမ်းသာသော လယ်သမားများ ပိုင်သည့် မြေယာလက်ငုတ်၊ ကျွဲ နွား၊ လယ်လုပ်ကိရိယာ၊ မျိုးဝမ်းစာနှင့် ဓနိဥယျာဉ်များကိုပါ    အပိုအလျှံများဖြစ်သည်ဟုဆိုကာ      အဓမ္မ သိမ်းဆည်းလိုက်ကြသည်။
ပစ္စည်းသိမ်းဝေရေးကို ပျော်ပွဲရွှင်ပွဲများအဖြစ် အောင်ပွဲခံ
ဆင်းရဲသောလယ်သမားတို့သည် ကျွဲနွား ကိရိယာများကို ခွဲဝေ ယူကြသည်။ အချို့ သော ကျွဲ နွားများကိုမူ အမဲပေါ်ပြီး စုပေါင်းပျော်ရွှင်ပွဲ အဖြစ် ချက်ပြုတ်စားသောက်ကြသည်။ ဆင်းရဲသော လယ်သမားများ သည်  ရဲဘော်ဘအောင်၏   တိုက်ရိုက်ခေါင်းဆောင်မှုအောက်တွင်  ပစ္စည်းသိမ်းဝေရေးကို   ပျော်ပွဲရွှင်ပွဲများအဖြစ်   အောင်ပွဲခံလျက်ရှိ ကြသည်။
ရဲဘော်ဘအောင်တို့က “ချမ်းသာသော လယ်သမားများသည်  ကျေးလက်နေ ဓနရှင်များဖြစ်သည်။ ကျေးလက် ဓနရှင်တို့၏အမြီးကို  အငုတ်မကျန်အောင်ဖြတ်ရမည်။ လူတောမတိုးနိုင်အောင်၊ လူရာမဝင် နိုင်အောင်လည်း  အဘက်ဘက်က  သြဇာချထားရမည်”ဟုဆိုကာ မောင်းဒီးဒိုင်နယ်အတွင်းရှိ ချမ်းသာသောလယ်သမားများဟု သတ်မှတ် ခြင်းခံထားရသည့် လယ်သမားများအား ခွေးကတက်၌သာ ထိုင်စေ သည်။   ရဲဘော် ဘအောင်၏အမိန့်ကို   ခြွင်းချက်မရှိပင်     နာခံ၍ ခွေးကတက်၌သာ ငုတ်တုတ်ကလေးထိုင်နေကြရသည်။
ရဲဘော်ဘအောင်သည်  အချို့သောအမျိုးသမီးများ နဖူးစတွင် ဆံယဉ်ချ၍  ဆံထုံး  ထုံးထားလျှင်လည်း ထိုသို့မထုံးရန် လိုက်လံ၍ ကန့်ကွက်သည်။ ဟန့်တားသည်။ 
“အာဏာနီဒေသမှာ ဂေါတမ  ဆံထုံး မထုံးရ၊ ဂေါတမဆိုတာ  ပဒေသရာဇ်ကြီး သုဒ္ဓေါဓနရဲ့ သားဖြစ်တယ်၊ အဲဒီဆံထုံးဟာ အရင်း ရှင်နဲ့ပဒေသရာဇ်တို့စပ်ကျပြီးမှ   ပေါ်လာတာဖြစ်တယ်။     အလွန် ဖောက်ပြန်တယ်”ဟုဆိုကာ  ပြင်းပြင်းထန်ထန်ဆန့်ကျင်ကြသည်။ ဤသို့ဖြင့် ရဲဘော်ဘအောင်တို့သည် အမျိုးမျိုးအာဏာပြ၍နေကြသည်။ စိတ်ကူးပေါက်ရာကို လုပ်နေကြလေတော့သည်။
ထို့အပြင် “ဆင်းရဲက ချမ်းသာကို သတ်တာဟာလည်းပုန်ကန်တာ ဖြစ်တယ်။ ပစ္စည်းတွေကို နည်းမျိုးစုံနဲ့သိမ်းပိုက်တာကလည်း တရား တာပဲ”   ဟုဆိုကာ  အပြစ်မဲ့ရွာသူ   ရွာသားများကို     “အာဏာနီ တည်ဆောက်ရေး၏   ရန်သူ” အဖြစ်  သတ်မှတ်ကာ   ဝါးခုတ်သည့် ဓားမများနှင့် ခုတ်ဖြတ်သတ်ဖြတ်ကြသည်။ ဤသို့ဖြင့် မြစ်ဝကျွန်းပေါ် ဒေသရှိ  ဒေသခံပြည်သူများသည်  သောင်းကျန်းသူတို့၏  တရား လက်လွှတ် ကြမ်းသမျှ၊ ရမ်းသမျှကို ငုံ့ခံနေကြရလေသည်။ 
“ဒီနှစ်မိုးတွင်းမှာ ပါတီနဲ့တပ်တွေအတွက် ရိက္ခာအကျပ်အတည်း တွေ တွေ့ရလိမ့်မယ်၊ မဒညတတပ်ဖွဲ့ဝင်တွေအတွက်တော့ ဘယ်လိုမှ ရိက္ခာပြတ်လို့မဖြစ်ဘူး၊ ဒါကြောင့်မို့ ရတဲ့နည်းနဲ့ ရိက္ခာစုဖို့လိုတယ်။  မြောင်းမြခရိုင်အတွင်းမှာရှိတဲ့ ကျေးရွာတိုင်းက စပါးတွေကို အပြင်ကို စပါးတစ်စေ့မှမထွက်အောင် လုပ်ကြရမယ်၊ ဒါ့အတွက် စီမံကိန်းချ ပြီးတော့ အကောင်အထည်ဖော်ကြဖို့လိုတယ်”
မြောင်းမြခရိုင်  မဒညတ  သဘာပတိအဖွဲ့သည်  ထိုသို့အစည်း အဝေးဆုံးဖြတ်ချက်အရ ခရိုင်အတွင်းရှိကျေးရွာများသို့ “အရေးပေါ် ညွှန်ကြားချက်နှင့် ကြေညာချက်” ကို ထုတ်ပြန်လိုက်လေသည်။
“ဒို့က အနှစ်  ၂၀ ကျော်  ကျွေးခဲ့တဲ့အစာတွေတောင် သင်းတို့ လည်မျိုကို နင်းလိုက်ရင် အတောင့်လိုက် အတောင့်လိုက်ထွက်လာ မယ့်အကောင်တွေ၊ ဒို့ကောင်းကျိုးအတွက် လုပ်တယ်ပြောပြောပြီး ဒို့ကိုနှိပ်စက်ခဲ့တာလည်း    ကြာပြီ၊     ဒို့လည်ချောင်းကိုပါ   နင်းပြီး ဒို့လည်ချောင်းက ထွက်လာတဲ့အစာတွေကို သင်းတို့က အတင်းအဓမ္မ  မျိုချနေကြပြန်ပြီ။ ဒို့ဘဝကတော့ မထူးတော့ဘူး၊ တစ်သက်မှာ နှစ်ခါ သေတာမရှိဘူး၊  မတရားလုပ်နေတာကို   တိုက်ရင်းနဲ့ပဲ   အသေခံ တော့မယ်။ ခေါင်းငုံ့လည်စင်းပြီး မခံတော့ဘူး၊ သန်းခေါင်အပြင်တော့ ညဉ့်မနက်တော့ဘူးဟေ့”   ကရင်-ဗမာတိုင်းရင်းသား    တောင်သူ  လယ်သမားများသည် ဒေါသအမျက်ခြောင်းခြောင်းထွက်ကြလေပြီ။
“ဒို့ကတော့ ဒီကောင်တွေကို တိုက်ရင်းအသေခံမယ်၊ သင်းတို့ကို သတ်ရင်းသာ အသေခံမယ်”   နောက်ဆုံးတွင် တောင်သူလယ်သမား ထုကြီး၏    ဒေါသဒီလှိုင်းသည်   မိုးမြေသိမ့်သိမ့်တုန်မျှ     မြည်ဟည်း လာလေသည်။
၁၉၆၇ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်။ လမ်းသမိုင်ကျေးရွာသို့ မဒညတမှ စံလှနှင့် မောင်မောင်တို့အဖွဲ့သည် ဆန်များကို အတင်း အဓမ္မလာရောက်လုယက်သည့်အတွက်     ကျေးရွာလူထုတို့သည် အလွန်ပင်  မခံမရပ်နိုင်ဖြစ်နေကြသည်။ ဓားဆွဲသူက ဆွဲ၊ လှံကိုင် သူက ကိုင်၊ တုတ်ထမ်းသူက ထမ်းနေကြသည်။
နှစ်ပေါင်း ၂၀ ကျော်မှစ၍ ငြိမ်းချမ်းမှုဟူ၍ တစ်ချိန်မျှမရှိခဲ့
လမ်းသမိုင်ကျေးရွာသည် ဧရာဝတီတိုင်း မြောင်းမြခရိုင် ဝါးခယ်မ မြို့နယ်တွင်  တည်ရှိသည်။ ဝါးခယ်မမြို့နှင့် ငါးမိုင်ကျော်ကွာဝေးသည်။  လမ်းသမိုင်ရွာလေးနှင့်     လမ်းသမိုင်ရွာကြီးဟူ၍   တည်ရှိသည်။ ရွာလေးနှင့်ရွာကြီးကို       လမ်းသမိုင်ချောင်းက      ခြားထားသည်။  လမ်းသမိုင်ရွာကြီးသည် လမ်းသမိုင်ချောင်း၏ အရှေ့ဘက်ကမ်းတွင်  တည်ရှိသည်။ လမ်းသမိုင်ရွာသည် လွန်ခဲ့သည့်နှစ်ပေါင်း ၂၀ ကျော်မှ စ၍ ငြိမ်းချမ်းမှုဟူ၍  တစ်ချိန်မျှ မရှိခဲ့ချေ။
တော်သလင်းမိုးသည် သည်းထန်စွာရွာသွန်းလျက်ရှိသည်။ ရွာသူ  ရွာသားများသည် ဘုန်းတော်ကြီးကျောင်းအောက်၌ တစ်စုတစ်စည်း တည်းရှိနေကြသည်။     မကြာမီတွင်       တပ်မတော်စစ်ကြောင်း တစ်ကြောင်း၏ စစ်ရေယာဉ်သည် ရေဆင်းတံတားသို့  ဆိုက်ရောက် လာသည်။ မိုးထဲရေထဲ၌ ရွာသူရွာသားများသည် တပ်မတော်သားများကို ဆီးကြိုနှုတ်ဆက်ကြသည်။ ကမ်းလုံးညွှတ်နေသည်။ ဆီးကြိုနှုတ်ခွန်း ဆက်သံများနှင့် ဆူညံ၍နေလေသည်။
ညမှောင်ရီပျိုးစအချိန်တွင် လက်ထဲ၌ မြက်ခုတ်ဓား၊ ကိုင်းခုတ် ဓားရှည်များ၊ ဝါးချွန်များ၊ လှံများ ကိုင်ဆောင်ထားကြသော ရွာသူ ရွာသားများသည် တပ်မတော်သားများနှင့် အတူ ကြုံစိန်စားကျက်ဆီသို့  စနစ်တကျ ချီတက်သွားကြသည်။
အချိန်သည် ညသန်းခေါင်ယံသို့ရောက်လုပြီ။ ကြုံစိန်စားကျက် အတွင်းမှ သေနတ်သံများသည် တစ်ချက်ချင်းထွက်ပေါ်၍လာသည်။ လမ်းသမိုင်ရွာသည် ပို၍ပင် တိတ်ဆိတ်သွားလေသည်။
မကြာမီပင်   သေနတ်သံများကြားရာဘက်မှ    မီးတောက်မီးလျှံ များကို  မြင်တွေ့ကြရသည်။ လမ်းသမိုင်ရွာသည် လှုပ်လှုပ်ရှားရှား ဖြစ်လာသည်။ ရွာသူရွာသားများသည် အောင်ပွဲရပြီဟုဆိုကာ ဝမ်းသာ အားရဖြစ်နေကြသည်။
“ဒို့သွားရ လာရတာက ရေထဲမှာဆိုတော့ အတော်ခက်တယ်၊ ဒို့လည်း တဖြည်းဖြည်း ကပ်သွားရော သောင်းကျန်းသူတွေ လှေနဲ့ ထွက်ပြေးကြတယ်။ အဲ့ဒီအခါမှာ ငါတို့က ငြာသံပေးပြီး အတင်း လိုက်ရတယ်၊ ဒီတစ်ခါတော့ လူကိုတော့မရလိုက်ဘူးကွာ၊ နာတာပဲ။ စတင်းဂန်း နှစ်လက်နဲ့ ထိပ်တုံး (အင်္ဂလိပ်ရိုင်ဖယ်) နှစ်လက်ပဲ ရလိုက်  တယ်။  တဲတော့  ၁၀  လုံး  သိမ်းမိတယ်”  ကျေးရွာခေါင်းဆောင်  ဦးဘိုးလှိုင်၏  အသံသည်   ပတ်ဝန်းကျင်တစ်ခုလုံး၌  လွှမ်း၍နေလေ တော့သည်။
ရန်သူချေမှုန်းရေးအတွက် လက်နက်ရရှိရေး
တပ်မတော်စစ်ကြောင်းများသည်  လမ်းသမိုင်ရွာသို့  မကြာခဏ လာရောက်ကြသည်။ တပ်မတော်သားများနှင့် ကျေးရွာလူထုတို့သည် အခြေအနေများနှင့်   ပြဿနာများကို   ဒူးတိုက်ဆွေးနွေးကြသည်။ အထူးသဖြင့် အရေးကြီးဆုံးနှင့် လက်ငင်းအကျဆုံး  ပြဿနာမှာ ရန်သူချေမှုန်းရေးအတွက် လက်နက်ရရှိရေးပင်ဖြစ်သည်။
စည်းလုံးညီညွတ်ရေးသည် “အောင်ပွဲ”ဖြစ်သည်ဟု ကျေးရွာလူထု အားလုံးက ယုံကြည်ထားကြသည်။ ကျေးရွာ၏ စည်းလုံးမှုကိုလည်း အခြေခံအားဖြင့် တည်ဆောက်ထားနိုင်ကြပြီဖြစ်သည်။ လက်နက်ရရှိ ရေးအတွက် နည်းမျိုးစုံနှင့် ကြိုးစားရန်ကိုလည်း ညှိနှိုင်းကြသည်။  အစီအစဉ်များကိုလည်း ချမှတ်ကြသည်။ “ရန်သူလက်နက်-ဒို့လက် နက်” ဟူသော ကြွေးကြော်သံကို တညီတညွတ်တည်း ကြွေးကြော်၍ “လက်တွေ့လုပ်ငန်းစဉ်” အဖြစ် ဆုံးဖြတ်လိုက်ကြသည်။
၁၉၆၈ ခုနှစ် ဖေဖော်ဝါရီလ။ နှင်းများသည် တဖွဲဖွဲကျနေသည်၊ မိုးပေါက်ကဲ့သို့    ဖြစ်နေသည်။   မဒညတ၏    ကေအင်န်ယူပါတီမှ ဗိုလ်အောင်သန်းတို့သည် လမ်းသမိုင်ရွာအား ဖျက်ဆီးရေးနှင့် လူထု များအား သတ်ဖြတ်ချေမှုန်းရေးအတွက်  ကြွေးကြော်သံများထုတ်လျက် ကြိမ်းဝါးနေကြသည်။
“ဟေ့ - လမ်းသမိုင်ရွာသားဆိုရင် ပုခက်အတွင်းက အစိတ်သား ကောင်တောင်  မချန်ဘူးကွ”
သို့သော်လည်း လမ်းသမိုင်ရွာလူထုသည် ဗိုလ်အောင်သန်းတို့ကို ကြောက်ရွံ့ခြင်း  မရှိတော့ချေ။ ညီညီညွတ်ညွတ်ဖြစ်နေကြသည်။ တစ်စိတ်တည်း တစ်ဝမ်းတည်းရှိနေကြပြီဖြစ်သည်။


၁၉၆၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်။ အချိန်မှာ ည ၉ နာရီခန့် ရှိနေပြီဖြစ်သည်။ မဒညတ ဗိုလ်အောင်သန်းကိုယ်တိုင် ခေါင်းဆောင် သော အင်အား ၅၀ ကျော်သည် လမ်း သမိုင်ရွာသို့ ချဉ်းကပ်လာကြသည်။ လက်နက်များမှာမူ မျိုးစုံဖြစ်သည်။  မောင်းပြန်သေနတ် အများအပြား ပါသည်။
အောင်သန်းတို့သည် သေနတ်သံပေး၍နေပြီဖြစ်သည်။ ရွာမှာမူ မည်သည့်အသံမျှ  ထွက်၍မလာချေ။ ထို့ကြောင့် အောင်သန်းတို့သည် ချီတုံချတုံဖြစ်နေကြသည်။ ထိုအချိန်တွင် အောင်သန်းတို့နောက်ကျော ကုပ်ပိုးမှ သေနတ်သံများပေါ်လာတော့သည်။   အောင်သန်းတို့သည် မမျှော်လင့်သည့်နေရာမှ အလစ်အငိုက်ခံလိုက်ရသည်။
“ဟေ့ - ဒို့ရွာကို အစိတ်သားတောင်မထားဘူးဆိုတဲ့ အကောင်တွေ၊  ရွာထဲဝင်ကြပါလားကွ၊ သတ်ကြပါလား၊ မီးလည်း ရှို့ကြပါလားကွ။ ဒီတစ်ခါတော့  မင်းတို့နဲ့ ငါတို့နဲ့  အပြတ်ချဖို့ပဲ။ မင်းတို့ကို ငါတို့က ကျွေးမွေးလာရတာဟာ အဆိပ်ပင် ရေလောင်းတာနဲ့ အတူတူပဲ”
လမ်းသမိုင်ရွာကြီးသည် သေနတ်သံများ၊ အော်ဟစ်သံများ၊ ဆဲဆို သံများနှင့် ဆူညံ၍နေသည်။
တကွဲတပြားထွက်ပြေးသွား
မဒညတ အောင်သန်းတို့သည် ရှေ့လည်း မတိုးဝံ့၊ နောက်လည်း မဆုတ်ဝံ့ဖြစ်နေသည်။ ပျာယာခတ်နေကြသည်။ တပ်ခွဲမှူးအောင်သန်း သည်လည်း တပ်ကိုနိုင်အောင်  မအုပ်ချုပ်နိုင်တော့ချေ။ နောက်ဆုံးတွင် ဖရိုဖရဲဖြစ်ကာ ဦးတည်ရာသို့ တကွဲတပြားပင် ထွက်ပြေးသွားကြလေ တော့သည်။
“ဒို့ညက အောင်ပွဲခံလိုက်တာဟာ ဒို့မှာလက်နက်ကောင်းတွေရှိလို့  မဟုတ်ဘူး။  တကယ်က  ဒို့အားလုံးရဲ့ စည်းလုံးညီညွတ်မှုကြောင့် ဖြစ်တယ်။  ဒို့ရဲ့စည်းလုံးညီညွတ်မှုဟာ  ဘယ်လိုရန်သူကိုပဲဖြစ်ဖြစ်  ဘယ်လိုလက်နက်တွေကိုပဲ ကိုင်လာလာ၊ ဒို့အောင်ပွဲခံမှာဖြစ်တယ်။ အရေးကြီးဆုံးတစ်ခုကလည်း     ဒို့ဟာတပ်မတော်နဲ့     အမြဲတမ်းပဲ လက်တွဲထားရမယ်”
ကျေးရွာခေါင်းဆောင် ဦးဘိုးလှိုင်သည် ညက တိုက်ခိုက်ခဲ့ရသည့် တိုက်ပွဲအခြေအနေကို အခြေခံလျက် “တိုက်ပွဲနိဂုံးချုပ်”ကို ပြုလုပ်၍ နေသည်။
ဤသို့ဖြင့် လမ်းသမိုင်ရွာမှအစပြုခဲ့သည့် ပြည်သူ့စစ် ဒို့စစ်သည်  မီးပွားလေးမှ  တောမီးကြီးကဲ့သို့  မြစ်ဝကျွန်းပေါ် တိုင်းဒေသတစ်ခုလုံး သို့ ပျံ့နှံ့သွားခဲ့လေသည်။ တပ်မတော်နှင့် တိုင်းရင်းသားပြည်သူများ ပူးပေါင်းဆင်နွှဲခဲ့ကြသည့် “ရွှေလင်းယုန်၊ မိုးဟိန်း” စစ်ဆင်ရေးသည် ကြီးမားကျယ်ပြန့်လာသည်။ အောင်ပွဲများကို တစ်ပွဲပြီးတစ်ပွဲ ရယူနိုင် ခဲ့ပေသည်။ 
မြစ်ဝကျွန်းပေါ်တိုင်းတွင် ဆင်နွှဲခဲ့သော “ရွှေလင်းယုန်၊ မိုးဟိန်း” စစ်ဆင်ရေးသည်   ယခင်စစ်ဆင်ရေးများနှင့်  အခြေခံကအစ  မတူ ခြားနားသည်။ သောင်းကျန်းသူများ နှစ်ရှည်လများအခြေစိုက်ခဲ့သော အခြေခံစခန်းနှင့်  အဓိကအင်အားကို  တပ်မတော်နှင့်  ပြည်သူတို့ ပူးပေါင်းမှုအမြင့်ဆုံးဖြင့် ချေမှုန်းအောင်ပွဲဆင်ခဲ့သော စစ်ဆင်ရေးကြီး  ဖြစ်သည်။   အထူးသဖြင့်   မြစ်ဝကျွန်းပေါ်တိုင်း    သောင်းကျန်းမှု ဆန့်ကျင်ရေး    ပြည်သူ့စစ်ပွဲကြီးတွင်   ကရင်-ဗမာတိုင်းရင်းသား လုပ်သားပြည်သူတို့၏ ညီညွတ်မှုသည်လည်း အဆုံးအဖြတ်အခန်း တွင် ပါဝင်ခဲ့သည်။
ဧရာဝတီမြစ်ရေအလျဉ်သည်  ဒုံးယိမ်းသံများနှင့်  ဒိုးပတ်သံ၊  ဗြောသံတို့နှင့်အတူ ပဲ့တင်ထပ်လျက်နေပြီဖြစ်သည်။ ဤသည်ကား  တိုင်းရင်းသားလုပ်သားပြည်သူတို့၏ စည်းလုံးညီညွတ်မှု၏အကျိုး ကျေးဇူးရလဒ်၊ သို့မဟုတ် အောင်သီးအောင်နှံများပင် ဖြစ်ခဲ့လေသည်။
သမိုင်းသည် မြစ်ရေအလျဉ်လို စီးဆင်းနေသည်။ တစ်ခါတစ်ရံ ဖြောင့်ဖြောင့်မတ်မတ်၊    ရံဖန်ရံခါကွေ့ကာဝိုက်ကာ။       သမိုင်းကို ဆန်လေသော် သမိုင်း၏ရုပ်ကြွင်းများကို  တွေ့မြင်ရလေမည်။ 
သမိုင်းကောင်းကိုတန်ဖိုးထားသူတို့က အတိတ်သမိုင်းကိုခြေရာခံ  စံနမူနာပြု၍ ပစ္စုပ္ပန်နှင့် အနာဂတ်အတွက် သမိုင်းကြောင်းကောင်း အောင် ဆက်လက်ဖန်တီးကြသည်။  နိုင်ငံရေးလိုဘနှင့် အာဃာတ အမုန်းတရား ကြီးမားသူတို့ကမူ တွေဝေသည့် အလျောက်၊ မိုက်မဲ သည့်အလျောက် အတိတ်သမိုင်းဆိုးအတွင်း သမိုင်းတစ်ပတ်လည်မျှ တစ်ကျော့ပြန် ပြန်လျှောက်မိလျက်သားဖြစ်ကြရသည်။
၂၀၂၁ ရက် ဖေဖော်ဝါရီလ ၁ ရက် မြန်မာ့နိုင်ငံရေး အပြောင်းအလဲ ဖြစ်စဉ်နောက်ပိုင်းတွင် မြန်မာ့သမိုင်းစာမျက်နှာထက်၌ အကြမ်းဖက် အဖွဲ့အစည်းများဖြစ်ကြသည့်  CRPH  ၊  NUG  နှင့်   PDF  အဖွဲ့များ ပေါ်ပေါက်လာသည်။
နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်
အဆိုပါအကြမ်းဖက်အဖွဲ့အစည်းများသည် နိုင်ငံတော်တည်ငြိမ် အေးချမ်းမှုကို    ပျက်ပြားစေရန်နှင့်    အစိုးရ၏အုပ်ချုပ်မှုယန္တရားကို ပျက်ပြားစေရန်    ရည်ရွယ်ချက်များဖြင့်    အပြစ်မဲ့ပြည်သူများအား ဒလန်ဟုစွပ်စွဲသတ်ဖြတ်ခြင်း၊ အများပြည်သူသွားလာလျက်ရှိသော လမ်းများ၌  မိုင်းထောင်ဖောက်ခွဲခြင်း  စသည့်အကြမ်းဖက်လုပ်ရပ် များကို   လုပ်ဆောင်လျက်ရှိပြီး  ၎င်းတို့အား  ထောက်ခံအားပေးမှု မရှိသည့်   အပြစ်မဲ့ပြည်သူများ၏     အသက်အိုးအိမ်စည်းစိမ်များကို ထောက်ထားညှာတာမှုကင်းမဲ့စွာ နည်းမျိုးစုံဖြင့်   နှောင့်ယှက်ဖျက်ဆီး ခြင်းများ လုပ်ဆောင်လျက်ရှိသည်။
ပန်းဆက်ကျေးရွာနှင့် တောင်ဖြူကျေးရွာတို့သည် စစ်ကိုင်းတိုင်း ဒေသကြီး မင်းကင်းမြို့နယ်တွင်တည်ရှိသည်။ အဆိုပါရွာနှစ်ရွာကို  ဒီမိုကရေစီကို လိုလားပါသည် ဟူသည့် အကြမ်းဖက် PDF အဖွဲ့က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကို ထောက်ခံသော ရွာများ ဟု စွပ်စွဲခဲ့ကြသည်။
၂၈ ဇူလိုင် ၂၀၂၁။ ပန်းဆက်ကျေးရွာမှ ရွာသူရွာသားတို့သည်  ထိုနေ့မိုးသောက်ကို   ခါတိုင်းလို မင်္ဂလာရှိစွာ နိုးထလာကြသည်။ နာရီအပိုင်းအတွင်း   ကျေးရွာအတွင်းသို့   အမင်္ဂလာဖြစ်ရပ်ဆိုးကြီး တိုးဝင်ဖြစ်ပေါ်လာလိမ့်မည်ဟု   သူတို့မထင်မှတ်ခဲ့ကြပေ။    နံနက် ၆ နာရီခန့်တွင် ပန်းဆက်ကျေးရွာသို့ အကြမ်းဖက်သောင်းကျန်းသူ အင်အား ၃၀၀ ခန့်သည်  လက်နက်ငယ်များဖြင့် အကြောင်းမဲ့လာရောက် ပစ်ခတ်တိုက်ခိုက်လေတော့သည်။    ကျေးရွာသား     ဦးကုလားမှာ လက်နက်ငယ်ကျည်ဆန်    ထိမှန်ဒဏ်ရာဖြင့်    သေဆုံးသွားခဲ့ရပြီး ကျေးရွာသား ငါးဦးမှာ ဒဏ်ရာများပြင်းထန်စွာရရှိသွားကြသည်။
ဆက်လက်၍    အကြမ်းဖက်သောင်းကျန်းသူအင်အား     ၁၀၀ ခန့်သည်  ပန်းဆက် ကျေးရွာ၏ အနောက်တောင်ဘက် မီတာ ၄၀၀၀ ခန့်အကွာတွင်    တည်ရှိသော         တောင်ဖြူကျေးရွာတစ်ဝိုက်သို့ ဝင်ရောက်လာပြန်သည်။
တောင်ဖြူကျေးရွာသည် အသင့်အနေအထားရှိနေသည်။ အတိတ် က    လမ်းသမိုင်ကျေးရွာကဲ့သို့    စည်းလုံးညီညွတ်မှု      အင်အားဖြင့် ကျေးရွာသားများက ပြန်လည်ခုခံပြီး ဝိုင်းဝန်းပိတ်ဆို့ဖမ်းဆီးခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူ အလောင်း သုံးလောင်း၊ တူမီး  သေနတ် အလက် ၅၀ အပါအဝင် အကြမ်းဖက်သောင်းကျန်းသူ ၅၃ ဦးကို အရှင်  ဖမ်းဆီးရမိခဲ့သည်။   တောင်ဖြူရွာ၏   အောင်ပွဲသည်   တစ်ချိန်က မြစ်ဝကျွန်းပေါ် မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်ရှိ လမ်းသမိုင်ရွာသို့နှယ်  စစ်ကိုင်းတိုင်းဒေသကြီး၏ ပြည်သူ့အောင်ပွဲတစ်ခု ဖြစ်လာသည်။
လမ်းသမိုင်ရွာမှအစပြုခဲ့သည့် ပြည်သူ့စစ် ဒို့စစ်သည် မီးပွားလေးမှ တောမီးကြီးကဲ့သို့ မြစ်ဝကျွန်းပေါ်တိုင်းဒေသတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့ သလို ပစ္စက္ခတောင်ဖြူကျေးရွာ၏ အဆိုပါပြည်သူ့စစ် ဒို့စစ် မီးပွား လေးသည် မကြာမတင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အကြမ်း ဖက်သမားတို့ ခိုအောင်းရာ ကျေးရွာအချို့သို့  တောမီးကြီးပမာကူးစက် ပျံ့နှံ့လာပေဦးမည်။
အေးချမ်းပျော်ရွှင်စွာ ပြန်လည်သက်ဝင် စည်ကားလာပေဦးမည်
 အကြမ်းဖက်သမားများ၏   မထင်လျှင်   မထင်သလို   နှိပ်စက် ကလူပြုခြင်း၊ အပြစ်မဲ့ပြည်သူများအား ဒလန်ဟုစွပ်စွဲသတ်ဖြတ်၊ မီးရှို့ ဖျက်ဆီး နှိပ်စက်ကလူပြုခြင်း ခံနေကြရသည့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ အချို့သောကျေးရွာများသည်လည်း နိုင်ငံတော်၊  ပြည်သူ၊ တပ်မတော်တို့၏ ပူးပေါင်းမှုဖြင့် အတိတ်က တိုင်းဧရာက  ကျေးရွာ များသို့နှယ် မကြာမီကာလအတွင်း ဒိုးပတ်သံ၊ ဗြောသံ၊ စည်သံတို့ဖြင့်  အေးချမ်းပျော်ရွှင်စွာ ပြန်လည်သက်ဝင် စည်ကားလာပေဦးမည်။ သမိုင်း သင်ခန်းစာ မယူတတ်သူတို့အဖို့ သမိုင်းတစ်ပတ်လည်လေပြီ။  ။ 


ကိုးကား - ရဲဘော်မြနှင့် ရဲဘော်ဘခက်တို့၏ ပြည်သူ့စစ် ဒို့စစ်  ဒို့စစ်