
ရီဝေဝေလှိုင် (စာပေဗိမာန်)
(ယမန်နေ့မှအဆက်)
ဘဝ ရည်မှန်းချက်ပန်းတိုင် ပေါ်လာ၏။ ‘ငါသည် တက္ကသိုလ်ဆရာဘဝဖြင့် ကြီးပွား တိုးတက်အောင်မြင်အောင် ဆောင်ရွက် တော့အံ့’ ဟု စိတ်ကို ဆုံးဖြတ်ကာ လခ ၃၀၀ စား နည်းပြဆရာအဖြစ် ပထမဆုံး သော ခြေလှမ်းကို စတင်လိုက်၏။ ထို အချိန်မှစ၍ စိတ်ပညာတွင် အထွတ် အထိပ်ရောက်ရေးအတွက် ဉာဏ်၊ ဝီရိယတို့ကို အစွမ်းကုန်ထုတ်၍ သုံးစွဲ ခဲ့၏။ ကံကလည်း လိုက်သောကြောင့် နိုင်ငံခြား ပညာတော်သင်အဖြစ် အရွေး ခံခဲ့ရ၏။ ကံ၊ ဉာဏ်၊ ဝီရိယ၊ ဇွဲ၊ လုံ့လ အကူအညီဖြင့် ပါရဂူဘွဲ့ရခဲ့၏။ ဤကား စာရေးသူ၏ ကိုယ်တွေ့ ပထမခြေလှမ်း ဇာတ်လမ်းပင် တည်း”ဟု ဖော်ပြထားရာ ဆရာကြီး၏ ဇွဲ၊ လုံ့လ၊ ဝီရိယရှိပုံများကို လေးစားအတုယူဖွယ် သိရှိရပါသည်။
စိတ်ပညာဆိုင်ရာ စာပေများ
ဆရာကြီး ရေးသားခဲ့သည့် စာအုပ် တစ်အုပ်စီတိုင်းတွင် မြန်မာနိုင်ငံသူ နိုင်ငံသားများအပေါ် ထားရှိသည့် ဆရာကြီး၏ မေတ္တာ၊ စေတနာများမှာ ထင်ရှားပေါ်လွင်လှပါသည်။ ၎င်းစာအုပ် များထဲမှ အချို့ကို ဖော်ပြရလျှင်-
စိတ်ပညာသမိုင်းကျမ်းစာအုပ်
ဆရာကြီးသည် ၁၉၆၆ ခုနှစ်၊ ပါရဂူ ဘွဲ့ရပြီးစချိန်ကတည်းက မိမိကို ပညာ တော်သင်အဖြစ် ငွေကုန်ကြေးကျခံကာ နိုင်ငံခြားသို့ စေလွှတ်ပေးသော အမိ နိုင်ငံတော်ကို မိမိတတ်မြောက်သော ပညာဖြင့် ကျမ်းသုံးစောင်ပြုစု၍ကျေးဇူး ဆပ်လိုသောဆန္ဒ ဖြစ်ပေါ်လာခဲ့သည်။ ထို့ကြောင့် စိတ်ပညာသမိုင်းကျမ်းကို ရေးသားပြုစုခဲ့သည်။ ယင်းသို့ ရေးသား ရာတွင် ဆရာကြီး၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ ၂၀ ရာစုနှစ်တွင် ဖွံ့ဖြိုး ခဲ့သော စိတ်ပညာအကြောင်း၊ စိတ်ပညာ ၏ လူအဖွဲ့အစည်းအတွက် အကျိုးပြုပုံ၊ စိတ်ပညာရှင်တို့၏ လူသားဆန်သော လှုပ်ရှားပြုမူမှုများ အကြောင်းကို မြန်မာ စာဖတ်ပရိသတ် နားလည်သဘောပေါက် စေလိုသောကြောင့် ဖြစ်သည်။ တစ်နည်း ဆိုရသော် စိတ်ပညာသမိုင်းတည်းဟူ သော စင်တော်ကြီးတွင် လှုပ်ရှားပါဝင် ကပြခဲ့ကြသော ရုရှား၊ ဂျာမန်၊ အင်္ဂလိပ်၊ ပြင်သစ်၊ အမေရိကန် စသည့် စိတ်ပညာ ရှင်များ၏ အခန်းကဏ္ဍကို ပီပီပြင်ပြင် မြင်စေလိုသောဆန္ဒကြောင့် ဖြစ်သည်။ စိတ်ပညာရှင်တို့၏ သီအိုရီ၊ အယူအဆနှင့် အဆိုအမိန့်များကို တင်ပြရင်း ထိုသူတို့ ၏ ဘဝဇာတ်ကြောင်းကိုလည်း တစေ့ တစောင်း အကဲခတ်နိုင်စေရန် ရည်ရွယ် ရေးသားထားခြင်း ဖြစ်သည်။ ဆရာကြီး၏ နိုင်ငံတော်အပေါ် ကျေးဇူးသိတတ်မှုကို တွေ့မြင်ရသဖြင့် ဂုဏ်ယူလေးစားမိပါ သည်။ ယနေ့ခေတ် နောင်လာနောက်သား ကျောင်းသားလူငယ်များအတွက် အတုယူ စရာ စံနမူနာပင် ဖြစ်ပါသည်။
ပေါင်းသင်းရခက်သူတို့နှင့် အဆင်ပြေစွာ ဆက်ဆံနည်းများစာအုပ်
ဆရာကြီးက ကျွန်ုပ်တို့၏ လူ့လောက ပတ်ဝန်းကျင်တွင် တွေ့ဆုံပေါင်းသင်းမှု ပြုနေရသော လူအားလုံးနှင့် အဆင်ပြေစွာ ဆက်ဆံနိုင်ရန်အတွက် Ursula Mar-kham ၏ How to deal with difficult people ဆိုသည့် မူရင်းစာအုပ်ကို “ပေါင်းသင်းရခက်သူတို့နှင့် အဆင်ပြေစွာ ဆက်ဆံနည်းများ” ဟူ၍ ဘာသာပြန်ဆို ရေးသားခဲ့သည်။ ဘဝတွင် တစ်ချိန်မဟုတ် တစ်ချိန်ဆိုသလို ပေါင်းသင်းရ ခက်သူတို့ နှင့် တွေ့ထိဆက်ဆံကြရမည်ဖြစ်ရာ ပြဿနာတစ်မျိုးမျိုး တက်စေနိုင်သော ကြောင့် သူတို့နှင့် အဆင်ပြေစွာ ဆက်ဆံ တတ်ရန်၊ ကောင်းကျိုးများ ရရှိစေရန် ရည်ရွယ်၍ ဘာသာပြန်ဆိုခဲ့ခြင်း ဖြစ်ပါ သည်။
လူတို့သည် ရန်လိုသူ၊ ကျိုးနွံသူ၊ ယတိပြတ်သူ စသည်ဖြင့် စိတ်ထား အမျိုးမျိုးရှိကြသည့်အနက် မိမိကိုယ်တိုင် မည်သည့်လူအမျိုးအစားထဲတွင် ပါဝင်နေ သနည်း၊ ပေါင်းသင်းဆက်ဆံရေး မှားယွင်း နေမှုများကို မည်ကဲ့သို့ သိမြင်နိုင်မည် နည်း၊ ပေါင်းသင်းရ ခက်သူတို့နှင့် အဆင်ပြေအောင် ဆက်ဆံနိုင်ရန် မည်သည့် နည်းလမ်းများ ရှိသနည်းဆိုသည်ကို ထို စာအုပ်ထဲတွင် ဥပမာအကြောင်းအရာ များနှင့် သိမြင်လိုက်နာဖွယ် အကျယ် တဝင့် ရေးသားထားသည်။
ပြည်တွင်း အဆင့်မှ ဒေသတွင်းအဆင့်၊ နိုင်ငံတကာ အဆင့်များအထိ လုပ်ငန်းနယ်ပယ် ဖြန့်ကြက်လိုသူများအတွက် အတိုင်းအတာ ကြီးမားစွာ အထောက်အကူပေးနိုင်မည့် စာအုပ်ကောင်း တစ်အုပ်ဖြစ်သည်။ ပတ်ဝန်းကျင်ရှိ လူအားလုံးနှင့် အဆင်ပြေ စွာဆက်ဆံနိုင်ပြီး ထိုသူတို့ကို စည်းရုံး ခေါင်းဆောင်နိုင်သူ ဖြစ်ရေးအတွက် အဓိက ရည်ရွယ်သည်။ လုပ်ငန်းနယ်ပယ် အသီးသီးတွင် ဦးဆောင်လှုပ်ရှားနေကြ သည့် လူငယ်၊ လူလတ်များအတွက် အားထားလက်ကိုင်ပြုစရာ စာအုပ် ကောင်းတစ်အုပ် ဖြစ်သည်။ ဆရာကြီး၏ တိုင်းပြည်အနာဂတ် ခေါင်းဆောင်များ အတွက် အမြော်အမြင်ကြီးမားစွာ စေတနာ ရှေ့ထား ဆောင်ရွက်ပေးမှုပင် ဖြစ်ပါ သည်။
လူငယ်လမ်းညွှန်စာအုပ်
ဆရာကြီး ရေးသားခဲ့သည့် လူငယ် လမ်းညွှန်စာအုပ်သည် လူသားတိုင်း မဖြစ် မနေ ဖြတ်သန်းလာခဲ့ရသော လူငယ်ဘဝ နှင့် ပတ်သက်၍ ဖခင်တစ်ဦးအနေဖြင့် လည်းကောင်း၊ ဆရာတစ်ဦးအနေဖြင့် လည်းကောင်း၊ မိတ်ဆွေတစ်ဦးအနေ ဖြင့် လည်းကောင်း၊ ခေါင်းဆောင်တစ်ဦး အနေဖြင့်လည်းကောင်း အတွေ့အကြုံ ရှိပြီးသော လူကြီးတစ်ယောက်က လူငယ်အားလုံးအတွက်ရည်စူး၍ မိမိ၏ စာတွေ့၊ လက်တွေ့ဘဝနှင့် ယှဉ်သော အတွေ့အကြုံများကို ကိုးကားကာ လမ်းညွှန်ထားသည့် စာအုပ်တစ်အုပ် ဖြစ်သည်။
ထို့ပြင် ဤစာအုပ်သည် ကျန်းမာ သော လူငယ်တစ်ယောက်၊ ပညာတတ် ပညာတော်လူငယ်တစ်ယောက်၊ ဘာသာ တရား ကိုင်းရှိုင်း၍ လူမှုဆက်ဆံရေး ပြေပြစ် ရည်မွန်သူ လူငယ်တစ်ယောက်၊ မကောင်းသော အလေ့အထများကို ပယ်ရှားကာ မျိုးချစ်စိတ်ရှိ၍ အမျိုးသား နိုင်ငံရေးကို နားလည်သဘောပေါက်သူ လူငယ်တစ်ယောက်၊ မိမိ၏ ကြီးပွား တိုးတက်ရေးအတွက် အစဉ်ကြံဆ နေပြီး အိမ်ထောင်ရေးကိစ္စကိုလည်း လက်တွေ့ကျကျ စဉ်းစားအကောင် အထည်ဖော်တတ်သော လူငယ် တစ်ယောက်ဖြစ်စေရေးအတွက် နည်း ကောင်းလမ်းမှန်တို့ကို ညွှန်ပြသော စာအုပ် ဖြစ်ပါသည်။
ဆရာကြီး၏ စေတနာ
ဆရာကြီး၏ စေတနာကား ကိုယ့် နိုင်ငံသားလူငယ်များကို ကမ္ဘာ့စံချိန်တင် ကျန်းမာစေလို၏။ ပညာထက်စေလို၏။ နိုင်ငံရေးဗဟုသုတ ကြွယ်ဝစေလို၏။ ပေါင်းသင်းဆက်ဆံရေးနယ်ပယ် ကျယ် စေလို၏။ လူကောင်းလူသန့် ဖြစ်စေ လို၏။ ကြီးပွားတိုးတက်စေလို၏။ သာယာသော အိမ်ထောင်တစ်ခုကို ပိုင်ဆိုင်စေလို၏။ ထိုသို့သော စေတနာ တို့ဖြင့် ရေးသားထားခြင်း ဖြစ်ပါသည်။ ဆရာကြီး၏ စေတနာများမှာ အတိုင်း အဆမရှိ၊ အကန့်အသတ်မရှိ၊ ကြီးမား များပြား နက်ရှိုင်းလှပါဘိ။
ဆရာကြီး ဒေါက်တာကျော်စိန် သည် ၁၉၅၇ ခုနှစ် နိုဝင်ဘာလတွင် မန္တလေးမြို့ စိန်ပန်းရပ်ဇာတိဖြစ်သူ ဒေါ်တင်တင်အေးနှင့် အိမ်ထောင်ပြု ၍ ဆံဖြူ၊ သွားကြွေ၊ ရိုးမြေပြာကျ၊ ကွယ်လွန်သည်အထိ စာမျက်နှာ စွဲစွဲမြဲမြဲ အိမ်ထောင်တည်မြဲခဲ့သူ ဖြစ် သည်။ သားသမီး သုံးယောက်ကို လူတစ်လုံး သူတစ်လုံးဖြစ်အောင် မြေတောင်မြှောက်ပေးနိုင်ခဲ့သော ဖခင် ကောင်း တစ်ယောက်လည်း ဖြစ်ပေ သည်။ တပည့် လက်သားများအပေါ် ထောက်ထားစာနာညှာတာတတ်သော ဆရာကောင်းတစ်ဆူလည်း ဖြစ်ပါပေ သည်။ ဆရာကြီးသည် အသက် ၈၁ နှစ် အရွယ် ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၂ ရက် တွင် အိမ်အမှတ် ၃၄ သီရိမင်္ဂလာလမ်း ကုန်းမြင့်ရိပ်သာ ၇ မိုင် မရမ်းကုန်း မြို့နယ် ရန်ကုန်တိုင်းဒေသကြီး၌ လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။
ကျွန်မ စာတည်းတာဝန်ဖြင့် စာပေ ဗိမာန်သို့ ရောက်ရှိချိန်တွင် ဆရာကြီး ၏ စာပေလက်ရာများ၊ ဆရာကြီး၏ မိတ်ဆွေဆရာ၊ ဆရာမကြီးများထံမှ တစ်ဆင့်သိရသည့် စာပေစေတနာ များနှင့်သာ ရင်းနှီးခွင့် ရရှိခဲ့ပါသည်။ ဆရာကြီးသည် စာပေဗိမာန်၏ စာပေ ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ထဲထဲ ဝင်ဝင် ပါဝင်ကူညီဆောင်ရွက်ခဲ့သည် များကိုလည်း သိရှိရပါသည်။ အမျိုးသား စာပေဆုစိစစ်ရွေးချယ်ရေး ကော်မတီ ဝင်အဖြစ်လည်းကောင်း၊ မြန်မာ့ ရည်ညွှန်းကျမ်း စိစစ်ရေးအဖွဲ့ဝင် အဖြစ်လည်းကောင်း၊ စာပေဗိမာန်၏ စာတမ်းဖတ်ပွဲများတွင် သဘာပတိ အဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့ပါ သည်။
စိတ်ပညာနှင့် အလှမ်းဝေးသည့် ကျွန်မအတွက် ဆရာကြီး၏ စာပေများ ကို ဖတ်ရှုရခြင်း ကြောင့် အသိပညာများ တိုးပွားလာရပါသည်။ အပြင်စွဲ၊ အတွင်း စွဲ၊ စိတ်စွဲ၊ စိတ်ချောက်ချား စသည်ဖြင့် ထူးခြားဆန်းပြားသည့် ကိုယ်ရည် ကိုယ်သွေးခြင်းရာ လက္ခဏာများ အကြောင်း၊ အစ်၊ အီဂို၊ ဆူပါ အီဂို စသည့် စိတ်ခွဲပညာရှင်တို့၏ ဝေါဟာရများ အကြောင်း၊ စိတ်၏ ထူးခြားလေးနက်ပုံ များ အကြောင်းမှာ လွန်စွာမှ အံ့ဩဖွယ်၊ စိတ်ဝင်စားဖွယ် ကောင်းလှပေသည်။ အရာရာကို စိတ်ကသာ လွှမ်းမိုးထား သည်ဖြစ်ရာ လူ့ဘဝတိုတိုလေးအတွင်း စိတ်အကြောင်းမသိဘဲ အသက်ရှင် နေထိုင်ရပါက လူဖြစ်ကျိုးမနပ် ဖြစ်ပေ လိမ့်မည်။ ကျွန်မတို့နှင့်အတူ နောင်လာ နောက်သားများ သိရှိစေရန် စိတ်၏ သဘောသဘာဝတို့ကို လေးလေး နက်နက်အသေးစိတ် ရှင်းပြရေးသား ထားသည့် ဆရာကြီး၏ စာအုပ်များကို ဖတ်ရှုခွင့်ရသည့်အတွက် များစွာအကျိုး ကျေးဇူးကြီးလှပါသည်။ ဗဟုသုတ များစွာ ရရှိပါသည်။ ဆရာကြီးကို လေးစားအားကျမိပါသည်။ စာပေဗိမာန် တွင် ဆရာကြီးနှင့် တွေ့ဆုံပညာယူရခဲ့ သော် ကောင်းလေစွဟု အတွေးဝင်မိပါ သည်။
တန်ဖိုးမဖြတ်နိုင်
မြန်မာစာပေဖွံ့ဖြိုးအောင်၊ မြန်မာ နိုင်ငံသားတို့ အသိပညာမြင့်မားအောင်၊ ရရှိလာသည့် လူ့ဘဝကို အဓိပ္ပာယ်ရှိရှိ နေထိုင်တတ်အောင် မေတ္တာစေတနာ အပြည့်ဖြင့် စာပေများ ရေးသားလမ်းညွှန် ပေးခဲ့သည့် ဆရာကြီး ဒေါက်တာ ကျော်စိန်သာ သက်ရှိထင်ရှား ရှိနေမည် ဆိုပါက ၂၀၂၁ ခုနှစ် ဩဂုတ်လ ၂၁ သည် ဆရာကြီး၏ အသက် ၈၉ နှစ်ပြည့် မွေးနေ့ဖြစ်ပေလိမ့်မည်။ ဆရာကြီး ရေးသားသည့် စိတ်ပညာဆိုင်ရာ စာအုပ် စာပေများလည်း ယခုထက် ပိုမိုများပြား စွာ ထွက်ရှိလာမည်မှာ မလွဲဧကန် ဖြစ်လိမ့်မည်ဟု ယုံကြည်မိပါမည်။ တန်ဖိုးမဖြတ်နိုင်သော စိတ်ပညာဆိုင်ရာ ပညာရပ်များ၊ အတွေးအခေါ်ဆိုင်ရာ ပညာရပ်များနှင့် သုတရသစာပေပညာ ရပ်များအကြောင်း ပျံ့နှံ့အောင် ရေးသား ဖြန့်ဝေပေးခဲ့သည့် ဆရာကြီး၏ ဂုဏ် ကျေးဇူးများကို အောက်မေ့သတိရ တမ်းတရင်း ဆရာကြီးကို လက်စုံမိုး၍ ရိုသေစွာ ရှိခိုးကန်တော့လိုက်ပါသည်။
စာကိုး
(၁) ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်း အမှတ် စာစောင်အတွဲ (၁)
(၂) ၂၀၀၈ ခုနှစ်အတွက် အမျိုးသား စာပေတစ်သက်တာဆု၊ အမျိုးသား စာပေဆုနှင့် စာပေဗိမာန်စာမူဆု လက်ကမ်းစာအုပ်၊ စာပေဗိမာန်
(၃) ရာပြည့် ဦးစိုးညွန့်၊ နှစ်ဆယ်ရာစု မြန်မာစာရေးဆရာ ၅၀၀ (အတ္ထု ပ္ပတ္တိအကျဉ်း)
(၄) မောင်ခေတ်ထွန်း၊ “မြသီလာသို့ အလွမ်းပြေ” (ရန်ကုန်တက္ကသိုလ် ရာပြည့်)၊ အမှတ်-၂၊ မြန်မာတိုင်း သတင်းစာ၊ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁ ရက်။
(၅) ဆရာကြီး ဒေါက်တာကျော်စိန် ရေးသားခဲ့သော စာအုပ်များ
- Log in to post comments