
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က
(၆၈) နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ
၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၅ ရက်
ချစ်ခင်လေးစားအပ်ပါသော ကယားတိုင်းရင်းသား ညီအစ်ကိုမောင်နှမများ ခင်ဗျား-
ယနေ့ကျရောက်သည့် (၆၈) နှစ်မြောက် ကယားပြည်နယ်နေ့ နေ့ထူးနေ့မြတ်အခါသမယတွင် ကယား တိုင်းရင်းသားများနှင့်တကွ ကယားပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသည့် မိဘပြည်သူညီအစ်ကိုမောင်နှမများအားလုံး ကောင်းကျိုးချမ်းသာ မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် နှုတ်ခွန်း ဆက်သအပ်ပါသည်။
မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် ပြည်နယ်နှင့်တိုင်းများ ဖွဲ့စည်းတည်ထောင်ရာတွင် ၁၉၄၇ ခုနှစ်၊ ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံ ဥပဒေ ပုဒ်မ ၁၈၀၊ ပုဒ်မခွဲ(၁) အရ ကရင်နီပြည်နယ်ကို ကရင်ပြည်နယ်အတွင်း ထည့်သွင်းပြဋ္ဌာန်းခဲ့ပြီး ၁၉၅၁ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပြင်ဆင်ချက် အက်ဥပဒေ(၁၉၅၁ ခုနှစ် အက်ဥပဒေအမှတ် ၆၂) ပုဒ်မ ၈ အရ ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် ‘‘ကရင်နီပြည်နယ်’’ ဆိုသည့်စကားရပ် ပါရှိသည့်နေရာတိုင်း၌ ထိုစကားရပ်အစား ‘‘ကယားပြည်နယ်’’ ဆိုသည့် စကားရပ်ကို ထည့်သွင်းရမည်ဟု ပြဋ္ဌာန်းခဲ့ပါ သည်။
ယင်းကဲ့သို့ ‘‘ကရင်နီပြည်နယ်’’ မှ ‘‘ကယားပြည်နယ်’’ သို့ ပြောင်းလဲ ခေါ်တွင်သည့် ပထမဦးဆုံးသော ‘‘ကယားပြည်နယ်နေ့’’ အခမ်းအနားကို ၁၉၅၂ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် စတင်ကျင်းပခဲ့ခြင်းဖြစ်ပါသည်။ ယနေ့ဆိုလျှင် (၆၈)နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။ ကယားပြည်နယ် တွင် ကယားမျိုးနွယ်စု (၉)မျိုးနှင့်တကွ အခြားသောပြည်ထောင်စုဖွား တိုင်းရင်းသားများသည် ရှေးပဝေသဏီကတည်းက နှစ်ကာလကြာညောင်းစွာ ချစ်ခင်ရင်းနှီးစွာ အတူယှဉ်တွဲနေထိုင်ခဲ့ကြပါသည်။
နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းရင်းသားလူမျိုးအသီးသီးတို့၏ ထုံးတမ်းအစဉ်အလာများ၊ ယဉ်ကျေးမှုရိုးရာဓလေ့ပွဲတော်များ၊ ဘာသာစကား၊ စာပေနှင့် တိုင်းရင်းသားအခွင့်အရေးများကို ပိုမိုတိုးတက်ဖွံ့ဖြိုးပြီး အစဉ် တည်တံ့စေရန် ရည်မှန်းလျက် ဝန်ကြီးဌာနတစ်ခု ဖွင့်လှစ်ခဲ့ပြီး ချီးမြှင့် အားပေးလျက်ရှိသကဲ့သို့ ဖွံ့ဖြိုးတိုးတက်မှုအားနည်းသည့် ပြည်နယ်များကို လည်း ပို၍ဂရုတစိုက် ပံ့ပိုးမြှင့်တင်ပေးလျက်ရှိပါသည်။
ကယားပြည်နယ်၏ သာယာလှပသော သဘာဝရေမြေတောတောင်များ၊ မြစ်ချောင်း၊ ဆည်မြောင်းများ၊ ရေတံခွန်များ၊ သဘာဝလိုဏ်ဂူများနှင့် ဒေသခံ တိုင်းရင်းသားများ၏ ရိုးသားဖော်ရွေမှုများကြောင့် ယခုအခါ ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များအတွက် အပန်းဖြေလည်ပတ်သွားလာစရာ နေရာတစ်နေရာအဖြစ် ပိုမို၍ လူသိများထင်ရှားလာပြီး သဘာဝအခြေခံ ခရီးသွားလုပ်ငန်းများအတွက် အလားလာကောင်းများစွာတည်ရှိနေပါ သည်။ ကယားပြည်နယ်၏မြို့တော်ဖြစ်သည့် လွိုင်ကော်မြို့သည် သန့်ရှင်းသော အာဆီယံခရီးသွားမြို့တော်ဆု ရရှိထားသည့်အတွက် ပြည်နယ်တစ်ခုလုံး သန့်ရှင်းသာယာသော စံပြခရီးသွားပြည်နယ်ဖြစ်လာ စေရေး ပြည်နယ်သူ၊ ပြည်နယ်သားများအားလုံးက ပူးပေါင်းပါဝင် ကြိုးပမ်း ပေးကြပါရန် အလေးအနက်တိုက်တွန်းလိုပါသည်။
ထို့ပြင် ကယားပြည်နယ်သည် အရှေ့ဘက်ရှိ ထိုင်းနိုင်ငံ၏နယ်စပ် ဝင်ပေါက်များမှတစ်ဆင့် ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှု၊ ကူးသန်းရောင်းဝယ်မှုနှင့် ခရီးသွားလာမှုများ ဝင်ရောက်လာနိုင်သည့် အလားအလာကောင်းများရှိနေသည့် ပြည်နယ်တစ်ခုလည်းဖြစ်ပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့် တစ်နိုင်ငံလုံး လျှပ်စစ်မီးရရှိရေးရည်မှန်း၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာတွင် ယခုအခါ တစ်နိုင်ငံလုံးအတိုင်းအတာအရ ပြည်သူ(၅၀) ရာခိုင်နှုန်း သုံးစွဲနိုင်နေပြီဖြစ်ပါသည်။ ကယားပြည်နယ်အနေနှင့် (၈၈.၇) ရာခိုင်နှုန်းကျော် လျှပ်စစ်မီးရရှိသုံးစွဲနေပြီ ဖြစ်သောကြောင့် စက်မှုကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဆင်သင့်ဖြစ်နေပြီ ဖြစ်ပါသည်။
နိုင်ငံတော် အစိုးရအနေဖြင့် နိုင်ငံတော်တာဝန် စတင်ထမ်းဆောင်ရသည်နှင့် တစ်ပြိုင်နက်-
- တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက် မြင့်မားရေး၊
- အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊
- ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အခြေခံ အုတ်မြစ်ဖြစ်သည့် ဖွံ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုသည့် ရည်မှန်းချက်ပန်းတိုင်(၃) ရပ်အား ချမှတ်ပြဋ္ဌာန်းပြီး ယင်းရည်မှန်းချက် များ ပြည့်မီအောင်မြင်စေရေးအတွက် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
တစ်ချိန်က တိုင်းရင်းသားညီအစ်ကိုအချင်းချင်းကြား နိုင်ငံရေးအယူဝါဒ မတူညီမှုများနှင့် သံသယများကို ဆွေးနွေးညှိနှိုင်းဖြေရှင်းခြင်းမပြုနိုင်ဘဲ လက်နက်ဖြင့်ဖြေရှင်းရန် ကြိုးစားခဲ့ကြပါသည်။ ပြဿနာ၏ အရင်းအမြစ်မှာ နိုင်ငံရေးအခြေခံပြဿနာဖြစ်ပြီး ယင်းကိုနိုင်ငံရေးနည်းဖြင့် ညှိနှိုင်းအဖြေမရှာနိုင်ခဲ့ကြသောကြောင့် နှစ်ပေါင်း (၇၀) ကျော် ပြည်တွင်းငြိမ်းချမ်းရေးနှင့် အလှမ်းဝေးနေခဲ့ကာ ယနေ့တိုင် လက်နက်ကိုင်ပဋိပက္ခ၏ ခါးသီးသောအတွေ့ အကြုံများကို တစ်နိုင်ငံလုံးခါးစည်း၍ ခံစားနေကြရဆဲဖြစ်ပါသည်။
တိုင်းရင်းသားပြည်သူများ နှစ်ပေါင်းကြာရှည် မျှော်လင့်တောင့်တခဲ့သော ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိရန် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန်၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမ များအားလုံး လက်ခံနိုင်မည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရန်တို့အတွက် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲများမှ တစ်ဆင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံအစည်းအဝေး များကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဒီမိုကရေစီနှင့် ဖက်ဒရယ်ဆိုင်ရာ ဘုံသဘောတူညီချက် (၅၁) ချက်ကို ရရှိထားပြီးဖြစ်ပါသည်။ စစ်မှန်သည့် ပြည်ထောင်စုစိတ်ဓာတ်ကို ဦးထိပ်ရွက်ကာ မိမိတို့အားလုံး စည်းလုံးညီညွတ်စွာဖြင့် အတူတကွ ကြိုးပမ်းကြမည်ဆိုလျှင် မဝေးတော့သည့် အချိန်တစ်ခုတွင် တစ်နိုင်ငံလုံး လက်နက်ကိုင်ပဋိပက္ခများ ကင်းစင်ဝေးပြီး တည်ငြိမ်ငြိမ်းချမ်း၍ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်နိုင်မည်ဟု ယုံကြည်ပါသည်။
ပြည်ထောင်စုသားအားလုံး လိုလားတောင့်တလျက်ရှိသည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရာတွင် တွေ့ကြုံနိုင်သည့် အခက်အခဲ များနှင် စိန်ခေါ်မှုမှန်သမျှကို နိုင်ငံတော်အစိုးရနှင့်အတူ ကယားပြည်နယ်ရှိ တိုင်းရင်းသားများအပါအဝင် ပြည်ထောင်စုဖွားတိုင်းရင်းသားအားလုံး၏ စုစည်းညီညွတ်မှုဖြင့် အတူတကွကြိုးပမ်းကြမည်ဆိုပါက ပြည့်ဝအောင်မြင် မည်ဟု အခိုင်အမာယုံကြည်ထားပါသည်။ လက်ရှိ ဖြစ်ထွန်းလျက်ရှိသည့် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအခြေခံကောင်းများအား မြဲမြံစွာဆုပ်ကိုင် လျက် အနှစ်နှစ်အလလက တောင့်တခဲ့သော ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုနိုင်ငံတော်ကြီးကို အောင်မြင်စွာတည်ဆောက်နိုင်စေရေး အတွက် တိုင်းရင်းသားများအားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်ရင်း (၆၈) နှစ် မြောက် ကယားပြည်နယ်နေ့အား ကြိုဆိုဂုဏ်ပြုပါကြောင်း သဝဏ်လွှာပေးပို့ အပ်ပါသည်။
(ပုံ) ဝင်းမြင့်
နိုင်ငံတော်သမ္မတ