
နေပြည်တော် ဇန်နဝါရီ ၁၂
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန့်စင်မောင်သည် မြန်မာ့မီးရထား ဦးဆောင် ညွှန်ကြားရေးမှူး ဦးဘမြင့်နှင့်အတူ ယမန်နေ့ ညနေပိုင်းတွင် လူစီးတွဲနှင့်ကုန်တွဲစက်ရုံ (မြစ်ငယ်)သို့ ရောက်ရှိပြီး ကိုရီးယား EDCF နိုင်ငံချေးငွေဖြင့် ဝယ်ယူထားသည့် လေအေး ပေးစက်ပါ လေအိတ်အထက်တန်းတွဲ ၁၀ တွဲကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဖြည့်ဆည်းမှာကြား
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လူစီးတွဲ နှင့် ကုန်တွဲစက်ရုံ (မြစ်ငယ်)သို့ ရောက်ရှိရာ စက်ရုံတာဝန် ရှိသူများက စက်ရုံနှင့်ပတ်သက်၍ လုပ်ငန်းဆောင်ရွက်ထား ရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်းမှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စက်ရုံလုပ်ငန်း ခွင်သို့ သွားရောက်ပြီးEDCF ချေးငွေဖြင့် ဝယ်ယူထားသည့် ကိုရီးယားနိုင်ငံမှ ရောက်ရှိလာသော လေအေးပေးစက်ပါ လေအိတ်အထက်တန်းတွဲ ၁၀ တွဲရောက်ရှိနေမှု၊ စားသောက် တွဲ တည်ဆောက်နေမှု၊ လူစီးတွဲနှင့် ကုန်တွဲစက်ရုံ (မြစ်ငယ်) မှ နိုင်ငံတော်ဘဏ္ဍာငွေဖြင့် တည်ဆောက်ထုတ်လုပ်နေသည့် လေအိတ်ဘူဂီ လူစီးတွဲ ၁၅ တွဲ တည်ဆောက်နေမှု၊ တွဲများ တည်ဆောက်ရာတွင် အသုံးပြုသည့် ဂဟေဆော်သည့်စက်ရုပ် အား ကြည့်ရှုစစ်ဆေးပြီး ဆောင်ရွက်နေသည့်လုပ်ငန်းများ အရည်အသွေးပြည့်မီရန် သတ်မှတ်ကာလအတွင်း ပြီးစီး ရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးတို့ကို တာဝန်ရှိသူ များအား မှာကြားသည်။
အဆိုပါ EDCF ချေးငွေဖြင့် ဝယ်ယူထားသည့် ကိုရီးယား နိုင်ငံမှ ပထမအသုတ်ရောက်ရှိလာသော လေအေးပေးစက် ပါ လေအိတ်အထက်တန်းတွဲ ၁၀ တွဲနှင့် စားသောက်တွဲ တစ်တွဲ၊ ဘရိတ်တွဲတစ်တွဲတို့ကို ချိတ်ဆက်ပြီး မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်းတွင် ခရီးသွားပြည်သူများ အတွက် ပြေးဆွဲပေးသွားမည်ဖြစ်ပြီး အထက်တန်းတွဲ တစ်တွဲလျှင် ၃၃ ဦးနှုန်းဖြင့် ခရီးသည် ၃၃၀၊ စားသောက်တွဲ တစ်တွဲ၊ ရိုးရိုးတန်း ၃၃ ဦး စီးနင်းနိုင်သည့် ဘရိတ်တွဲတစ်တို့အား မန္တလေး- မြစ်ကြီးနားရထားလမ်းပိုင်း၌ မတ်လဆန်း ပိုင်းတွင် ပြေးဆွဲပေးနိုင်ရေး စီစဉ်ထားရှိပြီးဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်း တွင် ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းသို့ ရောက်ရှိပြီး ကျောင်းရှိ အရာထမ်း၊ အမှုထမ်းများ၊ သင်တန်းသား သင်တန်း သူများအား တွေ့ဆုံစဉ် သင်တန်းသားများအနေဖြင့် ရိုးသား ဖြောင့်မတ်မှန်ကန်စွာ ပြောဆိုဆက်ဆံနိုင်ရေး အစဉ်အမြဲ ကြိုးစားကြရန်၊ ဝန်ထမ်း၊ သင်တန်းသားများအားလုံး အင်္ဂလိပ်စာနှင့် ကွန်ပျူတာကို လေ့လာသင်ယူကြရန်၊ သက်ဆိုင်ရာ ဘာသာရပ်များကို ကျွမ်းကျင်ပိုင်နိုင်စေရန်နှင့် ဗဟုသုတပြည့်ဝသော ဝန်ထမ်းများဖြစ်အောင် ကြိုးစားကြ ရန် မှာကြားပြီး သင်တန်းကျောင်းအတွင်း လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်