ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့နှင့်ညီနောင်အသင်းများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၊ သားငါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆွေးနွေး

 
 
နေပြည်တော် ဇန်နဝါရီ ၁၂
 
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူသည် ယနေ့နံနက် ၉ နာရီခွဲတွင် အင်းစိန်မြို့နယ်ရှိ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ ချုပ်ရုံးအစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာ မြဟန်နှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူ များနှင့်တွေ့ဆုံ၍ သားငါးကဏ္ဍဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာများ ဆွေးနွေးပြောကြားသည်။
 
အသားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး
 
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနအနေဖြင့် အသားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကို မူဝါဒနှင့် ရည်မှန်းချက်များချမှတ်အကောင် အထည်ဖော် ကြိုးပမ်းဆောင်ရွက်လျက်ရှိ သကဲ့သို့ အစားအစာဘေးကင်းလုံခြုံရေးနှင့် အာဟာရပြည့်ဝရေး၊ တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက် ပစ္စည်းများ အရည်အသွေးမြင့်မားစွာ ထုတ်လုပ် နိုင်ရေး၊ ရောဂါကာကွယ်ထိန်းချုပ်ရေး၊ ဥပဒေ ကြောင်းဆိုင်ရာ လမ်းညွှန်မှုနှင့်ဦးစီးဦးဆောင် မှုပြုနိုင်ရေးတို့အတွက် တိရစ္ဆာန်ကျန်းမာရေး နှင့် မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေ (မူကြမ်း)ကို ရေးဆွဲလျက်ရှိရာ ပြည်သူ့ လွှတ်တော်မှ အတည်ပြုခဲ့ပြီးဖြစ်၍ အမျိုးသား လွှတ်တော် ဥပဒေကြမ်းကော်မတီတွင် အပြီးသတ်ဆွေးနွေးရန် ဆောင်ရွက်လျက် ရှိကြောင်း။
 
အသားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် တစ်ပိုင်တစ်နိုင် မွေးမြူရေးနှင့် စီးပွားဖြစ် မွေးမြူရေးလုပ်ငန်းများ၊ မွေးမြူ ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးကို အထောက် အကူပြုမည့် တိရစ္ဆာန်ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန် ကျေးလက်နေ လူငယ်များအား မွေးမြူ ထုတ်လုပ်မှုဆိုင်ရာနှင့် တိရစ္ဆာန်ကူးစက်ရောဂါ ဆိုင်ရာ သင်တန်းများပို့ချခြင်း၊ အပြည်ပြည် ဆိုင်ရာ အဖွဲ့အစည်းများ ဆောင်ရွက်လျက် ရှိသည့် လုပ်ငန်းစီမံကိန်းဒေသများတွင် အရင်း အနှီး၊ မျိုး၊ နည်းပညာဖြန့်ဖြူးခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်အနေဖြင့်လည်း အဆိုပါလုပ်ငန်းစဉ် များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ပါ ကြောင်း ဆွေးနွေးပြောကြားသည်။
 
ရှင်းလင်းတင်ပြ
 
ထို့နောက် မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာမြဟန်က မွေးမြူရေး လုပ်ငန်းဆိုင်ရာ ကဏ္ဍများနှင့်ပတ်သက်၍ လည်းကောင်း၊ ဒုတိယဥက္ကဋ္ဌ (၁) က ကြက်-ငါး တွဲဖက်မွေးမြူခြင်းဆိုင်ရာ ကိစ္စရပ်နှင့် ပတ်သက်၍လည်းကောင်း၊ ဒုတိယဥက္ကဋ္ဌ (၂) က မွေးမြူရေးဆိုင်ရာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကိစ္စရပ်နှင့်ပတ်သက်၍လည်းကောင်း၊ မြန်မာ နိုင်ငံ မွေးမြူရေးအစာ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချသူများအသင်း ဒုတိယဥက္ကဋ္ဌက မွေးမြူ ရေး အစာကုန်ကြမ်းဖြစ်သော ပြောင်းတင်သွင်း ခြင်းကိစ္စရပ်နှင့်စပ်လျဉ်း၍ လည်းကောင်း၊ မြန်မာနိုင်ငံ ပျားလုပ်ငန်းအသင်းဥက္ကဋ္ဌက ပျားရည်တင်ပို့ခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းတင်ပြ ကြသည်။
 
မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် သည် ပြည်တွင်းမွေးမြူထုတ်လုပ်မှုကို နိုင်ငံ တကာ စံချိန်စံညွှန်းနှင့်အညီ ထုတ်လုပ်နိုင်ရေး၊ ထုတ်လုပ်မှုစရိတ်လျှော့ချရေး၊ လုပ်ငန်းတိုးချဲ့ ရေးအတွက် အခြေခံလိုအပ်ချက်ရရှိရေး၊ နည်းပညာရရှိရေးတို့ကို နိုင်ငံတကာအစိုးရ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော နိုင်ငံ တကာ အဖွဲ့အစည်းများ၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့နှင့် ပူးပေါင်းဆောင်ရွက် ပေးလျက်ရှိသည့် အဖွဲ့အစည်းတစ်ခု ဖြစ်သည်။
 
မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့် တိရစ္ဆာန်ကျန်းမာရေး စောင့်ရှောက်ဝန်ဆောင် မှုလုပ်ငန်းများကို ကျေးလက်ဒေသများအထိ ရောက်ရှိစေရန် တိရစ္ဆာန်ကျန်းမာရေးလုပ်သား များ မူဝါဒကိုရေးဆွဲနိုင်ခဲ့ကာ ရန်ကုန်နှင့် မန္တလေးဓာတ်ခွဲခန်းများကို နိုင်ငံတကာ အဆင့်မီ ISO 17025:2007 လက်မှတ်ရ ဓာတ်ခွဲခန်းများဖြစ်စေရန် အဆင့်မြှင့်တင်ခြင်း များဆောင်ရွက်လျက်ရှိပြီး တရုတ်နိုင်ငံ GACC နှင့် တိရစ္ဆာန်ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းစဉ်ကို လက်မှတ်ရေးထိုးနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
 
၂၀၁၉ ခုနှစ် စက်တင်ဘာလအထိ ပြည်ပသို့ တင်ပို့နိုင်ရန် ကျွဲ၊ နွားကောင်ရေ ၅၈၀၀၁၅ ကောင်ကို ကျန်းမာရေးစစ်ဆေးပေးနိုင်ခဲ့သည့် အတွက် အမေရိကန်ဒေါ်လာ သန်း ၅၅၀ ကျော်ကို နိုင်ငံတော်ဘဏ္ဍာငွေအဖြစ် ရှာဖွေ ပေးနိုင်ခဲ့ပြီး မွေးမြူထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ပြည်တွင်းစားသုံးမှု ဖူလုံစေရန်၊ နိုင်ငံတွင်း အရင်းအမြစ်များကို မထိခိုက်စေဘဲ တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက် ပစ္စည်းများ ပြည်ပသို့ တရားဝင်တင်ပို့နိုင်ရန် နှင့် မွေးမြူရေးလုပ်ငန်းဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်လာစေရန်တို့ အတွက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။
 
သတင်းစဉ်