သူနာပြုနှီးနွှယ်ကွင်းဆင်းလေ့ကျင့်သင်တန်းကျောင်း၏ စာသင်ဆောင်၊ ကျောင်းသူအိပ်ဆောင်နှင့် ထမင်းစားဆောင်ဖွင့်ပွဲ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက်

 
 
 
ရန်ကုန် ဇန်နဝါရီ ၁၁
 
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းနှင့်အတူ ယနေ့နံနက် ပိုင်းတွင် ဒဂုံမြို့သစ် (အရှေ့ပိုင်း) သူနာပြုနှီးနွှယ်ကွင်းဆင်း လေ့ကျင့်သင်တန်းကျောင်းတွင် ကျင်းပသည့် “သူနာပြု နှီးနွှယ်ကွင်းဆင်းလေ့ကျင့်သင်တန်းကျောင်း၏ စာသင် ဆောင်၊ ကျောင်းသူအိပ်ဆောင်နှင့် ထမင်းစားဆောင် ဖွင့်ပွဲအခမ်းအနား”သို့ တက်ရောက်သည်။
 
ဖဲကြိုးဖြတ်ဖွင့်လှစ်
 
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး) ဒေါက်တာ သာထွန်းကျော်၊ ညွှန်ကြားရေးမှူးချုပ် (ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန) ဒေါက်တာတင်တင် လေး၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန) ဒေါက်တာစိုးဦးတို့က သူနာပြုနှီးနွှယ် ကွင်းဆင်းလေ့ကျင့်သင်တန်းကျောင်း၏ စာသင်ဆောင်၊ ကျောင်းသူအိပ်ဆောင်နှင့် ထမင်းစားဆောင်တို့ကို ဖဲကြိုး ဖြတ် ဖွင့်လှစ်ပေးကြသည်။
 
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အဖွင့် အမှာစကားပြောကြားရာတွင် လူနာများအား ပြုစုကုသမှု၊ လူနာများဘေးကင်းလုံခြုံမှုကိစ္စရပ်များတွင် သူနာပြုများ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးပါကြောင်း၊ ဝန်ကြီး ဌာနအနေဖြင့် သူနာပြုသားဖွားကဏ္ဍ ဘက်စုံဖွံ့ဖြိုးရေး ကိစ္စရပ်များကို ဦးစားပေးသတ်မှတ် ဆောင်ရွက်လျက် ရှိပါကြောင်း၊ သူနာပြုသင်တန်းကျောင်းများတွင် အသုံးပြု သော သင်ရိုးညွှန်းတမ်းများကိုလည်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့မှ ပညာရှင်များနှင့်ပူးပေါင်း၍ နိုင်ငံတကာအဆင့်မီ ဖြစ်စေရေး ရေးဆွဲခဲ့ပါကြောင်း။
 
၃၆၀၀ အထိ တိုးမြှင့်ခေါ်ယူ
 
ရွှေဘို၊ မြောင်းမြနှင့် ဟားခါးမြို့တို့တွင်လည်း သူနာပြု သင်တန်းကျောင်းများကို အသစ်ဖွင့်လှစ်ခဲ့ပြီး သူနာပြု သင်တန်းကျောင်းများတွင်လည်း ယခင်က တစ်နှစ်လျှင် စုစုပေါင်း ၁၈၀၀ ခန့်သာ လေ့ကျင့်မွေးထုတ်ပေးခဲ့ရာမှ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှစတင်၍ ၃၆၀၀ အထိ တိုးမြှင့်ခေါ်ယူလေ့ကျင့်နိုင်ရန်အတွက် လိုအပ်သည့် အရင်း အမြစ်များကို ဖြည့်ဆည်းကာ ဆောင်ရွက်ခဲ့ပါကြောင်း၊ ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အတွက် လိုအပ်လျက်ရှိသော သူနာပြုလူ့စွမ်းအားအရင်းအမြစ်များ ထပ်မံတိုးမြှင့်လေ့ကျင့်ပေးနိုင်ရန်အတွက် လိုအပ်သည့် နည်းပြဆရာ၊ ဆရာမ၊ အဆောက်အဦ၊ သင်ကြားမှုအထောက်အကူပြုပစ္စည်းများ၊ ဘဏ္ဍာငွေ စသည်တို့ကို တိကျစွာ သိရှိချမှတ်နိုင်ရေးအတွက် ဘက်စုံ ခြုံငုံသုံးသပ်မှုများလည်း ပြုလုပ်စေလိုပါကြောင်း။
 
သူနာပြုသားဖွားသင်တန်းကျောင်းများ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးကိစ္စရပ်များနှင့်ပတ်သက်၍ သူနာပြုသားဖွား သင်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများအနေဖြင့် ပုံမှန် တွေ့ဆုံဆွေးနွေးခြင်း၊ အတွေ့အကြုံဝေမျှခြင်းများ ကို ပြုလုပ်ကြစေလိုပါကြောင်း၊ သင်ကြားရေးဆေးရုံများမှ ဆေးရုံအုပ်ကြီးများ၊ အထူးကုဆရာဝန်များနှင့်လည်း ပုံမှန် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ကာ သူနာပြုစုကုသမှု လက်တွေ့သင်ကြားခြင်းများ ပိုမိုကောင်းမွန်စေရေး ဆောင်ရွက်ကြစေလိုပါကြောင်း။
 
ထို့အပြင် သူနာပြုသင်တန်းသား သင်တန်းသူများထံမှ အကြံပြုချက်များကိုလည်း ရယူ၍ ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းများရှိ စာကြည့်တိုက်များတွင် သက်ဆိုင်ရာ ပညာရပ်စာအုပ် စာတမ်းများအပါအဝင် လိုအပ်သည့် စာအုပ်စာတမ်းများ စုံလင်စွာထားရှိကာ သင်တန်းသား သင်တန်းသူများ စာကြည့်တိုက်ကို ပိုမိုအသုံးချလေ့လာစေရေးကိုလည်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ တွင် ကျင်းပခဲ့သည့် “အမျိုးသားအဆင့် သူနာပြုနှင့် သားဖွား နှီးနှောဖလှယ်ပွဲ” နှင့် ၂၀၁၇ ခုနှစ်တွင် ကျင်းပခဲ့သည့် “သူနာပြုနှင့် သားဖွားပညာရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲ” တို့မှ ထွက်ပေါ်လာသော အကြံပြုချက်များ၊ ဆောင်ရွက် ရမည့်လုပ်ငန်းများနှင့်ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှု အခြေ အနေများကို ပြန်လည်သုံးသပ်ခြင်းနှင့် ဦးစားပေးအဆင့် အလိုက် ဆောင်ရွက်ရန် လိုအပ်သည်များကို အားဖြည့် ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်သွားစေလိုပါကြောင်း။
 
ဝန်ကြီးဌာနအနေဖြင့် သူနာပြုသိပ္ပံဘွဲ့၊ သူနာပြုသိပ္ပံ (ပေါင်းကူး) On-campus Program၊ သူနာပြုသိပ္ပံ (ပေါင်းကူး) Off-campus Program၊ သူနာပြုဒီပလိုမာ သင်တန်းများဖြင့် သူနာပြုများကို မွေးထုတ်လေ့ကျင့်ပေးလျက်ရှိပါကြောင်း၊ ယခု သင်တန်းတက်ရောက်နေသော သူနာပြုသင်တန်းသား သင်တန်းသူများအနေဖြင့်လည်း အထူးပြု သူနာပြုသင်တန်းများ၊ မဟာဘွဲ့နှင့် ပါရဂူဘွဲ့ သင်တန်းများ တက်ရောက်နိုင်သည်အထိ ကြိုးပမ်းကြစေ လိုပါကြောင်း၊ သူနာပြုများအနေဖြင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် သူနာပြု အဓိဋ္ဌာန် သစ္စာနှင့်အညီ၊ သူနာပြုကျင့်ဝတ်များနှင့်အညီ ဆောင်ရွက်ခြင်းဖြင့် လူနာများ၏ အားကိုးယုံကြည်မှုများကို ရရှိနိုင်ရုံသာမက လုပ်ဖော်ကိုင်ဖက် ဆေးနှင့် ဆေးနှီးနွှယ် ပညာရှင်များကလည်း လေးစားကြမည်ဖြစ်ပါကြောင်း။
 
သူနာပြုသင်တန်းသား၊ သင်တန်းသူများအနေဖြင့် စာပေပညာရပ်များ၊ လက်တွေ့ သူနာပြုစုမှုပညာရပ်များကို သင်ယူလေ့ကျင့်ရုံသာမက ကိုယ်လက်လှုပ်ရှား အားကစား ကိုလည်း ပြုလုပ်ကြစေလိုပါကြောင်း၊ သင်တန်းကျောင်း ပိုမိုဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များကို လွှတ်တော်ကိုယ်စား လှယ်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ဆက်လက် ပံ့ပိုးစေလိုပါကြောင်း။
ဝန်ကြီးဌာနအနေဖြင့် သူနာပြုနှင့် သားဖွားကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များအတွက် ဦးစားပေး သတ်မှတ်ကာ ဆက်လက်ပံ့ပိုးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
 
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းက အမှာစကားပြောကြားပြီး သူနာပြုနှီးနွှယ်ကွင်းဆင်းလေ့ကျင့်သင်တန်းကျောင်းမှ ကျောင်းအုပ် ကြီး ဒေါ်မိခင်စောမူက သင်တန်းကျောင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
 
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများ သည် သင်တန်းကျောင်း အဆောင်သစ်များ၊ စာသင်ဆောင် များ၊ စာကြည့်တိုက်နှင့် လက်တွေ့ပုံတူသရုပ်ပြသင်ကြားခန်း တို့ကို လှည့်လည်ကြည့်ရှုသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်မြို့ Novotel Hotel ၌ ကျင်းပသည့် “ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံ Niigata University တို့ ပူးပေါင်း ဆောင်ရွက်မှု (၂၀)နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနား” သို့ တက်ရောက်သည်။
 
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာ-ဂျပန် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးစွာဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံ Niigata University တို့ နှစ်ပေါင်း ၂၀ ကြာ ပူးပေါင်းဆောင်ရွက်မှုများသည် ဝန်ကြီးဌာနအတွက် များစွာအကျိုးရှိစေခဲ့ပါကြောင်း၊ Niigata University မှ ခေတ်မီနောက်ဆုံးပေါ် ကျွမ်းကျင်မှုပိုင်းဆိုင်ရာ၊ သုတေသနပိုင်းဆိုင်ရာ၊ ပညာရပ်ပိုင်းဆိုင်ရာများ၊ ဓာတ်ခွဲမှု ပိုင်းဆိုင်ရာ ဝေမျှခဲ့မှုကြောင့် ဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်များ မြင့်မားလာကာ ဝန်ကြီးဌာနနှင့် ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များတွင် များစွာ အထောက်အကူပြုနိုင်ခဲ့ပါကြောင်း၊ ဝန်ကြီးဌာန၊ အမျိုးသားကျန်းမာရေးဆိုင်ရာဓာတ်ခွဲဌာန (NHL) နှင့် Niigata University တို့သည် “ရာသီတုပ်ကွေး ရောဂါ စောင့်ကြပ်ကြည့်ရှုမှု သုတေသနလုပ်ငန်းများ” ကိုလည်း ၂၀၀၄ ခုနှစ်မှစတင်၍ ပူးပေါင်းဆောင်ရွက်နိုင် ခဲ့ပြီး ယခုအခါ အဆိုပါလုပ်ငန်းဆောင်ရွက်မှုနေရာ နှစ်ခုကို ထပ်မံတိုးချဲ့ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် ၂၀၁၇ ခုနှစ်တွင် ရာသီတုပ်ကွေးရောဂါ ပျံ့နှံ့ဖြစ်ပွားမှုဖြစ်စဉ် ၌လည်း Niigata University မှ ကျွမ်းကျင်မှုပိုင်းဆိုင်ရာ ပံ့ပိုးမှုများ ဆောင်ရွက်ခဲ့သည်ကို ကျေးဇူးတင်ရှိပါကြောင်း။
 
ဖော်ထုတ်ဆောင်ရွက်စေလို
 
Niigata University တွင် ပညာတော်သင် သွားရောက်ခဲ့သည့် ဝန်ကြီးဌာနမှဝန်ထမ်းများအနေဖြင့် ပညာတော်သင်ပြီးဆုံး၍ ပြန်လည်တာဝန်ထမ်းဆောင် သည့်အခါ သင်ကြားသင်ယူမှု အတွေ့အကြုံများကို ပြန်လည်ဝေမျှပေးစေလိုပါကြောင်း၊ ပူးပေါင်းဆောင်ရွက် ခဲ့သည့် သုတေသနလုပ်ငန်းများမှ ရလဒ်နှင့် တွေ့ရှိချက်များ ကို လက်တွေ့လုပ်ငန်းများ ဆောင်ရွက်ရာတွင် အမှန် တကယ် အကျိုးရှိစွာ အသုံးချဆောင်ရွက်စေလိုပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူ့ကျန်းမာရေးပညာရှင်များ နှင့် ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ကာ ပြည်သူလူထုအတွင်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ်များ ဖော်ထုတ်ဆောင်ရွက်စေလိုပါကြောင်း။
 
Niigata University အနေဖြင့် ဝန်ကြီးဌာနရှိ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန၊ တက္ကသိုလ်များနှင့် သဘောတူညီမှုစာချွန်လွှာနှင့် နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးကာ အဆင့် အတန်းမြင့်မားသည့် သုတေသနလုပ်ငန်းများအပါအဝင် လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်ပူးပေါင်းဆောင်ရွက်စေလိုပါကြောင်း ပြောကြားသည်။
 
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံရုံးမှ Deputy chief of mission ဖြစ်သူ Mr. Toru Maeda နှင့် Niigata University မှ ဥက္ကဋ္ဌ Professor Sugata Takahashi တို့က နှုတ်ခွန်းဆက်စကား ပြောကြားကြသည်။
 
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် Niigata University တို့သည် လာမည့် ငါးနှစ်တာကာလအတွင်း လက်ရှိဆောင်ရွက်နေသည့် ရာသီတုပ်ကွေးရောဂါ စောင့်ကြပ်ကြည့်ခြင်းလုပ်ငန်းအပြင် ကိုယ်ဝန်ဆောင်မိခင် များကို ရာသီတုပ်ကွေးရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း ဖြင့် မွေးဖွားလာမည့် ကလေးငယ်များကို တုပ်ကွေးရောဂါ ကာကွယ်ပေးနိုင်ခြင်းရှိ၊ မရှိ သုတေသနလုပ်ငန်းနှင့် ကလေး များတွင် ဦးနှောက်အမြှေးရောင်ရောဂါ ဖြစ်ပွားမှုအခြေ အနေ လေ့လာခြင်းလုပ်ငန်းများကို ပူးပေါင်းလုပ်ဆောင် သွားရန် ဆွေးနွေးသဘောတူညီမှုရရှိခဲ့သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း နှင့်အတူ မွန်းလွဲပိုင်းတွင် ဗဟိုအမျိုးသမီးဆေးရုံကြီး (ရန်ကုန်)၌ ကျင်းပခဲ့သော “မြန်မာနိုင်ငံ၏ ပထမဆုံးသော နိုင်ငံတကာအဆင့်မီ မိခင်နို့ရည်ဘဏ်ဖွင့်ပွဲအခမ်းအနား” သို့ တက်ရောက်သည်။
 
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စု ဝန်ကြီးရုံး) ဒေါက်တာသာထွန်းကျော်၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန) ဒေါက်တာ စိုးဦး၊ မွေးကင်းစအထူးကုဆရာဝန်ကြီး(ငြိမ်း) ပါမောက္ခ ဒေါက်တာစန်းစန်းမြင့်တို့က နိုင်ငံတကာအဆင့်မီ မိခင် နို့ရည်ဘဏ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
 
ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြား ရာတွင် နိုင်ငံတကာအဆင့်မီ မိခင်နို့ရည်ဘဏ်ကို ယခု ကဲ့သို့ အောင်မြင်စွာ ဖွင့်လှစ်နိုင်ရန် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ခဲ့ကြသည့် ဆေးရုံအုပ်ကြီး၊ ပါမောက္ခ/ ဌာနမှူး များ၊ အလှူရှင်များနှင့် တာဝန်ရှိသူများအားလုံးကို ကျေးဇူး တင်ရှိ ဂုဏ်ပြုပါကြောင်း၊ ဤကဲ့သို့ မိခင်နို့ရည်ဘဏ်ကို တည်ထောင်နိုင်ခြင်းကြောင့် အကြောင်းအမျိုးမျိုးကြောင့် မိခင်နို့ရည်မရရှိနိုင်သော နာမကျန်းမိခင်များ၏ ကလေးများ၊ မိခင်သေဆုံးသွားသူကလေးများ၊ စွန့်ပစ်ခံကလေးများ၊ လမစေ့၊ ကိုယ်အလေးချိန်မပြည့်ဘဲ မွေးဖွားသောကလေး များအတွက် အထူးအကျိုးရှိမည်ဖြစ်ပါကြောင်း၊ လူသား မိခင်နို့ကိုသောက်သုံးရခြင်းဖြင့် ကလေးငယ်များ၏ ကိုယ်ခန္ဓာ ဖွံ့ဖြိုးမှု၊ ဦးနှောက်ဖွံ့ဖြိုးမှုသာမက ရောဂါပိုးများကို ခုခံနိုင်သည့် ကိုယ်ခံအား ပဋိပစ္စည်းများကို ရရှိစေနိုင်မည်ဖြစ်ပါကြောင်း။
 
မိခင်နို့ရည်ကို မည်သည့်နို့အမျိုးအစား၊ မည်သည့် အာဟာရနှင့်မျှ အစားထိုး၍မရပါကြောင်း၊ မိခင်နို့သည် နို့မှုန့်နှင့် အခြားနို့ထွက်ပစ္စည်းများထက်မဆို အဆများစွာ ဘေးအန္တရာယ်ကင်းပြီး အကျိုးကျေးဇူးရှိပါကြောင်း၊ ယခုလို နို့တိုက်မိခင်များထံမှ မိခင်နို့ရည်များကို စနစ်တကျစုဆောင်း ပြီး တိုက်ကျွေးနိုင်ခြင်းကြောင့် မွေးကင်းစကလေးသေဆုံး၊ တစ်နှစ်အောက်နှင့် ငါးနှစ်အောက်ကလေး သေဆုံးမှုများ လျော့နည်းကျဆင်းလာမည်ဖြစ်ပါကြောင်း။
 
ဖွင့်လှစ် ဆောင်ရွက်နိုင်ခဲ့ပြီ
 
မြန်မာနိုင်ငံတွင် မိခင်နို့ရည်ဘဏ်ကို ၁၉၉၄ ခုနှစ် တွင် ဗဟိုအမျိုးသမီးဆေးရုံကြီး (ရန်ကုန်)၊ မွေးကင်းစ ကလေး အထူးကြပ်မတ်ကုသဆောင်၌ အငြိမ်းစား ပါမောက္ခ ဒေါက်တာစန်းစန်းမြင့်က စတင်ဆောင်ရွက်ခဲ့ပြီး ယခုအခါ နိုင်ငံတကာအဆင့်မီ ခေတ်မီစက်ပစ္စည်းကိရိယာများ ဖြည့်ဆည်းခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းရေး ဆန်းစစ် သုံးသပ်ခြင်းများပြုလုပ်ခြင်း၊ လုပ်ထုံးလုပ်နည်းနှင့် လုပ်ငန်း လမ်းညွှန်များပြုစုရေးဆွဲခြင်းများ ပြုလုပ်၍ မြန်မာနိုင်ငံ၏ ပထမဆုံး နိုင်ငံတကာအဆင့်မီ မိခင်နို့ရည်ဘဏ်ကို ဖွင့်လှစ် ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် နို့တိုက်မိခင်များက လှူဒါန်းသော နို့ရည်များကို ရောဂါပိုး ကင်းရှင်းအောင် သန့်စင်သော နို့ပေါင်းခံစက် (Human Milk Pasteurizer) ကို ယခုမိခင်နို့ရည်ဘဏ် ဖွင့်လှစ်နိုင် ရေးအတွက် ဝယ်ယူပံ့ပိုးပေးခဲ့ပြီး အလှူရှင်များကလည်း အခြား စက်ပစ္စည်းကိရိယာများနှင့် လိုအပ်ချက်များကို စေတနာထက်သန်စွာဖြင့် လှူဒါန်းပေးခဲ့ပါကြောင်း။
 
ထို့အပြင် ရန်ကုန်ကလေးဆေးရုံကြီး၊ ရန်ကင်းကလေး ဆေးရုံကြီး၊ မြောက်ဥက္ကလာပသင်ကြားရေးဆေးရုံကြီး၊ မန္တလေးဗဟိုအမျိုးသမီးဆေးရုံကြီး၊ မန္တလေးခုတင် (၅၅၀) ဆံ့ ကလေးဆေးရုံကြီးနှင့် တောင်ကြီးအမျိုးသမီးနှင့် ကလေးဆေးရုံကြီးတို့အတွက် နို့ရည်များကို ရောဂါပိုး ကင်းရှင်းအောင် သန့်စင်သော နို့ပေါင်းခံစက်(Human Milk Pasteurizer) တစ်လုံးစီကို ဝယ်ယူထားပြီးဖြစ်ကာ ဤကဲ့သို့ နိုင်ငံတကာအဆင့်မီ မိခင်နို့ရည်ဘဏ်များ တည်ထောင်နိုင် ရေး ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ဆေးရုံကြီးများတွင်လည်း နိုင်ငံတကာအဆင့်မီ မိခင်နို့ရည်ဘဏ်များ ဖွင့်လှစ်နိုင်ရေးဆောင်ရွက်သွားနိုင်ရေး အဆင့်လိုက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
 
ယင်းနောက် ဗဟိုအမျိုးသမီးဆေးရုံကြီး (ရန်ကုန်) ဆေးရုံအုပ်ကြီး ပါမောက္ခဒေါက်တာ ခင်ပြုံးကြည်နှင့် Alive and Thrive ၏ Regional Technical Specialist ဖြစ်သူ Ms. Jennifer Cashin တို့က နှုတ်ခွန်းဆက်စကား အသီးသီး ပြောကြားခဲ့ပြီး မွေးကင်းစအထူးကုဆရာဝန်ကြီး (ငြိမ်း) ပါမောက္ခ ဒေါက်တာစန်းစန်းမြင့်က မိခင်နို့ရည်ဘဏ် အကြောင်းကို ရှင်းလင်းတင်ပြသည်။
 
ထို့နောက် နိုင်ငံတကာအဆင့်မီ မိခင်နို့ရည်ဘဏ် အတွက် အလှူငွေများ လှူဒါန်းရခြင်းအကြောင်းကို အလှူငွေ မတည်သူ ဒေါက်တာထက်ဇံလင်းက ရှင်းလင်းပြောကြား သည်။
 
ဆက်လက်၍ မွေးကင်းစကလေးအထူးကု ပါမောက္ခ ဒေါက်တာနန့်စမ်းစမ်းအေးက နိုင်ငံတကာအဆင့်မီ မိခင်နို့ရည်ဘဏ် တည်ဆောက်ခဲ့ပုံများကို ရှင်းလင်းတင်ပြခဲ့ ကြောင်း သတင်းရရှိသည်။
 
သတင်းစဉ်