ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ကျန်းမာရေးဝန်ကြီးဌာန
အမိန့်အမှတ် ၃၀၂ /၂၀၂၁
၁၃၈၃ ခုနှစ်၊ ဝါခေါင်လဆန်း ၁၂ ရက်
(၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်)
ကျန်းမာရေးဝန်ကြီးဌာနသည် ကူးစက်ရောဂါများ ကာကွယ် နှိမ်နင်းရေး ဥပဒေပုဒ်မ ၂၁ ပုဒ်မခွဲ (ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကို ထုတ်ပြန်လိုက်သည်။
၁။ ကျန်းမာရေးဝန်ကြီးဌာနသည် လတ်တလော အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါ (Coronavirus Disease 2019 – COVID-19) ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်အတွင်းရှိ ကျိုင်းတုံ မြို့နယ်တွင် COVID-19 ဓာတ်ခွဲအတည်ပြုလူနာများ တွေ့ရှိရမှု များပြားလာပြီး ပိုးတွေ့နှုန်း မြင့်တက်လျက်ရှိပါသဖြင့် အဆိုပါမြို့နယ် တွင်နေထိုင်သည့် ပြည်သူများအနေဖြင့် မိမိနေအိမ်တွင် နေထိုင်ရန် (Stay at Home) လိုအပ်ပါသည်။
၂။ သို့ဖြစ်ပါ၍ ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်တွင် နေထိုင်သည့် ပြည်သူများအနေဖြင့် နေအိမ်တွင်နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကြေညာလိုက်သည်။
၃။ အဆိုပါမြို့နယ်ရှိ နေအိမ်တွင်နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်သော ပြည်သူများသည် အောက်ပါ စည်းကမ်းချက်များကို လိုက်နာရမည် -
(က) မိမိနေအိမ်တွင်သာ နေထိုင်ရန်-
(၁) အစိုးရဌာနများတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများမပါ၊
(၂) ပုဂ္ဂလိကလုပ်ငန်းများဖြစ်သည့် စက်သုံးဆီ အရောင်းဆိုင်များ၊ စားသောက်ကုန်နှင့် သား၊ ငါး၊ အအေးခန်းလုပ်ငန်းများ၊ ဆေးဝါးနှင့် ဆေးပစ္စည်း ကိရိယာ ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းများ၊ ရေသန့်ထုတ်လုပ်ဖြန့်ဖြူးရောင်းချ ရေးလုပ်ငန်းများ၊ နေ့စဉ်တစ်ကိုယ်ရေသုံးပစ္စည်း ထုတ်လုပ်သည့် စက်ရုံများတွင် တာဝန်ထမ်းဆောင် ရန် သွားရောက်သူများနှင့် ဆက်စပ်ဆောင်ရွက် ရသည့်လုပ်ငန်းများ၌ မဖြစ်မနေ တာဝန်ထမ်းဆောင် သူများမပါ၊
(၃) ဆက်သွယ်ရေးဝန်ဆောင်မှုပေးရသော လုပ်ငန်း များဖြစ်သည့် စာပို့တိုက်ဝန်ဆောင်မှုလုပ်ငန်း၊ ကြိုးဖုန်းနှင့် မိုဘိုင်းတယ်လီဖုန်း ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်း၊ အင်တာနက်ဝန်ဆောင်မှု များ (ဆိုင်ဖွင့်လှစ်၍ တယ်လီဖုန်းရောင်းချခြင်း၊ ဒေတာရောင်းချခြင်းများမပါ)၊ တာဝါနှင့် ဖိုင်ဘာ ပြုပြင်ခြင်း ဝန်ဆောင်မှုလုပ်ငန်းမှ ဝန်ထမ်းများ မပါ၊
(ခ) ကုန်ကြမ်းယူ၊ ကုန်ချောပေးဆောင်ရွက်သော လက်ခစား လုပ်ငန်း(CMP)စက်ရုံ၊ အလုပ်ရုံများတွင် COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် သက်ဆိုင် ရာ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လိုအပ်သော အမိန့်၊ ညွှန်ကြားချက်များ ထုတ်ပြန်ခြင်း၊ ကြီးကြပ်ကွပ်ကဲ ခြင်းများ ဆောင်ရွက်ပေးရန်၊
(ဂ) အဖွဲ့အစည်းများ၊ ကုမ္ပဏီများအနေဖြင့် အိမ်မှနေ၍ လုပ်ငန်းဆောင်ရွက်ရန်၊
(ဃ) မဖြစ်မနေ ဈေးဝယ်ထွက်ရန်အတွက် တစ်အိမ်လျှင် တစ်ဦးသာ သွားရောက်ရန်၊
(င) ဆေးရုံ၊ ဆေးခန်းသွားရောက်ရန်ရှိပါက တစ်အိမ်လျှင် နှစ်ဦးသာ သွားရောက်ရန်၊
(စ) နေအိမ်မှ ပြင်ပသို့ သွားလာလျှင် ပါးစပ်/နှာခေါင်းစည်း (Mask) တပ်ရန်၊
(ဆ) တာဝန်ထမ်းဆောင်ရန် သွားရောက်/ပြန်လာမည့်သူ များကို ပို့ဆောင်မည့်ယာဉ်များနှင့် ဖြတ်သန်းခွင့်ပြု ထားသောယာဉ်များကိုသာ ရပ်ကွက်ကျော်လွန် သွားလာခွင့်ပြုရန်၊
(ဇ) ရပ်ကွက်အတွင်း ဈေးဝယ်ခြင်းအတွက် ယာဉ်မောင်း အပြင် ယာဉ်ပေါ်တွင် တစ်ဦး၊ ဆေးရုံဆေးခန်းသွားရောက် ခြင်းအတွက် ယာဉ်မောင်းအပြင် ယာဉ်ပေါ်တွင် နှစ်ဦး သာ သွားရောက်ရန်၊
(ဈ) အဆိုပါမြို့နယ်မှ ကုန်စည်စီးဆင်းမှု အဆင်ပြေချောမွေ့ စေရေးအတွက် ကုန်တင်ယာဉ်များသွားလာမှု စံသတ်မှတ် ချက် Standard Operating Procedure (SOP) အတိုင်း လိုက်နာဆောင်ရွက်ရန်။
၄။ အပိုဒ် ၃ အပိုဒ်ခွဲ(ဃ)၊ (င)နှင့် (ဇ)တို့ပါ ကိစ္စရပ်များတွင် သတ်မှတ်ဦးရေထက် ပိုမိုရန်ရှိလျှင် ဖြစ်စေ၊ အခြားအရေးပေါ်ကိစ္စရပ် များအတွက် သွားလာရန်ရှိလျှင်ဖြစ်စေ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့သို့ သတင်းပို့၍ ခွင့်ပြုချက်ဖြင့် သွားလာ ရန်နှင့် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့သည် တာဝန်ရှိသူ၊ တာဝန်ထမ်းဆောင်ရန် သွားရောက်/ပြန်လာသူများမှ အပ ရပ်ကွက်ပြင်ပမှလည်းကောင်း၊ ရပ်ကွက်အတွင်းမှ လည်းကောင်း ဝင်/ထွက်ခွင့်မပြုရန် ဖြစ်သည်။
၅။ ဤအမိန့်ကို လိုက်နာရန်ပျက်ကွက်ပါက တည်ဆဲဥပဒေများ အရ အရေးယူဆောင်ရွက်မည်ဖြစ်သည်။
၆။ ဤအမိန့်သည် ၂၀-၈-၂၀၂၁ ရက်၊ နံနက် ၀၄:၀၀ နာရီအချိန်မှ စတင်သက်ရောက်သည်။
ဒေါက်တာသက်ခိုင်ဝင်း
ပြည်ထောင်စုဝန်ကြီး