နောင်လာမယ့််မျိုးဆက်တွေအတွက် မှန်ကန်ပြီးတော့ ကောင်းမွန်တဲ့ အမွေအနှစ်တွေ ထားပေးခဲ့ဖို့ကလည်း ကျွန်မတို့မှာ တာဝန်ရှိပါတယ်

 
 
 
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (၇၂) နှစ်မြောက် ကချင်ပြည်နယ်နေ့အခမ်းအနားတွင် ပြောကြားသည့်မိန့်ခွန်း
(၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၀ ရက်)
 
ကျွန်မအနေနဲ့ ယခုလို (၇၂) နှစ်မြောက် ကချင်ပြည်နယ် နေ့ကို လာရောက်နိုင်တဲ့အတွက် အင်မတန်မှ ဝမ်းသာ ပါတယ်။ ကျွန်မတို့ရဲ့ ပြည်ထောင်စုသားချင်းတွေနဲ့အတူ ဒီနေရာမှာရှိနေရတယ်ဆိုတာဟာ ကျွန်မတို့ရဲ့ပြည်ထောင်စု အတွက် ကျွန်မတို့ဘယ်လောက် အလေးထားတယ်၊ ဘယ်လောက် ကျွန်မတို့ရဲ့ပြည်ထောင်စုကို တိုးတက်စေ ချင်တယ်၊ ဘယ်လောက်ခိုင်မြဲစေချင်တယ်ဆိုတာကို ပြခွင့်ရတဲ့အတွက်အင်မတန်မှ ကျေးဇူးတင်ပါတယ်။ နှစ်ဦးပိုင်းမှာလည်းဖြစ်လို့ ကျွန်မတို့ရဲ့ ကချင်ပြည်နယ် မှာရှိတဲ့ တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေ အားလုံးကို နှစ်ဦးအတွက် ဒီနှစ်သစ်အတွက် ဆုမွန်ကောင်းတွေလည်း တောင်းပေးချင်ပါတယ်။ အားလုံးကျန်းမာချမ်းသာစွာနဲ့ နှလုံးစိတ်ဝမ်းအေးချမ်းနိုင်ကြပါစေလို့ ကျွန်မအနေနဲ့ ဆုတောင်းပေးပါတယ်။
 
ကချင်ပြည်နယ်နေ့ကို ကျွန်မအထူးလာချင်တဲ့ ကိစ္စတစ်ခုကတော့ ကချင်ပြည်နယ်မှာ ဆိုလို့ရှိရင် ကျွန်မ တို့ရဲ့ တိုင်းရင်းသားမျိုးစုံ နေကြပါတယ်။ လူမျိုးပေါင်းစုံ၊ ကိုးကွယ်တဲ့ဘာသာပေါင်းစုံ၊ ပြောတဲ့စကားပေါင်းစုံ ဒီလို တိုင်းရင်းသားများစုဝေးပြီးတော့ နေနေတဲ့ နေရာဟာ ကျွန်မတို့အတွက် ပြည်ထောင်စုရဲ့ သင်္ကေတတစ်ခု ဖြစ်တယ်လို့ပဲ ကျွန်မတို့ယူဆပါတယ်။ စောစောကနေ ပြီးတော့ သမ္မတကြီးရဲ့ သဝဏ်လွှာထဲမှာ ပါတဲ့အတိုင်းပဲ ကျွန်မတို့ရဲ့ ကချင်ပြည်နယ်နေ့ဟာ လွတ်လပ်ရေးနဲ့ သိပ်ပြီးတော့ မကွာတဲ့အခါမှာ ပထမဦးဆုံးစခဲ့တာပါ။ ပြောရမယ်ဆိုရင် လွတ်လပ်ရေးနဲ့အတူ ဖွားမြင်ခဲ့တဲ့ နေ့တစ်ခုလို့လည်း ပြောလို့ရပါတယ်။ ဒါကြောင့်မလို့ အဲဒီလိုလွတ်လပ်ရေးနဲ့အတူ လွတ်လပ်ရေးရပြီးတော့ တစ်ပတ်လောက်အတွင်းမှာ ဆုံးဖြတ်ခဲ့တဲ့ ကချင်ပြည်နယ် နေ့မှာ ကျွန်မတို့က လွတ်လပ်ရေးရဲ့ အဓိပ္ပာယ်ကို ပြန်ပြီး တော့ သုံးသပ်စဉ်းစားဖို့ လိုပါတယ်။
 
ကျွန်မတို့ရဲ့ လွတ်လပ်ရေးဖခင်ကြီးများဟာ လွတ်လပ်ရေးရဖို့ ကြိုးပမ်းတဲ့အခါမှာ ထပ်တလဲလဲ ပြောခဲ့တဲ့စကားတစ်ခုရှိပါတယ်။ ကိုယ့်ကံကြမ္မာကို ဖန်တီးချင်တဲ့ နိုင်ငံတစ်နိုင်ငံဟာ မိမိရဲ့ကံကြမ္မာကို ဖန်တီးခွင့်ရှိရမယ်။ ကံကြမ္မာကို ဖန်တီးရဲတဲ့ တာဝန်နဲ့ ဖန်တီးနိုင်တဲ့ အရည်အချင်းတွေလည်း ရှိဖို့လိုပါတယ်။ ကျွန်မတို့ဟာ ဘာဖြစ်လို့ ကိုယ့်ကံကြမ္မာကို ဖန်တီး ချင်တယ်ဆိုတာ ပြန်ပြီးစဉ်းစားလိုက်တဲ့အခါကျရင် စိတ်လုံခြုံမှုရချင်လို့ပါ။ သူများတွေလက်ထဲမှာ ကိုယ်က သူများလက်ထဲကရေလို၊ သူများရဲ့ဆုံးဖြတ်ချက်အရ ကိုယ့်ရဲ့ကံကြမ္မာက ဖြစ်ရမယ်ဆိုလို့ရှိရင် ဘယ်လိုမှ ကျွန်မတို့က စိတ်လုံခြုံမှုရှိနိုင်မှာ မဟုတ်ပါဘူး၊ ဒါကြောင့် မို့လို့လည်း ကျွန်မတို့ရဲ့ လွတ်လပ်ရေးဖခင်ကြီးများဟာ ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးချင်တယ်၊ ကိုယ့်နိုင်ငံရဲ့ လုံခြုံရေးအတွက် ကိုယ့်ရဲ့နိုင်ငံသူ၊ နိုင်ငံသားရဲ့ စိတ်ပိုင်းဆိုင်ရာလုံခြုံရေးနဲ့ ရုပ်ပိုင်းဆိုင်ရာ လုံခြုံရေး အတွက် တာဝန်ယူချင်တယ်ဆိုတာကို ဖော်ပြသွားတာပဲ ဖြစ်ပါတယ်။ ကျွန်မတို့ စိတ်ပိုင်းဆိုင်ရာ လုံခြုံဖို့ဆိုတာဟာ ရုပ်ပိုင်းဆိုင်ရာလုံခြုံဖို့လည်း လိုပါတယ်။ ဒါကြောင့်မို့လို့ ကျွန်မတို့ လွတ်လပ်ရေးကို ပြီးမြောက်ဖို့ဆိုရင် ပြည်တွင်း ငြိမ်းချမ်းရေးဟာ အင်မတန်မှ အရေးကြီးပါတယ်။ လွတ်လပ်ရေးရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးရေး၊ ကျွန်မတို့ရဲ့ နိုင်ငံသူ၊ နိုင်ငံသားများ စိတ်လုံခြုံရေးအတွက်ဆိုရင် ငြိမ်းချမ်းရေးဟာလည်း မဖြစ်မနေ ရရှိရမယ့်အရာတစ်ခု ဖြစ်ပါတယ်။
 
ဒါကြောင့် ကျွန်မတို့အားလုံးငြိမ်းချမ်းရေးရဖို့ အခု လွတ်လပ်ရေးရပြီးတဲ့အခါမှာ တာဝန်ရှိလာပါတယ်။ လွတ်လပ်ရေးဖခင်ကြီးများဟာ မိမိတို့ရဲ့တာဝန်ကို မိမိတို့ရဲ့မျိုးဆက် အချိန်အခါတုန်းကနေပြီးတော့ ကျေပွန် ခဲ့ပြီး ကျွန်မတို့ရဲ့ အခုကျွန်မတို့မျိုးဆက်တွေမှာ ကျွန်မတို့ တာဝန်ကျေရဲ့လားဆိုတာ ပြန်ပြီးတော့ စဉ်းစားရမှာပါ။ ဒီလိုတာဝန်ကျေအောင် လုပ်ဖို့ဆိုတာဟာ ကျွန်မတို့ ငြိမ်းချမ်းရေးရယူဖို့ လိုပါတယ်။ ငြိမ်းချမ်းရေးနဲ့အတူ ကျွန်မတို့ လွတ်လပ်ရေးနဲ့အတူ ဖွားမြင်ခဲ့ရုံတင်မကပါဘူး။ ကချင်ပြည်နယ်ဟာ ပင်လုံပြည်ထောင်စုရဲ့ အခြေခံဖြစ်တဲ့ ပင်လုံနဲ့လည်း အင်မတန်မှ ဆက်စပ်နေပါတယ်။ တချို့က ဆိုလို့ရှိရင် ပင်လုံအစ ကချင်ကလို့တောင်မှ ပြောကြပါ တယ်။ ဒီမြေပေါ်မှာစပြီးတော့ ကျွန်မတို့ သဘောတူညီ ချက်တွေ ယူသွားပြီးတော့ ပင်လုံစာချုပ်ကို ချုပ်နိုင်ခဲ့ တာပါ။ ပင်လုံနဲ့ပတ်သက်လို့ ပင်လုံမှာမသွားခင် ကချင် ပြည်နယ်မှာ ဖေဖေရိုက်ခဲ့တဲ့ပုံတွေမှာ ဖေဖေ့တစ်သက်တာ မှာ အပျော်ရွှင်ဆုံးပုံတွေပဲလို့ ကျွန်မတို့ပြောလို့ရပါတယ်။ တခြားဓာတ်ပုံတွေထဲမှာ ဒီလိုပြုံးရွှင်နေတာ မမြင် ရပါဘူး။ အင်မတန်မှ ပြုံးပြုံးရွှင်ရွှင်နဲ့ စိတ်ရောကိုယ်ပါ အေးချမ်းနေတဲ့ပုံကို ဆောင်ပါတယ်။ အဲဒါဘာဖြစ်လို့လဲ ဆိုတော့ ဒီမှာကျွန်မတို့ လာတဲ့အခါမှာ ပြည်ထောင်စုကြီး ငါတို့ရဲ့ ပြည်ထောင်စုကြီး ထူထောင်နိုင်တော့မယ်။ လွတ်လပ်တဲ့ ပြည်ထောင်စုတစ်ခု ထူထောင်နိုင်တော့မယ် ဆိုတဲ့ မျှော်လင့်ချက်နဲ့ တောက်ပနေတာလို့ ကျွန်မဒီလိုပဲ ယူဆပါတယ်။ ဒီတော့ ဒီကနေပြီးတော့ ကျွန်မတို့ရဲ့ ပြည်ထောင်စုကြီးကို ထူထောင်နိုင်ဖို့အတွက် မျှော်လင့်ချက် တွေဟာ စပြီးတော့ထွန်းတောက်ခဲ့တယ်။ ဒီထွန်းတောက် တဲ့ မျှော်လင့်ချက်တွေကို အကောင်အထည်ဖော်ဖို့ ကျွန်မတို့ခေတ်မှာ ဆက်ပြီးတော့လုပ်သွားဖို့ အင်မတန်မှ အရေးကြီးပါတယ်။ အခု ကျွန်မတို့ဟာ ၂၀ ရာစုနှစ် ကျွန်မတို့ လွတ်လပ်ရေးဖခင်ကြီးများ စတင်ခဲ့တဲ့ ပင်လုံကို ၂၁ ရာစုနှစ်ကနေပြီးတော့ အဆုံးသတ်ဖို့လိုပါတယ်။ အဆုံးသတ်တယ်ဆိုတာ တကယ့်ကို ထာဝရတည်တံ့ ခိုင်မြဲမယ့် ငြိမ်းချမ်းရေးရဖို့ ကျွန်မတို့အားလုံး ကြိုးစားဖို့ ဟာ တာဝန်တစ်ရပ် ဖြစ်ပါတယ်။
 
ကျွန်မတို့ မျှော်လင့်ချက်တွေကို အောင်မြင်ဖို့ဆိုလို့ ရှိရင် တစ်ဦးနဲ့တစ်ဦး နားလည်မှုယူဖို့ဆိုတာ အင်မတန်မှ အရေးကြီးပါတယ်။ တစ်ဦးနဲ့တစ်ဦး ယုံကြည်မှုယူဖို့ ဆိုတာလည်း အရေးကြီးပါတယ်။ ငြိမ်းချမ်းရေးပေါ် မှာလည်း ယုံကြည်မှုရှိရပါလိမ့်မယ်။ ငြိမ်းချမ်းရေးဟာ လိုအပ်တယ်ဆိုတာကိုလည်း ယုံကြည်ရမယ်။ ဖြစ်နိုင် တယ်ဆိုတာလည်း ယုံကြည်ရမယ်။
 
ဖြစ်နိုင်အောင်လုပ်ဖို့ ကျွန်မတို့ရဲ့ တာဝန်ဖြစ်တယ်ဆိုတာကိုလည်း လက်ခံ ရမယ်။ ဆန္ဒတစ်ခုရှိရုံနဲ့ အောင်မြင်မှုက မရသေးပါဘူး။ ဆန္ဒနောက်ကနေပြီးတော့ ကျွန်မတို့ကနေပြီးတော့ ဆန္ဒ၊ ဝီရိယ၊ ပညာ၊ စိတ်ဓာတ် ဒီဟာတွေက ပါလာဖို့လိုပါတယ်။ ဒါကြောင့် ကျွန်မတို့ရဲ့ လွတ်လပ်ရေးခေါင်းဆောင်များစခဲ့တဲ့ လုပ်ငန်းကို ပြီးမြောက်အောင်လုပ်ဖို့ဆိုတာ ကျွန်မ တို့ရဲ့ မျိုးဆက်မှာတင် ကျွန်မတို့ ပြီးစေချင်ပါတယ်။ နောင်မျိုးဆက်တွေအတွက် ကျွန်မတို့ထပ်ပြီးတော့မထား ခဲ့ချင်ပါဘူး။ တာဝန်ဆိုတာဟာ အမျိုးမျိုးပါ။ ရှေ့က သွားခဲ့တဲ့ ကိုယ့်ရဲ့မိဘများ၊ ကိုယ့်ရဲ့ဘိုးဘွားများပေါ်မှာ ရှိတဲ့တာဝန်ဆိုတာ ထားပေးခဲ့တဲ့ ကောင်းတဲ့အမွေတွေကို ကျွန်မတို့က ထိန်းသိမ်းဖို့ပါပဲ။ ဒီတာဝန်ပါပဲ။ ကျွန်မတို့ဟာ နောင်လာမယ့် မျိုးဆက်တွေအပေါ်မှာလည်း တာဝန်ရှိပါ တယ်။ နောင်လာမယ့် မျိုးဆက်တွေအတွက် မှန်ကန် ပြီးတော့ ကောင်းမွန်တဲ့အမွေအနှစ်တွေ ထားပေးခဲ့ဖို့ ကလည်း ကျွန်မတို့မှာ တာဝန်ရှိပါတယ်။
 
ဒီတော့ အတိတ်နဲ့ပတ်သက်နေတဲ့ တာဝန်၊ အနာဂတ်နဲ့ပတ်သက်နေတဲ့ တာဝန်တွေကို ကျွန်မတို့ အခုပစ္စုပ္ပန်မှာ ထိထိရောက်ရောက် အကောင်အထည် ဖော်ဖို့ဟာ အင်မတန်မှ အရေးကြီးပါတယ်။ ကျွန်မတို့ နောင်မျိုးဆက်တွေအတွက် တကယ်ထားပစ်ခဲ့ဖို့ လုပ်မယ် ဆိုလို့ရှိရင် အခုလောလောဆယ် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အားလုံးပါဝင်ဖို့ဟာ အင်မတန်မှ အရေးကြီးပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ ဘာအလုပ်ပဲလုပ်လုပ်၊ အောင်မြင်ဖို့ အတွက်၊ ထိရောက်ဖို့အတွက်ဆိုရင် နိုင်ငံသူ၊ နိုင်ငံသားများ အားလုံးပါဖို့ဟာ အင်မတန်မှ အရေးကြီးပါတယ်။ ကျွန်မ တို့လို ပြည်ထောင်စုမှာဆိုလို့ရှိရင် တိုင်းရင်းသားများ အားလုံးပါဝင်ရမယ်။ ကျွန်မတို့ တကယ့်ကို ပြည်ထောင်စု စိတ်ဓာတ်နဲ့ ငါတို့အားလုံးဟာ ပြည်ထောင်စုသားချင်းတွေ ဖြစ်တယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ ဆက်ပြီးတော့ သွားဖို့လို့ပါ တယ်။ ပထမဟာ ကျွန်မတို့ အားလုံးဟာ ပြည်ထောင်စုဖွား တိုင်းရင်းသားတွေပါ။ နောက်တော့မှ ကျွန်မတို့အချင်းချင်း ကိုယ့်ရဲ့လူမျိုးအရ ကိုယ်ပြောလို့ရပါတယ်။ ငါတို့အားလုံး ဟာ ပြည်ထောင်စုသားချင်းတွေ၊ တချို့က ကချင်ဖြစ်တယ်၊ တချို့က ကရင်ဖြစ်တယ်၊ တချို့က ရှမ်း၊ ဗမာ စသဖြင့် ကျွန်မတို့ စဉ်းစားလို့ရပါတယ်။ တချို့ကဆိုရင် ဒီမြန်မာ နိုင်ငံဟာ အခုလက်ရှိ မြန်မာနိုင်ငံရဲ့ ပုံစံက ကိုလိုနီခေတ် တုန်းက ချမှတ်ခဲ့တဲ့ ပုံစံလို့ ပြောကြပါတယ်။ ကျွန်မ ကတော့ ဒီလိုမမြင်ပါဘူး။ ကျွန်မတို့ရဲ့နိုင်ငံဟာ သဘာဝ က ချမှတ်ခဲ့တဲ့ နိုင်ငံပါ။ သဘာဝပထဝီအနေအထားအရ နိုင်ငံတစ်ခုနဲ့ တည်ထောင်ဖို့ရာ ဆက်ပြီးတော့ ရှင်သန် ဖို့ရာ အင်မတန်မှ သင့်တော်တဲ့ အနေအထားရှိပါတယ်။ ကျွန်မတို့နိုင်ငံက သဘာဝကဖန်တီးလာတဲ့ နိုင်ငံမို့လို့၊ သဘာဝကဖန်တီးလာတဲ့ ပြည်ထောင်စုပုံသဏ္ဌာန်မို့လို့၊ ဒီပုံစံအောင်မြင်အောင်လို့၊ ဒီပုံသဏ္ဌာန်တည်မြဲအောင်လို့ ကျွန်မတို့ အများကြီးပဲ ကြိုးစားဖို့လိုပါလိမ့်မယ်။ ကြိုးစားချင်တဲ့ စိတ်လည်းရှိဖို့ လိုပါတယ်။ ကျွန်မတို့ အခုကျွန်မ နားလည်သလောက်ကတော့ ဒီကချင်ပြည်နယ် နေ့ ကျင်းပဖို့တောင်မှ အခက်အခဲလေးတွေ ရှိခဲ့တယ်။ ဒီအခက်အခဲတွေကို တစ်ယောက်နဲ့တစ်ယောက် ညှိပြီးတော့ ကျော်လွှားရတယ်။ အခက်အခဲဆိုတာ ရှိမှာပဲ။ ပြဿနာတွေဆိုတာတော့ရှိမှာပဲ။ ပြဿနာ တွေဟာ ကြောက်စရာမဟုတ်ဘူး။ မှန်မှန်ကန်ကန် ဖြေရှင်းဖို့ဟာပဲ အရေးကြီးပါတယ်ဆိုတာ ကျွန်မ ထပ်တလဲလဲ ပြောပါတယ်။ ဘာဖြစ်လို့လဲဆိုတော့  ဒီလူ့ဘဝထဲမှာ နေသွားသရွေ့တော့ ပြဿနာတွေကို ရှောင်ရှားလို့ မရပါဘူး။ ပြဿနာတွေကို မှန်မှန်ကန်ကန် ဖြေရှင်းနိုင်တဲ့ အရည်အချင်းတွေကိုသာ ကျွန်မတို့က နေပြီးတော့ မွေးထုတ်ရမှာ ဖြစ်ပါတယ်။ ဒီပွဲတစ်ခုဖြစ်ဖို့ကို ညှိနှိုင်းရတယ်၊ တိုင်ပင်ရတယ်၊ တစ်ယောက်နဲ့တစ်ယောက် အလျှော့အတင်းတွေ လုပ်ရတယ်၊ ဘာဖြစ်လို့ ဒီလိုအခက် အခဲတွေ ဖြစ်တာလဲဆိုတာ စဉ်းစားရတယ်။ အခက်အခဲ တွေ ဖြစ်ခြင်းဆိုတာ မာန်မာနတွေကြောင့် ဖြစ်တာ ဖြစ်တယ်။ နားလည်မှုလွဲမှားမှုတွေကြောင့် ဖြစ်တာ ဖြစ်တယ်။
 
 
တစ်ယောက်နဲ့တစ်ယောက် မယုံကြည်တာကြောင့်မို့လို့ ဖြစ်တာဖြစ်တယ်။ ဒီယုံကြည်မှုနဲ့ ပတ်သက်လို့ ငြိမ်းချမ်းရေးနဲ့ဆက်စပ်ပြီး ခဏခဏပြောပါတယ်။ ယုံကြည်မှုတည်ဆောက်ရေး၊ အဲဒါနဲ့ပတ်သက်ပြီး ကျွန်မလည်း ထပ်တလဲလဲ ပြောပါတယ်။ ယုံကြည်မှု တည်ဆောက်ရေးမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုဟာ ပထမအရေးကြီးပါတယ်။ ငါတို့တွေဟာ ငြိမ်းချမ်းရေးရယူနိုင်တဲ့ပုဂ္ဂိုလ်တွေဆိုတာ ပထမဦးဆုံး ယုံကြည်ဖို့ လိုပါတယ်။ ကိုယ်ဟာ ငြိမ်းချမ်းရေးရယူနိုင်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်တယ်။ ငြိမ်းချမ်းရေးကို တကယ်အထူး လိုချင်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဆိုတဲ့ ယုံကြည်မှုခိုင်မာမှ သာလျှင် တခြားသူတွေကို ယုံကြည်နိုင်မှာပါ။ ကိုယ့်ကိုယ်ကိုယ် မယုံကြည်နိုင်ဘဲ တခြားသူကို ယုံကြည်နိုင်တဲ့ အခြေအနေကို ရောက်လာမှာမဟုတ်ပါ ဘူး။ ဒါကြောင့် ကျွန်မတို့အားလုံးဟာ၊ တို့တစ်တွေဟာ ငြိမ်းချမ်းရေးရယူနိုင်တဲ့ ပြည်ထောင်စုသားချင်းတွေ ဖြစ်တယ်ဆိုတဲ့ ယုံကြည်ချက်ကို ပထမမွေးစေချင် ပါတယ်။ ဒီလို ယုံကြည်ချက်နဲ့ဆက်ပြီး တခြားကျွန်မ တို့နဲ့ မတူတဲ့၊ ကွဲပြားနေတဲ့ တိုင်းရင်းသားညီအစ်ကို မောင်နှမတွေအပေါ်မှာ ယုံကြည်မှု ကျွန်မတို့ဆောက်တည် ရမှာ ဖြစ်ပါတယ်။ မတူကွဲပြားခြင်းဟာ အင်အား ဆိုပြီးတော့ ခဏခဏပြောကြပါတယ်။ တချို့က ဒါကိုလည်း မေးခွန်းထုတ်ပါတယ်။ ဒီတော့ မတူကွဲပြား ခြင်းဟာ အင်အားဆိုတာကို ကျွန်မပြောတဲ့နေရာမှာ ရိုးရိုးလေး ဥပမာ ပြောရမယ်ဆိုရင်တော့ ကျွန်မတို့ ဘယ်ဘက်လက်နဲ့ ညာဘက်လက်လိုပေါ့၊ ညာဘက် လက်နဲ့ ဘယ်ဘက်လက်နဲ့က မတူပါဘူး။ မတူတဲ့ လက်ကို ကျွန်မတို့က ဘယ်ဘက်လက်နဲ့ ညာဘက်လက် ကို နှစ်ဖက်စလုံးကို သုံးပြီးတော့ ခိုင်ခိုင်မာမာ ကိုင်ထား ချင်တဲ့အရာတွေကို ခိုင်ခိုင်မာမာကိုင်ထားနိုင်ပါတယ်။ နှစ်ဖက်စလုံးက အတူတူပဲဆိုရင် ဒီလောက် ခိုင်ခိုင်မာမာ ကိုင်နိုင်မှာ မဟုတ်ပါဘူး။ ဒီတော့ မတူကွဲပြားမှုကို မှန်မှန်ကန်ကန် သုံးဖို့ဆိုတာ အဓိကပါ။ မတူကွဲပြားမှုဟာ ပြဿနာ မဟုတ်ပါဘူး။ မတူကွဲပြားမှုကို မမှန်မကန် သုံးခြင်းသာလျှင် ပြဿနာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့ဟာ မတူကွဲပြားမှုကို ကြောက်စရာမလိုပါဘူး။ မတူကွဲပြားမှု အပေါ်မှာ အခြေခံပြီးတော့ ကျွန်မတို့ နိုင်ငံတွေရဲ့ ပြဿနာတွေကို ကြီးထွားလာအောင်လို့ လုပ်စရာလည်း အကြောင်းမရှိပါဘူး။ အားလုံးက ဝိုင်းဝန်းပြီးတော့ မတူကွဲပြားမှုကို အင်အားဖြစ်အောင်လို့ လုပ်ကြပါလို့ ကျွန်မအနေနဲ့ ဒီလိုအချိန်အခါမျိုးမှာ မေတ္တာရပ်ခံချင်ပါတယ်။
 
ကျွန်မနားလည်သလောက်ကတော့ အဓိကက မနောပွဲကြီးတွေ၊ အရေးကြီးဆုံး မနောပွဲကြီးတွေဆိုတာ ဟာ ငါးမျိုးရှိတယ်လို့ ကျွန်မနားလည်ပါတယ်။ ဒီ ငါးမျိုးနဲ့ပတ်သက်လို့ ကျွန်မအသံထွက်မှားခဲ့လို့ ရှိရင်လည်း ခွင့်လွှတ်ပါ။ ပဒန်မနော၊ ဆွတ်မနော၊ ဂျူမနော၊ ကွမ်ရမ်မနော၊ ရှဒစ်ဖော့မနောရယ်လို့ ငါးမျိုးရှိတယ်လို့ ကျွန်မနားလည်ပါတယ်။ ပထမဦးဆုံး ပဒန်မနောဆိုတာကတော့ စစ်အောင်နိုင်ရေးကို အောင်ပွဲခံတဲ့ မနောလို့ ကျွန်မနားလည်ပါတယ်။ အဲတော့ ကျွန်မက ဒီလို အစဉ်အလာအရ မနောပွဲကြီး ငါးပွဲကို အခုခေတ်ရဲ့ လိုအပ်ချက်နဲ့ ရှုမြင်စေချင်ပါတယ်။ စစ်အောင်နိုင်ရေး၊ စစ်အောင်နိုင်ရေးထက် ကျွန်မတို့ဟာ ပြည်တွင်းစစ် အောင်နိုင်ရေးကို ကျွန်မတို့ ပွဲကြီးတစ်ခုနဲ့ ကျင်းပပြီးတော့ လုပ်နိုင်မယ်ဆိုရင် ဘယ်လောက် ကောင်းမလဲ၊ စစ်ပွဲတစ်ခု အောင်နိုင်ရေးမဟုတ်ဘူး၊ ဒီပြည်တွင်းစစ် အောင်နိုင်ရေး၊ နောင်ပြည်တွင်းစစ်တွေ မဖြစ်အောင်လို့ အဲဒီလို အောင်နိုင်ရေး မနောပွဲကြီးတစ်ခု ကျင်းပနိုင်တဲ့ အခြေအနေကိုရောက်အောင်လို့ အားလုံး ကြိုးစားစေချင်ပါတယ်။ ဒီလို စစ်ပွဲတွေဖြစ်ခြင်းကို အောင်နိုင်ပြီဆိုမှ ကျွန်မတို့နိုင်ငံဟာလည်း တကယ် တိုးတက်နိုင်မှာ၊ ကျွန်မတို့ ပြည်သူတွေကလည်း ဖွံ့ဖြိုး နိုင်မှာဖြစ်ပါတယ်။ ဆွတ်မနောကတော့ ကျွန်မ နားလည် သလောက်ကတော့ မိတ်ဆွေသင်္ဂဟ အသစ်တွေဖွဲ့ခြင်းနဲ့ ဆက်စပ်နေပါတယ်။ ဒီတော့ ကျွန်မတို့ဟာ မိတ်ဆွေ သင်္ဂဟ အသစ်တွေဖွဲ့တာထက် အရေးကြီးတာဟာ ကိုယ်ဟာ ရန်ဘက်ကဲ့သို့ ရှုမြင်ခဲ့တဲ့ ကိုယ့်ရဲ့တိုင်းရင်းသား ညီအစ်ကို မောင်နှမတွေကို တကယ့်မိတ်ဆွေတွေ ဆိုပြီးတော့ ကြိုဆိုလက်ခံနိုင်တဲ့ အခြေအနေကို ရောက်ပြီးတော့ အဲဒီအခြေအနေကို အောင်ပွဲခံနိုင်တဲ့ မနောမျိုး ကျွန်မတို့ မလုပ်နိုင်ဘူးလား၊ မိတ်ဆွေသစ် မဟုတ်ဘူး၊ အရင်တုန်းကတည်းက ကျွန်မတို့ ညီအစ်ကို မောင်နှမတွေ၊ ရန်ဘက်လို ဖြစ်နေတဲ့ ညီအစ်ကိုမောင်နှမ တွေကို ပြန်ပြီးတော့ မိတ်ဆွေအနေနဲ့ လက်တွဲနိုင်တဲ့ အခြေအနေကို ရောက်အောင်လို့ ကျွန်မတို့ ကြိုးစားဖို့ဟာ အင်မတန်မှ အရေးကြီးပါတယ်။ ဂျူမနောကတော့ ကျွန်မ နားလည်သလောက်ကတော့ ကျွန်မတို့ရဲ့ လူကြီးများ၊ အဘိုးအဘွားများ မနာမကျန်းဖြစ်တဲ့အခါ၊ ဒါမှမဟုတ် ကွယ်လွန်တဲ့အခါမှာဆိုရင် ကျင်းပတဲ့ မနောပွဲပေါ့။ ကျွန်မ နားလည်သလောက်ကတော့ ဒီဟာဟာ ကျွန်မတို့ရဲ့ ဘိုးဘွားများ၊ လူကြီးများရဲ့ စိတ်သက်သာရာရဖို့အတွက်၊ မကျန်းမမာတဲ့အခါ စိတ်သက်သာရာရဖို့အတွက် ကွယ်လွန်အနိစ္စရောက်သွားတဲ့အခါ ကျလို့ရှိရင် ဘဝကူး ကောင်းဖို့အတွက် နောက်ဆုံးတော့ စိတ်သက်သာရာ ရောက်ဖို့အတွက် ကျွန်မတို့ ဘိုးဘွား၊ မိဘများအတွက် လုပ်တဲ့ မနောပွဲလို့ပဲ ကျွန်မမှတ်ယူပါတယ်။ ကျွန်မတို့ရဲ့ ဘိုးဘွားမိဘများ၊ ကျွန်မတို့ရဲ့ လူကြီးများ တကယ် စိတ်သက်သာစေချင်တယ်၊ တကယ်ပဲ ဘဝကူးကောင်း စေချင်တယ်ဆိုလို့ရှိရင် ကျွန်မတို့နိုင်ငံမှာ ငြိမ်းချမ်းရေး ရှိတယ်၊ ငြိမ်းချမ်းရေးရသွားပြီ၊ ကျွန်မတို့နိုင်ငံဟာ တကယ်ကို တိုးတက်ခိုင်မာပြီးတော့ ဖွံ့ဖြိုးတဲ့ ပြည်ထောင်စုကြီး ဖြစ်သွားပြီဆိုတဲ့ အသိနဲ့သာ ကျွန်မတို့ရဲ့ လူကြီးများ၊ ဘိုးဘွားများ၊ မိဘများက ဘဝကူးနိုင်မယ် ဆိုလို့ရှိရင် မကောင်းဘူးလား၊ ဒီဟာက ကျွန်မတို့ အကောင်းဆုံးပေးနိုင်တဲ့ လက်ဆောင်တစ်ခုပဲလို့ ကျွန်မ မြင်ပါတယ်။ ဒါကြောင့် ကျွန်မတို့ နောင်လာနောက်သား တွေအတွက် လုံလုံခြုံခြုံနဲ့ ငါတို့ စိတ်ချလက်ချနဲ့ နေနိုင်ပြီ ဆိုတဲ့အသိကို ကျွန်မတို့ရဲ့လူကြီးတွေကို ပေးနိုင်မယ့် မနောမျိုးကို ကျင်းပနိုင်ချင်ပါတယ်။ နောက် ကွမ်ရမ် မနော၊ အဲဒါကတော့ နယ်သစ်ထူထောင်ခြင်းအတွက်လို့ ကျွန်မတို့ နားလည်ပါတယ်။ အဲဒီတော့ နယ်သစ်ဆိုတာဟာ ပြည်ထောင်စုသစ်ကြီးကို ထူထောင်ကြစို့၊ တကယ်ကို ခိုင်မာပြီးတော့၊ အေးချမ်းပြီးတော့ ဖွံ့ဖြိုးမယ့် ပြည်ထောင်စု နယ်သစ်ကြီးကို ကျွန်မတို့ မထူထောင်နိုင်ဘူးလား၊ အားလုံးဝိုင်းဝန်းပြီးတော့ ကြိုးစားမယ်ဆိုလို့ရှိရင် ဒီလို ပြည်ထောင်စုကြီးကို ထူထောင်လို့ရပါတယ်။ အဲဒီလို လုပ်ခြင်းအားဖြင့်လည်း ကျွန်မတို့ဟာ အောင်ပွဲခံနိုင်ပါ တယ်။ တကယ့်ပြည်ထောင်စုနယ်သစ်ကြီးကို ခိုင်ခိုင် မာမာ ချမှတ်ပြီးတော့ ထူထောင်နိုင်ပြီဆိုတဲ့အောင်ပွဲကို ခံလို့ရပါတယ်။ နောက်ဆုံးအရေးကြီးတဲ့ မနောပွဲကြီး ငါးခုထဲမှာဆိုရင် ရှဒစ်ဖော့ကတော့ နယ်မြေသစ်မှာ ရန်အပေါင်းကင်းဝေးအောင်လို့ လုပ်တာလို့ ကျွန်မ နားလည်ပါတယ်။ ဒါကတော့ လွယ်လွယ်လေးပါ၊ ကျွန်မ တို့ရဲ့ ပြည်ထောင်စုသစ်ကြီးမှာ ရန်အပေါင်း ကင်းဝေး အောင်လို့၊ မကောင်းဆိုးဝါးတွေ ကင်းဝေးအောင်လို့၊ ပပျောက်အောင်လို့၊ ကျွန်မတို့ အခုကတည်းကနေစပြီး တော့ လုပ်နိုင်မယ်ဆိုလို့ရှိရင် ရိုးရာအစဉ်အလာအရ ကျင်းပခဲ့တဲ့ မနောပွဲကြီးများဟာ အခုခေတ်ရဲ့ လိုအပ်ချက်၊ ကျွန်မတို့ရဲ့ခေတ်၊ ကျွန်မတို့ နောင်လာ နောက်သားများရဲ့ခေတ်မှာ လိုအပ်ချက်တွေနဲ့ ကိုက်ညီ အောင်လို့ ကျွန်မတို့ လုပ်နိုင်လိမ့်မယ်လို့ ကျွန်မကတော့ ယုံကြည်မျှော်လင့်ပါတယ်။
 
ကျွန်မတို့ရဲ့ နိုင်ငံဟာ၊ ကျွန်မတို့ လူသားများရဲ့ သမိုင်းဟာ အတိတ်ရယ်၊ ပစ္စုပ္ပန်ရယ်၊ အနာဂတ်ရယ် အမြဲပဲ ဆက်စပ်နေပါတယ်။ ကျွန်မတို့ဟာ အတိတ်ရဲ့ အကျဉ်းသားတွေ မဖြစ်သင့်ပါဘူး။ အတိတ်တုန်းက ဖြစ်ခဲ့တဲ့ကိစ္စတွေဟာ ကောင်းတာတွေကို ဆက်ပြီးတော့ ထိန်းသိမ်းရမယ်၊ ဆိုးတဲ့အရာတွေကနေပြီးတော့ လွတ်မြောက်အောင်လို့ ရုန်းထွက်နိုင်ရမယ်၊ ပစ္စုပ္ပန်ဆိုတာ ကျွန်မတို့လက်ထဲမှာ ရှိတာ၊ ဒါတစ်ခုပဲရှိပါတယ်၊ အတိတ် ကလည်း ကျွန်မတို့ လက်ထဲမှာမရှိပါဘူး။ အနာဂတ် ဆိုတာလည်း မရှိသေးပါဘူး။ အခုပစ္စုပ္ပန်မှာ ကျွန်မတို့ လက်ထဲမှာရှိတဲ့အခွင့်အရေးတွေကို ကောင်းသော အနာဂတ် ထူထောင်ဖို့အတွက် ဝိုင်းဝန်းပြီးတော့ ကြိုးစား ပေးစေချင်ပါတယ်။
 
ဒီလို ကချင်ပြည်နယ်နေ့လို နေ့မှာဆိုလို့ရှိရင် အရင်တုန်းက သမိုင်းဖြစ်စဉ်တွေကိုလည်း ကျွန်မတို့ ပြန်ပြီး စဉ်းစားပါတယ်။ ကချင်ပြည်နယ်နေ့ဟာ ဘယ်လို ပေါ်ပေါက်လာသလဲ၊ ဒီကချင်ပြည်နယ်နေ့ဟာ အခုအချိန် အခါမှာ ဘယ်လိုအနေအထားရှိသလဲ၊ ကချင်ပြည်နယ် နေ့ကို အကြောင်းပြုပြီးတော့ ကျွန်မတို့အနာဂတ်အတွက် ပိုမိုပြီးတော့ မျှော်လင့်ချက်တွေ၊ ရောင်ခြည်တွေသန်းလာ အောင်လို့ ပိုပြီးတော့ ကျွန်မတို့အတွက် ခိုင်မာတဲ့ အခြေခံ ပြည်ထောင်စုကြီးတစ်ခု ထူထောင်နိုင်အောင်လို့ ဘယ်လို လုပ်နိုင်မလဲဆိုတာကို စဉ်းစားစေချင်ပါတယ်။ လူတိုင်း လူတိုင်းမှာ သေချာတာကတော့ အခုအချိန်ပဲ သေချာ ပါတယ်။ အခုအချိန်ထိ သေချာတဲ့အချိန်မှာ အကောင်းဆုံး ဖြစ်အောင်လို့ လုပ်ပေးပါလို့ ကျွန်မက မေတ္တာရပ်ခံချင် ပါတယ်။
 
ဒီလိုသာ ကျွန်မတို့လုပ်နိုင်မယ်ဆိုလို့ရှိရင် ကချင် ပြည်နယ်နေ့သာမက နေ့တိုင်းနေ့တိုင်းဟာ ကျွန်မတို့ အတွက် အောင်ပွဲခံနိုင်တဲ့နေ့ တစ်ခုဖြစ်မှာပါ။ အောင်ပွဲ ဆိုတာဟာ ပွဲလမ်းကြီးကျင်းပပြီးမှ ခံနိုင်တဲ့ ကိစ္စမဟုတ် ပါဘူး။ နိစ္စဓူဝအောင်ပွဲခံနိုင်ပါတယ်၊ နိစ္စဓူဝမှန်မှန်ကန်ကန် နဲ့ လုပ်သင့်လုပ်ထိုက်တာကို လုပ်ဖြစ်တဲ့နေ့တိုင်းဟာ အောင်ပွဲခံနိုင်တဲ့နေ့ပါ။ ကျွန်မတို့ရဲ့ တာဝန်တွေကျေပွန် နိုင်ဖို့အတွက် ခြေတစ်လှမ်းလှမ်းနိုင်တဲ့ နေ့တိုင်းဟာ ကျွန်မတို့အတွက် အောင်ပွဲခံနိုင်တဲ့နေ့ပါ။ ကျွန်မတို့ နောင်လာနောက်သားတွေအတွက် ကောင်းတဲ့အစဉ် အလာတွေ၊ ကောင်းတဲ့ကိစ္စတွေအတွက် ကျွန်မတို့ ခြေတစ်လှမ်း လှမ်းနိုင်တဲ့နေ့ဆိုတာ ကျွန်မတို့အတွက် အောင်ပွဲခံနိုင်တဲ့ နေ့ပါ။ ဒါကြောင့်မလို့ တစ်နေ့တောင် မဟုတ်ဘူး၊ တစ်စက္ကန့်ချင်း၊ တစ်မိနစ်ချင်း၊ တစ်နာရီ အတွင်းတောင်မှ ကျွန်မတို့ဟာ အောင်ပွဲခံနိုင်ပါတယ်။ ဒီတော့ တကယ်ပဲ ကိုယ့်ရဲ့ပြည်နယ်ကို မြတ်နိုးတယ်၊ ကျွန်မတို့ ကိုယ်ရဲ့ပြည်နယ်ကို တန်ဖိုးထားတယ်၊ ကျွန်မ တို့ရဲ့နိုင်ငံကို မြတ်နိုးတယ်၊ တန်ဖိုးထားတယ်ဆိုရင် ကျွန်မ တို့ရဲ့ ပြည်ထောင်စုကို မြတ်နိုးတယ်၊ တန်ဖိုးထားတယ် ဆိုလို့ရှိရင် ကျွန်မတို့နေ့တိုင်းနေ့တိုင်းဟာ ကျွန်မတို့ ပြည်ထောင်စုအတွက် အောင်ပွဲခံနိုင်တဲ့နေ့ဖြစ်ဖို့အတွက် တစ်ဦးချင်း တစ်ဦးချင်းကနေပြီးတော့ ကြိုးစားပေးစေ ချင်ပါတယ်။
 
ကျွန်မတို့အစိုးရအနေနဲ့လည်း တတ်နိုင်သမျှ တာဝန်ယူကျေပွန်အောင်လို့ ထမ်းဆောင်ပါတယ်။ ကျွန်မ တို့ရဲ့လုပ်ရပ်တွေနဲ့ပတ်သက်လို့ ကျေနပ်သလားလို့ဆိုတာ ကတော့ မကျေနပ်ပါဘူး။ ဘယ်တော့မှ မကျေနပ်နိုင်ဘူး။ နိုင်ငံ့အတွက် လုပ်စရာတွေကအများကြီးပဲ၊ ကျေနပ်ပြီ၊ ပြီးပြီ၊ လုံလောက်ပြီဆိုတာ ဘယ်တော့မှမရှိပါဘူး။ ကျေနပ်ပြီဆိုတဲ့အဓိပ္ပာယ်က ကိုယ်စိတ်အေးချမ်းဖို့အတွက် တော့ကောင်းပါတယ်။ ဒါပေမယ့် ဝီရိယနည်းသွားမယ် ဆိုရင် မကောင်းပါဘူး။ ဒါကြောင့်မလို့ ကျွန်မတို့က တစ်နေ့ပြီး ဆိုချင်ရင် နောက်တစ်နေ့အတွက် ကြိုးစားပါ။ ဒီနေ့အတွက်တော့ ကျေနပ်နိုင်မယ်၊ နောက်တစ်နေ့ အတွက် ကျေနပ်မှုရဖို့ ဆက်ကြိုးစားရပါဦးမယ်။ ဒီအတိုင်းပါပဲ။
 
ကျွန်မတို့ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာဆိုလို့ ရှိရင်လည်း အားလုံးကိုပါဝင်စေချင်တယ်၊ ကျွန်မတို့ ငြိမ်းချမ်းရေး တည်ဆောက်ဖို့အတွက် လိုအပ်တဲ့ အစုအဖွဲ့များ အင်အားစုများအားလုံးဟာ လက်တွဲညီညီနဲ့ ရှေ့ကိုသွားဖို့ ဟာ အင်မတန်မှ အရေးကြီးပါတယ်။ လက်တွဲတယ် ဆိုတာဟာ ရိုးရိုးသားသားလေးစဉ်းစားလိုက်ရင် လက်တွဲ တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက် လက်တွဲတယ်ဆိုတာ တစ်နည်းအားဖြင့် ကတိကဝတ်ပါ။ လက်တွဲလိုက်ပြီဆိုတဲ့ အဓိပ္ပာယ်ဟာ ဒို့အတူတူဆက်ပြီး သွားမယ်၊ အတူတူရင်ဆိုင်မယ်၊ အတူတူအကောင်းအဆိုး ကို ဘာပဲဖြစ်ဖြစ် မျှဝေမယ်ဆိုတဲ့ အဓိပ္ပာယ်ရှိပါတယ်။လက်တွဲတယ်ဆိုတာ ပြောရတာသာ လွယ်ပါတယ်။ တကယ်တော့ ဒီလက်တွဲတဲ့ကတိအတိုင်း နေသွားဖို့ဆိုတာ ကတော့ အစဉ်အမြဲဆက်ပြီးတော့ ကြိုးစားသွားရမှာပဲ။ (၇၂) နှစ်ကြာကာလတုန်းက ကျွန်မတို့ရဲ့ တိုင်းရင်းသား များဟာ ဒို့အတူလက်တွဲပြီးတော့ ရှေ့ဆက်သွားမယ်ဆိုတဲ့ ကတိကဝတ် တစ်ယောက်နဲ့တစ်ယောက်ကို ပေးလိုက်တဲ့ သဘောပါပဲ။ အဲဒါ လွတ်လပ်ရေးပါပဲ။ ဒီကတိကဝတ် ပေါ်မှာ အခြေခံပြီးတော့ ကျွန်မတို့လွတ်လပ်ရေးရခဲ့တယ်။ လွတ်လပ်တဲ့နိုင်ငံတစ်ခုကို ထူထောင်နိုင်ခဲ့တယ်။ ပြည်ထောင်စုမြန်မာနိုင်ငံဆိုပြီးတော့ ကျွန်မတို့က ဂုဏ်ယူ ဝံ့ကြွားစွာ ထူထောင်နိုင်ခဲ့တယ်။ ပြည်ထောင်စုမြန်မာနိုင်ငံ ဟာ တကယ့်ပြည်ထောင်စုကြီးဖြစ်ပြီလားဆိုတာ ကျွန်မ တို့ဟာ အားလုံး တစ်ဦးချင်းတစ်ဦးချင်း စဉ်းစားဖို့လိုပါ တယ်။ အဲဒီတော့ ကချင်ပြည်နယ်နေ့မှာ ပင်လုံအစ ကချင်က ဆိုတဲ့ စိတ်ဓာတ်၊ လွတ်လပ်ရေးနဲ့အတူ ဖွားမြင် လာတဲ့ ကချင်ပြည်နယ်နေ့ဆိုတဲ့စိတ်ဓာတ်နဲ့ ကျွန်မတို့ အားလုံး တစ်ယောက်ချင်းတစ်ယောက်ချင်း ကိုယ့်ရဲ့ အနေအထား၊ ကိုယ့်ရဲ့မျှော်လင့်ချက်၊ ကိုယ့်ရဲ့လုပ်ဆောင် ချက်တွေကို ပြန်ပြီးတော့သုံးသပ်ကြပါစို့လို့ ကျွန်မအနေနဲ့ တိုက်တွန်းချင်ပါတယ်။
 
ဒီလို ကျွန်မတို့ တစ်ဦးချင်းတစ်ဦးချင်းဟာ သုံးသပ် ပြီးတော့ ကိုယ်လုပ်နိုင်တာကို လုပ်မယ်ဆိုပြီးတော့ သန္နိဋ္ဌာန်ချစေချင်ပါတယ်။ ကျွန်မတို့စပြီးတော့လက်တွဲ တုန်းက တစ်ဦးပေါ်တစ်ဦး စကားနဲ့မဟုတ်ပေမယ့်လည်း လုပ်ရပ်နဲ့ပေးခဲ့တဲ့ကတိ တို့တွေ ဆက်ပြီးတော့ သွားကြ မယ်၊ အေးအတူပူအမျှအားလုံးကို ရင်ဆိုင်သွားကြမယ် ဆိုတဲ့ကတိကို ပြန်လည်ပြီးတော့ သတိရကြပါ။ ဒီကတိ အတိုင်းဆက်ပြီးတော့ သွားကြပါလို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်။
 
နိဂုံးချုပ်အနေနဲ့တော့ ကျွန်မတို့ အခုဒီနေရာမှာ ရောက်နေတဲ့ ကျွန်မတို့ရဲ့ ပြည်ထောင်စုဖွားညီအစ်ကို မောင်နှမတွေသာမက တစ်ကမ္ဘာလုံးမှာရှိတဲ့ ကျွန်မတို့ရဲ့ ပြည်ထောင်စုသားချင်းများ ကျန်းမာကြပါစေ၊ ချမ်းသာ ကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒအဝဝနဲ့ ပြည့်စုံကြပါစေ၊ ၂၀၂၀ တွင်သာမက နောင်လာမယ့်နှစ်တွေနှစ်တွေမှာ အားလုံး နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေလို့ ကျွန်မ အနေနဲ့ ဆုတောင်းမေတ္တာပို့ပါတယ်၊။
 
ကျေးဇူးတင်ပါတယ်။