လယ်ဝေး၊ ဒေါပုံနှင့် ကျိုင်းတုံမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

 

နေပြည်တော်   ဩဂုတ်   ၁၉


နေပြည်တော်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၁၈ ရက် နံနက် ၁၁ နာရီတွင် လယ်ဝေးမြို့နယ် သာဝတ္ထိကျေးရွာ  သာဝတ္ထိပူးပေါင်းစစ်ဆေးရေးဂိတ်တွင်  ချစ်ကိုကို  မောင်းနှင်ပြီး ဝဏ္ဏလိုက်ပါလာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၂၉၀၀ ကိုလည်းကောင်း၊ အလားတူ ယင်းနေ့ နံနက် ၈ နာရီခွဲတွင်   မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ   တပ်ဖွဲ့ ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒေါပုံမြို့နယ် ဗိုလ်ထွန်းဇံ ရပ်ကွက်ရှိ  အောင်နိုင်ထွန်း(ခ)   ဗိုက်ပူ၏  နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၂၀၀ ၊ အိုက်စ် သုည ဒသမ ၀၆ ကီလိုနှင့် ဆေးခြောက် သုည ဒသမ ၀၁၅ ကီလိုတို့ကိုလည်းကောင်း။


ထို့အတူ ယင်းနေ့ နံနက်ပိုင်းက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ  ပါဝင်သောပူးပေါင်းအဖွဲ့သည် ကျိုင်းတုံမြို့ နယ် ယန်းလောကျေးရွာအုပ်စု ဝမ်နား ခမ်းကျေးရွာအနီးတွင်   ချင်းဇာ  မောင်းနှင်ပြီး  အားဆာ(ခ)ဘီလီ  လိုက်ပါလာသည့် ဆိုင်ကယ်ကို စစ်ဆေးရန် ရပ်တန့် ခိုင်းစဉ် ချင်းဇာမှာ ထွက်ပြေးသွားပြီး အားဆာထံမှ  စိတ်ကြွ ရူးသွပ်ဆေးပြား ၈၀၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့ သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်  စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။                          

                                          
ရဲပြန်ကြား