တနင်္သာရီတိုင်းဒေသကြီးတွင် ကျွန်းတစ်ကျွန်းလျှင် ဟိုတယ်တစ်လုံးသာ တည်ဆောက်ခွင့်ပြုရန်ကိစ္စနှင့်ပတ်သက်၍ ညှိနှိုင်းစည်းဝေး

 
 
နေပြည်တော် ဇန်နဝါရီ ၇
 
တနင်္သာရီတိုင်းဒေသကြီး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျွန်း တစ်ကျွန်းလျှင် ဟိုတယ်တစ်လုံးသာ တည်ဆောက်ခွင့်ပြုရန်ကိစ္စနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာန နီလာခန်းမ၌ ကျင်းပသည်။
 
အစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင်၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ် နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
 
ဈေးကွက်ခိုင်မာသော ရင်းနှီးမြှုပ်နှံသူများ ဖိတ်ခေါ်သင့်
 
အစည်းအဝေးတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက တနင်္သာရီတိုင်းဒေသကြီးအတွင်း သာယာလှပသော ကျွန်းများ တည်ရှိကြောင်း၊ ကျွန်းများ၌ ရင်းနှီးမြှုပ်နှံလုပ်ငန်းဆောင်ရွက်မည့် လုပ်ငန်းရှင် များအနေနှင့် ဆောင်ရန်၊ ရှောင်ရန်များကို သိရှိလိုက်နာဆောင်ရွက်ရန် လိုအပ် ကြောင်း၊ ဒေသခံဆလုံလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများကို ဖော်ထုတ်မြှင့်တင်ပေးရန် လိုအပ်ကြောင်း၊ ကျွန်းများ၌ ဟိုတယ်လုပ်ငန်း ဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိဘဲ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုရှိစေရေး၊ ဈေးကွက်ခိုင်မာသော ရင်းနှီးမြှုပ်နှံသူများ ဖိတ်ခေါ်သင့်ကြောင်း ပြောကြားသည်။
 
ထို့နောက် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးသည် ဒေသတွင်း နှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုပြီး တနင်္သာရီတိုင်းဒေသ ကြီးရှိ ကျွန်းများသည် သဘာဝအတိုင်းရှိနေဆဲဖြစ်ရာ မြန်မာနိုင်ငံအတွက်သာမက ကမ္ဘာကြီးအတွက်ပါ သဘာဝအမွေအနှစ်များဖြစ်သဖြင့် ရေရှည်တည်တံ့ခိုင်မြဲ အောင် ထိန်းသိမ်းရန်လိုအပ်ကြောင်း၊ ခရီးသွားလုပ်ငန်းအတွက် ရင်းနှီးမြှုပ်နှံမှု များ ဆောင်ရွက်မည်ဆိုပါကလည်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ထိန်းသိမ်းလိုသည့်ဆန္ဒ (Desire)၊ ဗဟုသုတ (Knowledge)၊ ကျွမ်းကျင်မှုစွမ်းရည်(Skill) သုံးခုပေါင်းစပ်၍ ချင့်ချိန်ဆောင်ရွက် ကြရန် လိုအပ်ပါကြောင်း၊ ကမ္ဘာပေါ်တွင် ယခုကဲ့သို့ ခရီးစဉ်ဒေသမရှိတော့ပါ ကြောင်း၊ ကျွန်းစုများတွင် သဘာဝအတိုင်းရှိခြင်း၊ သန္တာကျောက်တန်းများ ရှင်သန်မှုရှိခြင်း၊ သဘာဝမျိုးကွဲမျိုးစိတ်များ၊ ရေနေသတ္တဝါများ ပေါများစွာတည်ရှိနေ ခြင်းတို့ကြောင့် ရေရှည်အတွက်ရည်ရွယ်ချက်ထား ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက် ရန်လိုအပ်ကြောင်း၊ ကျွန်းတစ်ခုချင်း၏ သဘာဝအကျယ်အဝန်း အနေအထားပေါ် ကြည့်ရှုသုံးသပ် ဆောင်ရွက်သင့်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီး ကျွန်းများ ခရီးစဉ်အတွက်စီမံကိန်း (Master plan) ရေးဆွဲဆောင်ရွက်သင့်ပြီး မြိတ်ကျွန်းစု ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံခန့်ခွဲရေး (Master plan) အား သက်ဆိုင်ရာဌာနများ ပါဝင်မှုဖြင့် ရေးဆွဲဆောင်ရွက်သင့်ပါကြောင်း၊ လက်ရှိခွင့်ပြုထားပြီးဖြစ်သည့်စီမံကိန်းလုပ်ငန်းများအပေါ်တွင်လည်း ပြန်လည်စိစစ်သုံးသပ် (Monitor)လုပ်သင့် ပါကြောင်း၊ ခရီးစဉ်ဒေသရေရှည်တည်တံ့ခိုင်မြဲရေးကို ဦးစားပေးကာ သတိပြုဆောင်ရွက်သင့်ပါကြောင်းနှင့် တနင်္သာရီတိုင်းဒေသကြီးတွင် ဟိုတယ်နှင့်ခရီးသွား ကဏ္ဍ ရင်းနှီးမြှုပ်နှံဆောင်ရွက်မှုအခြေအနေများကို ဆွေးနွေးခဲ့သည်။
 
ထို့နောက် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်က တနင်္သာရီတိုင်းဒေသကြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှု၊ ကျွန်းများတွင် ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းစိစစ်ရေးကော်မတီ ဖွဲ့စည်း ဆောင်ရွက်နေမှု“Toursim For All” ဟူသော ဆောင်ပုဒ်နှင့်အညီ ဒေသဖွံ့ဖြိုးရေး၊ ဒေသခံများ အလုပ်အကိုင်တိုးပွားရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်သော ခရီးသွားလုပ်ငန်းများ ဆောင်ရွက်ရေးနှင့် ပုလဲမွေး မြူရေးလုပ်ကွက်များ ခွင့်ပြုဆောင်ရွက်နေမှုများကိုလည်းကောင်း၊ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ကခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကမ်းခြေဒေသများနှင့် ကျွန်းများတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဆောင်ရွက်နေမှု အခြေအနေများ နှင့် ပုလဲမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကိုလည်းကောင်း ဆွေးနွေး တင်ပြကြသည်။
 
ဖြည့်စွက်ဆွေးနွေး
 
ယင်းနောက် တက်ရောက်လာကြသူများက ခရီးသွားလုပ်ငန်းစနစ်တကျ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ၊ ကျွန်းများတွင်လုပ်ငန်းများ စနစ်တကျ ဆောင်ရွက်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဆောင်ရွက်ရေးဆိုင်ရာ များကို အကြံပြု ဆွေးနွေးတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးများက လိုအပ်သည် များ ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
 
သတင်းစဉ်