ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းဆွေးနွေးပွဲကျင်းပ

 
 
 
နေပြည်တော် ဇန်နဝါရီ ၇
 
ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
 
တက္ကသိုလ်သင်ရိုးညွှန်းတမ်းများ ကြိုတင်ပြင်ဆင်ထားနိုင်ရေး
ရှေးဦးစွာပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ပညာရေးဝန်ကြီးဌာနအနေဖြင့် အခြေခံပညာသင်ရိုးညွှန်းတမ်း များကို KG+12 စနစ်သစ်ပညာရေးသင်ရိုးညွှန်းတမ်းဖြင့် ၂၀၁၆ ခုနှစ်မှ စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာတွင် ၂၀၂၂ ခုနှစ်တွင် အားလုံးပြီးစီးမည် ဖြစ်ပါကြောင်း၊ ယနေ့ ဆွေးနွေးပွဲသည် KG+12 ပညာရေးစနစ်သစ်ဖြင့် အခြေခံ ပညာရေးမှ အဆင့်မြင့်ပညာရေးသို့ ကူးပြောင်းကြမည့် ကျောင်းသား ကျောင်းသူ များအတွက် သက်ဆိုင်ရာတက္ကသိုလ်များနှင့် ဆက်စပ်ဝန်ကြီးဌာနရှိ တက္ကသိုလ် များအနေဖြင့် စနစ်သစ်သင်ရိုးညွှန်းတမ်းနှင့် လိုက်လျောညီထွေဖြစ်မည့် တက္ကသိုလ်သင်ရိုးညွှန်းတမ်းများ ကြိုတင်ပြင်ဆင်ထားနိုင်ရေးကျင်းပရခြင်း ဖြစ်ပါကြောင်း၊ ပညာရပ်နယ်ပယ်နှင့် ပညာရှင်များ ပိုမိုပြည့်စုံကျယ်ပြန့်စွာ ပါဝင်နိုင်ပြီး ပညာရပ်အကျိုးပြု၊ ဒေသအကျိုးပြု၊ နိုင်ငံအကျိုးပြုသုတေသန လုပ်ငန်းများဆောင်ရွက်ခြင်းနှင့် သုတေသနညီလာခံများ နှစ်စဉ်ဆက်လက် ကျင်းပသွားမည်ဖြစ်ပါကြောင်း။
 
အရည်အသွေးရှိသော ဘွဲ့ရမောင်မယ်များ မွေးထုတ်ပေးနိုင်ရေး
တက္ကသိုလ်များတွင် Digitalization လုပ်ငန်းစဉ်အောင်မြင်စေရေးနှင့် လုပ်ငန်းများ ပိုမိုမြန်ဆန်ပြီး ထိရောက်မှန်ကန်စေရေးဆောင်ရွက်ရန် လိုပါ ကြောင်း၊ ဆရာ ဆရာမများ အရည်အသွေးမြင့်မားရေးအတွက် ၂၀၂၀ ဒီဇင်ဘာလမှစတင်၍ လေးနှစ်သင်ပညာရေးအထူးပြုဘွဲ့သင်တန်းများ ဖွင့်လှစ် သွားမည်ဖြစ်ပါကြောင်း၊ ဒေသနှင့်လိုက်လျောညီထွေသည့် ဘွဲ့သင်တန်း၊ ဒီပလိုမာသင်တန်းများ၊ သင်ကြားသင်ယူမှုနည်းလမ်းများနှင့် သုတေသန လုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ကြရန် လိုပါကြောင်း၊ မူးယစ် ဆေးဝါးအန္တရာယ်အပါအဝင် ဦးစားပေးလုပ်ငန်း(၇)ရပ် အကောင်အထည်ဖော် ဆောင်ရွက်ကြရန်နှင့် အဆင့်မြင့်ပညာရေးမှ အရည်အသွေးရှိသော ဘွဲ့ရ မောင်မယ်များ ပြုစုပျိုးထောင်မွေးထုတ်ပေးနိုင်ရေးအတွက် အားလုံးညီညီ ညွတ်ညွတ် ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြား သည်။
 
ထို့နောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးကဏ္ဍသည် အရေးအကြီးဆုံးဖြစ်ပါကြောင်း၊ အစိုးရနှင့်ပုဂ္ဂလိက တက္ကသိုလ်များ အရည် အသွေးပြည့်၀၍ တိုးတက်ရေးအားပေးကြရမည်ဖြစ်ပါကြောင်း၊ တက္ကသိုလ် များတွင် သုတေသနဖွံ့ဖြိုးတိုးတက်ရေးနှင့် စာမေးပွဲစနစ်များ နိုင်ငံတကာ အဆင့်မီတိုးတက်အောင်ဆောင်ရွက်ရေး၊ ကျောင်းသား ကျောင်းသူများ တက္ကသိုလ် များစာကြည့်တိုက်ကို ထိထိရောက်ရောက်အသုံးချဆောင်ရွက်ရေး ပိုမိုမြှင့်တင် ဆောင်ရွက်စေလိုပါကြောင်း စသည်ဖြင့် အကြံပြုဆွေးနွေးပြောကြားသည်။
 
ရှင်းလင်းတင်ပြ
 
ယင်းနောက် အမျိုးသားပညာရေးမူဝါဒကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာ မျိုးကြွယ်က အဆင့်မြင့်ပညာရေးဆိုင်ရာများ ဆွေးနွေးပြောကြားပြီး ပါမောက္ခ ချုပ်များကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်ဝေစိုးက ၂၀၁၉ ခုနှစ် အောက်တိုဘာ လတွင် ကျင်းပခဲ့သော တက္ကသိုလ်များ ဖွံ့ဖြိုးတိုးတက်ရေးနှီးနှောဖလှယ်ပွဲမှ ဆွေးနွေးရရှိသည့် ရှေ့လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရန်စီစဉ်နေမှု အခြေအနေများကိုလည်းကောင်း၊ ပါမောက္ခချုပ်များကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဆင့်စိုးက လွတ်လပ်စွာရပ်တည်သောတက္ကသိုလ်များအဖြစ် ထူထောင် နိုင်ရန်အတွက် တက္ကသိုလ်အလိုက် ကြိုတင်လုပ်ငန်းစဉ်များနှင့် ပါမောက္ခချုပ် များကော်မတီက ကူညီဆောင်ရွက်ပေးမည့် အထောက်အကူပြုလုပ်ငန်းများနှင့် စပ်လျဉ်း၍လည်းကောင်း၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင်က National Qualification Framework နှင့်စပ်လျဉ်း၍ လည်းကောင်း၊ မုံရွာစီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစိုးဝင်းက မြန်မာနိုင်ငံတက္ကသိုလ်များ၏ ဘဏ္ဍာရေးစနစ်၊ Good Practice Guidelines for University Governance and Management တို့နှင့်စပ်လျဉ်း၍လည်းကောင်း၊ ရန်ကုန်ကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမီမီသက်သွင်က တက္ကသိုလ် များတွင် e-payment system နှင့် Digitalization လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း ၍လည်းကောင်း၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ကျော်ကျော်ခေါင်က ကိုယ်ပိုင်သို့မဟုတ် ပုဂ္ဂလိကကျောင်းများ စနစ်တကျ ဖြစ်စေရေး ကြီးကြပ်ဆောင်ရွက်မည့်အစီအစဉ်နှင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များအားလုံး၏ နှစ်စဉ် Data Renew လုပ်ရန် လိုအပ်ချက်များနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တက်ရောက်လာကြသူများက အဆင့်မြင့် ပညာရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
 
သတင်းစဉ်