မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ နောက်ဆက်တွဲဂယက်ရိုက်ခတ်မှုများကြောင့် နိုင်ငံအတွင်းစီးပွားရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ တုံ့ဆိုင်းနှေးကွေး ရပ်တန့်ခြင်းများဖြစ်ပေါ်နေသည်။ ထို့ကြောင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို တိုက်တွန်းအားပေး မြှင့်တင်ပေးရန် ကြိုးပမ်းအားထုတ်နေသည်။ စိုက်ပျိုးရေးကဏ္ဍ၌ စပါးပြီးလျှင် အဓိကအားထားသည့် ပဲမျိုးစုံစိုက်ပျိုးရေးကို အလေးထားဆောင်ရွက်နေသည်။
မြန်မာနိုင်ငံ၏ အမျိုးသားစီးပွားရေးကို ပြန်လည်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာ၌ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သည်နှင့်အညီ စိုက်ပျိုးရေး ဖြင့် နိုင်ငံ့စီးပွားပြန်လည်ဦးမော့လာအောင် ကြိုးပမ်းဆောင်ရွက်ခြင်းသည် လျော်ကန်သင့်မြတ်ဆုံးဖြစ်သည်။ မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးထွက်ကုန်များ ပေါများဖွံ့ဖြိုးသော်လည်း စားသောက်ကုန်များကို ပြည်ပမှ နှစ်စဉ်တင်သွင်း နေသည်မှာ နိုင်ငံ့စီးပွားရေးတွင် လိုအပ်ချက်ဖြစ်နေသည်။ စိုက်ပျိုးရေးထုတ်ကုန်များ ပြည်တွင်း၌ ကြိုးစားထုတ်လုပ်ပြီး ပြည်တွင်း၌ အားပေးခြင်းဖြင့် နိုင်ငံ့စီးပွား အလုပ်အကိုင်များ ဖွံ့ဖြိုးတိုးတက်လာကာ နိုင်ငံခြားငွေ စီးထွက်မှုကို တားဆီးနိုင် သည်။
မြန်မာနိုင်ငံတွင် ဆန်စပါးပြီးလျှင် ဆီထွက်သီးနှံများကို ပိုမိုထုတ်လုပ်နိုင်သလို ပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်ရေးအတွက် ဆီစားသုံးမှုကို ဆင်ခြင်ခြင်းဖြင့် ပြည်တွင်းသို့ စားသုံးဆီတင်သွင်းမှုလျှော့ချပြီး ပြည်သူများ လူမှုစီးပွားမြင့်မားရေးကို အထောက်အကူပြုနိုင်သည်။ ဆီထွက်သီးနှံပိုလျှံစွာ ထုတ်လုပ်နိုင်ရေးအတွက် တောင်သူများအား ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ပြည်တွင်းဆီစက်များ အပြည့် အဝလည်ပတ်နိုင်ရေးစီမံချက်ကို ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်သည်။ ပဲမျိုးစုံသီးနှံသည် မြန်မာနိုင်ငံအတွက် ဒုတိယ အားထားရဆုံး သီးနှံမျိုးစုံဖြစ်သဖြင့် ပဲမျိုးစုံသီးနှံစိုက်ပျိုးရေးတွင် နိုင်ငံတော်က ဝိုင်းဝန်းကူညီအားပေးကာ ကြိုးပမ်း ထုတ်လုပ်နိုင်ပါက နိုင်ငံ့စီးပွားဦးမော့လာမည်မှာ သေချာသည်။
၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၏ ၁၀ လတာကာလအတွင်း ပြည်ပသို့ ပဲမျိုးစုံတင်ပို့ခဲ့ရာ ပင်လယ်ရေကြောင်းမှ အမေရိကန်ဒေါ်လာ သန်း ၇၆၀ ကျော်နှင့် နယ်စပ်ကုန်သွယ် ရေးမှ အမေရိကန်ဒေါ်လာ သန်း ၆၀၀ နီးပါးရရှိခဲ့ရာ ပြည်ပသို့ ပဲမျိုးစုံတင်ပို့ရောင်းချ မှုမှ စုစုပေါင်းအမေရိကန်ဒေါ်လာ သန်း ၁၃၆၀ နီးပါး ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။ မြန်မာနိုင်ငံမှ အရည်အသွေး ကောင်းမွန်သော ပဲမျိုးစုံထုတ်လုပ်နိုင်မှုကြောင့် အိန္ဒိယအစိုးရက မြန်မာနိုင်ငံမှ မတ်ပဲတန်ချိန် နှစ်သိန်းခွဲနှင့် ပဲစင်းငုံတန်ချိန် တစ်သိန်းကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အထိ နှစ်စဉ် ပုဂ္ဂလိကကဏ္ဍမှတစ်ဆင့်တင်သွင်းရန် နှစ်နိုင်ငံ သဘောတူလက်မှတ်ရေးထိုးထားသည်။
လက်ရှိတွင် မြန်မာနိုင်ငံနှင့်အိန္ဒိယနိုင်ငံတို့၏ ပဲထုတ်လုပ်မှုပမာဏနှင့် စားသုံးမှု လိုအပ်ချက်တို့အပေါ် မူတည်ပြီး နှစ်နိုင်ငံအကြား မတ်ပဲနှင့်ပဲစင်းငုံ ကုန်သွယ်မှုကို အားပေးရန်ရည်ရွယ်၍ မြန်မာ-အိန္ဒိယ မတ်ပဲနှင့်ပဲစင်းငုံရောင်းဝယ်မှု ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို ၂၀၂၁ ခုနှစ် ဇွန်လ ၁၈ ရက်နေ့က နှစ်နိုင်ငံအစိုးရအကြား လက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါသဘောတူညီမှုသည် အိန္ဒိယအစိုးရက နှစ်စဉ်ထုတ်ပြန်သည့် နိုင်ငံတကာပဲခွဲတမ်းအား ထိခိုက်မှုမရှိ စေဘဲ မြန်မာ့ပဲတင်ပို့သူများအနေဖြင့် နိုင်ငံတကာခွဲတမ်းတွင်လည်း ပါဝင်အကျိုး ခံစားခွင့် ရမည်ဟု သိရသည်။ ယမန်နှစ်က ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၁ ဒသမ ၆ သန်းကျော် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံနီးပါးရရှိထားပြီး ယခုအခါ ယခင်နှစ်ထက် တင်ပို့မှုတန်ချိန်လျော့ကျသော်လည်း ဝင်ငွေအမေရိကန် ဒေါ်လာ သန်း ၁၉၀ နီးပါး ပိုမိုရရှိခဲ့သည်။
မြန်မာနိုင်ငံသည် ပြည်တွင်း၌ ပဲမျိုးစုံထွက်ရှိသည့်အနက် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ ပဲသုံးမျိုးကို ပြည်ပသို့ အများဆုံးတင်ပို့လျက်ရှိသည်။ မြန်မာနိုင်ငံတွင် ပဲမျိုးစုံ ၁၈ မျိုးအား နှစ်စဉ်ဧက ၁၁ သန်းကျော် စိုက်ပျိုးလျက်ရှိပြီး မတ်ပဲနှင့်ပဲစင်းငုံ စိုက်ပျိုးမှုမှာ ၃၅ ရာခိုင်နှုန်းကျော်၊ ပဲတီစိမ်း ၂၆ ရာခိုင်နှုန်း၊ ကုလားပဲ ရှစ်ရာခိုင်နှုန်း စိုက်ပျိုးလျက်ရှိပြီး ကျန်စိုက်ပျိုးမှုမှာ အခြားပဲမျိုးစုံဖြစ်သည်။ ယခုအခါ ပြည်တွင်း စားသုံးဆီသီးနှံ တိုးတက်ထုတ်လုပ်ရေးအတွက် စတင်ကြိုးပမ်းဆောင်ရွက်နေပြီ ဖြစ်ရာ မြေပဲ၊ နှမ်းနှင့်နေကြာဆီ ဆီထွက်သီးနှံများကို ပိုမိုတိုးတက်ထွက်ရှိလာ အောင် အစိုးရ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ဆီထွက်သီးနှံစိုက်ပျိုးသည့်တောင်သူ များ ဝိုင်းဝန်းလက်တွဲ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပြန်လည်ဦးမော့လာရေးအတွက် ပဲမျိုးစုံစိုက်ပျိုးရေးနှင့် ဆီထွက်သီးနှံများ ပိုမိုအောင်မြင် ဖြစ်ထွန်းအောင် စိုက်ပျိုးနိုင်ရေးကို နိုင်ငံ၏အမျိုးသား အကျိုးစီးပွားဖြစ်သည်ဟု ရှုမြင်ခံယူပြီး အားသွန်ခွန်စိုက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြပါရန် တိုက်တွန်း အပ်ပါကြောင်း။ ။