မြန်မာ့အလင်းအယ်ဒီတာအာဘော်
ကိုဗစ်-၁၉ ကပ်ရောဂါသည် ကမ္ဘာ့လူသားတို့အပေါ် ကျန်းမာရေးကဏ္ဍ ကိုသာမက အခြားကဏ္ဍများကိုပါ ထိခိုက်မှုကြီးမားသည်။ ကိုဗစ်-၁၉ ကမ္ဘာအနှံ့ကူးစက်ပျံ့နှံ့နေစဉ်အတွင်း ကမ္ဘာ့စီးပွားရေး အင်အားကြီး နိုင်ငံများ အထိနာခဲ့ရာ နိုင်ငံငယ်များအဖို့မူ ဆိုဖွယ်ရာမရှိတော့။ ရောဂါကူးစက်ပြန့်ပွားမှုကို တားဆီးကာကွယ်နိုင်ရန်အတွက် မြို့များ အလုံပိတ်၊ သွားလာမှုများ တားဆီးကန့်သတ်၊ တစ်နေရာနှင့်တစ်နေရာ ကူးသန်းသွားလာမှုများ ရပ်တန့်၊ နယ်စပ်ဖြတ်သန်းမှုများကို ပိတ်ဆို့၊ နိုင်ငံအတွင်းသို့ ရေကြောင်း၊ လေကြောင်းဝင်ပေါက်များ ပိတ်ထား ခြင်း အားဖြင့် ရောဂါကူးစက်မှုများ လျှော့ချတားဆီးနိုင်သည်နှင့် တစ်ဆက်တည်းမှာပင် နိုင်ငံစီးပွားရေး ကျုံ့ဝင်သွားခြင်း၊ ကျဆင်း သွားခြင်းတို့ကိုပါ တွေ့ကြုံလာကြရသည်။
နိုင်ငံများစီးပွားရေးကျဆင်းရခြင်းတွင် အထက်၌ ဖော်ပြခဲ့ သကဲ့သို့ နိုင်ငံနှင့်တကွ မြို့ရွာဒေသများတွင်ပါ အဝင်အထွက်ပိတ်ဆို့ ခဲ့ခြင်းနှင့် ဝယ်ယူစားသုံးသူများက စိုးရိမ်ပူပန်မှုများကြောင့် သုံးစွဲမှု များ လျှော့ချခြင်းတို့ကြောင့်လည်း ပါဝင်သည်။ တစ်နည်းအားဖြင့် စီးပွားရေးကျဆင်းမှုကြောင့် ဝင်ငွေနည်းပါးလာရာမှ စားသုံးမှု လျော့ကျလာခြင်းလည်းဖြစ်သည်။ ကမ္ဘာ့စီးပွားရေးထိပ်တန်းနိုင်ငံ ကြီး သုံးခု၏ ယမန်နှစ်က စီးပွားရေးအခြေအနေကို ကြည့်လျှင် အမေရိကန်နှင့် ဂျပန်တို့၏ စီးပွားရေးများ မကြုံစဖူး ကျဆင်းခဲ့ပြီး တရုတ်နိုင်ငံကမူ တိုးတက်ခဲ့သည်။ တရုတ်နိုင်ငံသည် ကမ္ဘာ့စက်ရုံကြီး အဖြစ် တင်စားကြရသည့်အတိုင်း ကိုဗစ်-၁၉ ကပ်ရောဂါကိုပင် အကြောင်းပြုကာ PPE ဝတ်စုံများ၊ ဆေးနှင့်ဆေးပစ္စည်းကိရိယာများ၊ အိမ်သုံးလျှပ်စစ်ပစ္စည်းများနှင့် အထည်အလိပ်များ၊ နိုင်ငံတကာ ဝယ်လိုအား မြင့်တက်မှုကြောင့် ပို့ကုန်များ ပိုမိုတင်ပို့နိုင်ပြီး စီးပွားရေး တိုးတက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါသည် မြန်မာနိုင်ငံသို့ ၂၀၂၀ ပြည့်နှစ် နှစ်စပိုင်းတွင် ဝင်ရောက်လာခဲ့ရာ လက်ရှိ တတိယလှိုင်းကာလအထိ တစ်နှစ်ခွဲခန့် ကြာမြင့်ခဲ့ပြီဖြစ်သည်။ ကပ်ရောဂါအပြင် နိုင်ငံရေး အပြောင်းအလဲကပါ နိုင်ငံ၏ စီးပွားရေးအပေါ် သက်ရောက်မှုကြီးမား ခဲ့သည်။ အထူးသဖြင့် CMP လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း များ၊ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ အထိနာခဲ့သလို တောင်သူလယ်လုပ်တို့၏ စိုက်ပျိုးထုတ်ကုန်များ ဈေးကွက်ပျောက်ခဲ့သည်။ ဆင်းရဲမွဲတေမှုနှုန်းမှာ ကိုဗစ်-၁၉ မဖြစ်မီ ကထက် ၅ ရာခိုင်နှုန်းခန့် ပို၍တက်လာခဲ့သလို ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်ကဲ့သို့သော အဖွဲ့အစည်းက မြန်မာနိုင်ငံတွင် လာမည့် လအနည်းငယ်အတွင်း လူပေါင်း ၃ ဒသမ ၄ သန်းခန့် အစာရေစာ ဝလင်မည်မဟုတ်ကြောင်း ခန့်မှန်းခဲ့သည်ကိုလည်း တွေ့ရသည်။ မြန်မာနိုင်ငံအနေဖြင့် ဆိုခဲ့ပါ စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှား ရာတွင် ပြည်တွင်းအားကိုသာ အဓိကအသုံးပြုကြရမှာဖြစ်သည်။ နိုင်ငံ၏ အကျပ်အတည်းကို နိုင်ငံသူ နိုင်ငံသားပြည်သူလူထု၏ အင်အားဖြင့် မဖြစ်မနေဖြေရှင်းကြရမည်ဖြစ်ပြီး အောက်ဆုံးအဆင့် တွင် ရှိနေသော ဝင်ငွေအနည်းပါးဆုံး၊ ထိခိုက်ခံစားရန် အလွယ်ကူဆုံး လူတန်းစားများကို ထောက်ပံ့ကူညီမှု ပြုပေးရမည်ဖြစ်သည်။
နိုင်ငံ၏ စီးပွားရေးပြန်လည်ဦးမော့လာစေရေးအတွက် နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ကလည်း မိုးရာသီစိုက်ပျိုးရေးတွင် စပါးကိုသာမက အခြားစိုက်ပျိုးသီးနှံများကိုပါ စနစ်တကျဆောင်ရွက်ခြင်းဖြင့် နိုင်ငံအတွက် စားရေရိက္ခာပေါများ လာပြီး ပြည်ပသို့ ပို့ကုန်များ ဆောင်ရွက်နိုင်ကြောင်း၊ အခွန်အခများ လျှော့ချပေးခြင်း၊ ဆိုင်းငံ့ပေးခြင်းများ ဆောင်ရွက်လျက်ရှိသော်လည်း လိုအပ်သည်များ ထပ်မံကူညီပေးရန်လိုကြောင်း၊ ပို့ကုန်များ အရည် အသွေး ကောင်းမွန်ရေး ထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ စီးပွားရေးဖွံ့ဖြိုးမှု စီမံကိန်းများကို ဆက်လက်အကောင်အထည်ဖော် သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်း အဝေး(၁၄/၂၀၂၁)တွင် ပြောကြားခဲ့ရာ ကျရာကဏ္ဍတွင် ကျေပွန်စွာ ပါဝင်ဆောင်ရွက်ကြခြင်းဖြင့် ကိုဗစ်-၁၉ကြောင့် ထိခိုက်ဆုံးရှုံးမှုများမှ ရုန်းထွက်ရှင်သန်နိုင်မည်ဟု ယုံကြည်ပါကြောင်း။ ။