လူမှုကွန်ရက်ပေါ်က ဝါဒဖြန့်သတင်းတုသတင်းမှားသံသရာ

Type

 

 

မေယု-မျိုးအောင်(MANA)

 

ဝါဒဖြန့်ခြင်းဟူသည်ကား အခြေခံအကျဆုံးအဖြစ် ရှုမြင်ကြည့်လျှင် ဘက်လိုက်သော သို့မဟုတ် လမ်းလွဲသို့ ခေါ်ဆောင်သွားသော အချက်အလက်များကို လူအများထံ ပျံ့နှံ့စေနိုင်မည့် မီဒီယာပုံစံအချို့ကို အသုံးပြုလျက်  ဖြန့်ချိခြင်းဖြစ်သည်။ နိုင်ငံရေး အာဂျင်ဒါတစ်ခု သို့မဟုတ် နိုင်ငံရေးအမြင်တစ်ရပ်ကို ပရိုမိုးရှင်း လုပ်ရန် ရည်ရွယ်သည်။ ဝါဒဖြန့်ချိမှုသည် ဓမ္မဓိဋ္ဌာန်မကျအောင်၊ သမာသမတ် မကျအောင် တမင်ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ပြီး  တစ်ခုသော ထင်မြင်ချက် တစ်ရပ်ဆီသို့ လူအများကို လွှမ်းမိုးသိမ်းသွင်းဆွဲခေါ်ရန်အတွက် ပိုမိုကြီးမားသည့် စိတ်ဓာတ်စစ်ဆင်ရေးလုပ်ငန်း၏ အစိတ်အပိုင်းတစ်ရပ် ဖြစ်တတ်သည်။ ယင်းကဲ့သို့သော စိတ်ဓာတ်စစ်ဆင်ရေးတွင် ပြောင်ကျကျ လိမ်ညာမှုများ သို့မဟုတ် ပိုမိုသိမ်မွေ့သော အချက်အလက်အမှားများ ထည့်သွင်းခြင်းနှင့် ဆင်ဆာ ဖြတ်ခြင်းတို့ ပါဝင်သည်။ ဝါဒဖြန့်ချိရေးသည် ဓာတ်ပုံများ၊ ကြွေးကြော်သံများနှင့် တမင်ရွေးချယ်သုံးစွဲသော အချက်အလက်များအပြင် အချက်အလက်များကို ထိန်းချုပ်ခြင်း သို့မဟုတ် ဆင်ဆာဖြတ်ခြင်း တို့မှတစ်ဆင့် လူတို့၏စိတ်ခံစားချက်များကို လှုံ့ဆော်သည်။

နည်းစနစ်လွှမ်းမိုးနိုင်ရန်
အခြားမီဒီယာများကို   ဆင်ဆာဖြတ်ကာ ထိန်းချုပ်ထားခြင်းနှင့် အစိုးရကိုယ်တိုင်က အစိုးရ ပိုင်မီဒီယာများထားရှိခြင်းတို့ ပြုလုပ်ကာ ဝါဒဖြန့် ချိမှု ပြုလုပ်သည့်ပုံစံမျိုးကို ကျင့်သုံးခဲ့သည်။ ရိုးရိုး ကောလာဟလများ ဖြန့်ချိခြင်းနှင့် ဝါဒဖြန့်ချိခြင်း တို့အကြား  ကွာခြားချက်မှာ   ဝါဒဖြန့်ချိရေး၏ နောက်ကွယ်၌ ရည်ရွယ်ချက်ရှိပြီး ဖွဲ့စည်းထားရှိ ကာ ရန်ပုံငွေထောက်ပံ့ထားသည့် လှုပ်ရှားမှုဖြစ် ခြင်းပင် ဖြစ်သည်။  ဝါဒဖြန့်ချိခြင်းနှင့်ပတ်သက်၍ အထင်ရှားဆုံးသာဓကများမှာ  စစ်ပွဲကာလများ အတွင်း အစိုးရအဖွဲ့များက ဘုံရန်သူကို ဆန့်ကျင် ရန်အတွက် ၎င်းတို့၏ ပြည်သူလူထုများကို စုဝေး စေကာ ဟောပြောခြင်းဖြစ်သည်။ ပထမကမ္ဘာစစ် နှင့် ဒုတိယကမ္ဘာစစ်တို့အတွင်း ပိုစတာများက ရန်သူများကို မကောင်းဆိုးရွားများအဖြစ် သရုပ်ဖော် လေ့ရှိခဲ့သည်။  ယင်းနည်းစနစ်မှာ လူထုထင်မြင် ချက်အပေါ် လွှမ်းမိုးနိုင်ရန်အတွက်သာမက မိမိတို့ ၏   စစ်သားများ    အသေအကျေတိုက်ပွဲဝင်ရေး အတွက် ယုံကြည်မှုရရှိရန်အတွက်ပါ  အရေးကြီး ခဲ့သည်။
လွန်ခဲ့သည့် နှစ်နှစ်ခန့်က  ထုတ်ဝေခဲ့သည့် သိပ္ပံဂျာနယ်တစ်စောင်တွင်  မက်ဆာချူးဆက် နည်းပညာတက္ကသိုလ်(MIT) မှ သုတေသနပညာရှင် များဦးဆောင်သည့် လေ့လာမှုတစ်ခုက အင်တာ နက်၌   သတင်းအတု၏ပျံ့နှံ့မှုသည်  သတင်း အမှန်ထက်  ပိုမိုမြန်ဆန်ကြောင်း၊ သတင်းအမှန် ထက် သတင်းအတုများကို ပြန်လည်မျှဝေမှုက ၇၀ ရာခိုင်နှုန်းကျော်ကြောင်း၊ လူပေါင်း ၁၅၀၀ ထံ သတင်းမှန်ရောက်ရှိရေးထက် သတင်းအတုပျံ့နှံ့မှု မှာ ခြောက်ဆပိုများကြောင်း ဖော်ပြထားသည်။ အဆိုပါ လေ့လာမှုကို ၂၀၀၆ ခုနှစ်မှ ၂၀၁၇ ခုနှစ် အထိ တွစ်တာ၌ပျံ့နှံ့နေသော သတင်း ၁၂၆၀၀၀ ကို လေ့လာခဲ့ခြင်း ဖြစ်သည်။
ဖေ့စ်ဘွတ်ကလည်း      ကျင်းပပြီးစီးခဲ့သည့် ယခင်သက်တမ်း အမေရိကန်သမ္မတ ရွေးကောက်ပွဲ မတိုင်မီနှင့် ရွေးကောက်ပွဲအပြီးတွင် ၎င်းတို့၏ ကွန်ရက်ကို  အသုံးပြုသူအနည်းဆုံး   ၁၂၆   သန်းခန့် က  ရုရှားတို့ဖြန့်ဝေထားသည့် သတင်းအတုများကို တွေ့မြင်ဖတ်ရှုခဲ့ကြရကြောင်း သတင်းထုတ်ပြန်ခဲ့ သည်။ ၂၀၁၉ ခုနှစ် ဇွန်လအတွင်း ထုတ်ပြန်ခဲ့သည့် နိုင်ငံပေါင်း ၂၅ နိုင်ငံရှိ အင်တာနက်သုံးစွဲသူ ၂၅၀၀၀ ကျော်၏  Ipsos နှစ်စဉ်သက်တမ်းကလည်း အများ အားဖြင့် ဖေ့စ်ဘွတ်ပေါ်မှ ဖြန့်ဝေနေသော သတင်း အတုများသည် အင်တာနက်အသုံးပြုသူတို့၏ ၈၆ ရာခိုင်နှုန်းကို လှည့်စားခဲ့ကြောင်း၊ အထူးသဖြင့် သတင်းအတုများသည် ဖေ့စ်ဘွတ်တွင် အများဆုံး ပျံ့နှံ့နေကြောင်း ဖော်ပြထားသည်။ အဆိုပါ ဖြစ်ရပ် များက သတင်းအတု၊ သတင်းအမှား ပြဿနာသည် ကမ္ဘာတစ်ဝန်းရှိ   အင်တာနက်သုံးစွဲသူတို့အပေါ် အတိုင်းအတာတစ်ခုအထိ    ဩဇာသက်ရောက်မှု ရှိနေကြောင်းကို မီးမောင်းထိုးပြလျက်ရှိသည်။
သတင်းများသည် လူ့အဖွဲ့အစည်းတစ်ရပ်လုံး အတွက်   အရေးပါသည့်အစိတ်အပိုင်းတစ်ရပ်ဖြစ် ကာ အချက်အလက်ပေးခြင်း၊  ဖျော်ဖြေခြင်းနှင့် အများပြည်သူကို ဆွဲဆောင်ခြင်းတည်းဟူသော ရောယှက်နေသည့် အစိတ်အပိုင်းသုံးရပ်ဖြင့် စုဖွဲ့ထား ခြင်းဖြစ်သည်။ သတင်းများအားလုံးသည် လူသား များ ကြားဝင်ဆောင်ရွက်မှု၏ ထုတ်ကုန်သာဖြစ်၍ သတင်းထောက်၊ သတင်းစာဆရာနှင့် သတင်းအယ်ဒီ တာတို့၏ ဓမ္မဓိဋ္ဌာန်ကျစွာ ပါဝင်မှုနှင့် ရိုးသားမှန်ကန် မှုကို အာမခံပေးနိုင်သော သတင်းဖြစ်မှုကို အခြေခံ သည့် သတင်းများကသာလျှင် စစ်မှန်သောသတင်း များ ဖြစ်သည်။
စေ့ဆော်မှု သုံးရပ်ရှိ
လူမှုကွန်ရက်ပေါ်၌ သတင်းအတု၊ သတင်းမှား များ၏ တမင်ရည်ရွယ်ချက်ဖြင့် ဖြန့်ချိနေမှုသည် မြန်မာနိုင်ငံတွင်သာမက ကမ္ဘာတစ်ဝန်းတွင်လည်း ရင်ဆိုင်နေရသည့်ပြဿနာ  ဖြစ်သည်။ သတင်း အတုဟူသည် ရည်ရွယ်ချက်ရှိရှိ ပုံမှားရိုက်ထားပြီး ထိခိုက်နစ်နာမှုဖြစ်စေရန် ဦးတည်သောအကြောင်း အရာ ဖြစ်သည်။ ယင်းတွင် ငွေကြေးရရှိရန်၊ ကိစ္စ အရပ်ရပ်အတွက် ဩဇာထူထောင်ရန်နှင့် အဆိုပါ သတင်းကြောင့်   ပြဿနာဖြစ်ပွားစေရန်ဟူသည့် စေ့ဆော်မှု သုံးရပ်ရှိသည်ကို တွေ့ရသည်။ သတင်းမှား ဟူသည် မှားယွင်းသော အကြောင်းအရာတစ်ခုဟု ခေါ်ဆိုနိုင်ပြီး ယင်းကိုဖြန့်ချိသည့် ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်အနေဖြင့် အဆိုပါသတင်းသည်အမှား သို့မဟုတ် နားလည်မှုလွဲစေသည့်အရာဟု ခွဲခြားနိုင် စွမ်းမရှိဘဲ အများသိရှိစေရန် ရည်ရွယ်၍ ကွန်ရက် တွင်   မျှဝေလိုက်သော  သတင်းမျိုးဖြစ်သည်။ ကောလာဟလသတင်းဟူသည်မှာ   မှန်ကန်သော သတင်းအချက်အလက်ဖြစ်သော်လည်း  ထိခိုက် နစ်နာမှုဖြစ်စေလိုသော ရည်ရွယ်ချက်ဖြင့် မျှဝေ ခြင်းဖြစ်သည်။
အသံ ငါးမျိုးခွဲခြား
ကောလာဟလဟူသည် မြန်မာအဘိဓာန်က တစ်စုံတစ်ရာဖြစ်ပေါ်မည့်အကြောင်း ကြိုတင်သတိ ပေးသော ကြွေးကြော်စကား၊ ကြိုတင်ဖြစ်ပေါ်နေ သောသတင်း၊   အခြေအမြစ်မရှိသောသတင်းဟု အဓိပ္ပာယ်ဖွင့်သည်။ ကျမ်းဂန်များကလည်း ကောလာ ဟလကို ကပ္ပကောလာဟလ-ကမ္ဘာမပျက်မီ အနှစ် တစ်သိန်းက    ကျော်ကြားခဲ့သောအသံ၊    စက္ကဝတ္တိ ကောလာဟလ-စကြာမင်းမပေါ်မီ အနှစ်တစ်ရာက ကျော်ကြားခဲ့သောအသံ၊ ဗုဒ္ဓကောလာဟလ-ဘုရား မပွင့်မီ နှစ်ပေါင်းတစ်ထောင်က ကျော်ကြားခဲ့သော အသံ၊ မင်္ဂလာကောလာဟလ- မင်္ဂလာတရားမဟောမီ ၁၂ နှစ်က ကျော်ကြားခဲ့သောအသံနှင့် မောနေယျ ကောလာဟလ-မောနေယျအကျင့်ကို မေးလျှောက် ကျင့်ကြံသော ပုဂ္ဂိုလ်မပေါ်မီ ခုနစ်နှစ်က ကျော်ကြား ခဲ့သော အသံဟူ၍ ငါးမျိုးခွဲခြားသည်။ စာပေကျမ်းဂန် များက မည်သို့ပင်အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆိုကြ သည်ဖြစ်စေ ကောလာဟလသည် အစစ်အမှန် သတင်းစကားမဟုတ်သည်မှာ   သေချာသည့်အချက် ဖြစ်သည်။
ကျပ်တစ်သောင်းတန်များ ပြန်လည်သိမ်းယူ မည်ဟူသည့် ကောလာဟလများကြောင့် မြန်မာ့ ငွေကြေးဈေးကွက်နှင့် ရွှေဈေးကွက်အတွင်း  ရိုက် ခတ်မှုအချို့ ဖြစ်ပေါ်ခဲ့သည်။ ပြည်သူများအနေဖြင့် ငွေကြေးနှင့် ဘဏ်လုပ်ငန်းဆောင်ရွက်မှုများအပေါ် စိုးရိမ်မှုများမရှိဘဲ ယုံကြည်စွာဖြင့် ဆက်လက်သုံးစွဲ နိုင်ပါကြောင်းနှင့်   ဘဏ်ဝန်ဆောင်မှုများ  ပုံမှန် ဆောင်ရွက်ရန်  ဘဏ်များသို့   ညွှန်ကြားပြီးဖြစ်ပါ ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ပြီးနောက် အဆိုပါ ကိစ္စနှင့်စပ်လျဉ်း၍      အများပြည်သူတို့အကြား ဖြစ်ပေါ်နေသည့် စိုးရိမ်မှုအချို့အပေါ် ပြေလျော့သွား စေခဲ့သည်။ လတ်တလောတွင်လည်း အတုအယောင် များ မကြာခဏထွက်ပေါ်လေ့ရှိရာ  ဤအချက်က အများပြည်သူတို့အနေဖြင့်    လူမှုကွန်ရက်ပေါ်မှ သတင်းများအပေါ်     သေချာစွာ     စိစစ်ပြီးမှ ယုံကြည်ရန်   အရေးကြီးကြောင်း    ညွှန်ပြလျက် ရှိသည်။
မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်းသုံးစွဲသူအားလုံး အနက် ရာခိုင်နှုန်း ၈၀ အထက်သည် စမတ်ဖုန်း သုံးစွဲသူများဖြစ်ကာ   အဆိုပါ   ရာခိုင်နှုန်းသည် အရှေ့တောင်အာရှနှင့်   အိမ်နီးချင်းနိုင်ငံများအကြား မြင့်မားသည့် နှုန်းထားတစ်ခုဖြစ်သည်။ စစ်တမ်း များအရ                          
ဆက်သွယ်ရေးအော်ပရေတာများက ဆင်းမ်ကတ် ပေါင်း သန်း ၅၀ ကျော် ဖြန့်ချိထားပြီး လူဦးရေ ၁၀ သန်းနှင့် အထက်က ဆိုရှယ်မီဒီယာ ဖေ့စ်ဘွတ်ခ်ကို အသုံးပြုနေကြောင်း၊ မြန်မာနိုင်ငံ၏ အွန်လိုင်းသုံးစွဲမှု သည်  တစ်ရက်လျှင် ပျမ်းမျှ ၂ ဒသမ  ၄   နာရီရှိကြောင်း၊    လူမှုကွန်ရက်နှင့် မက်ဆေ့ချ်ဝန်ဆောင်မှုများတွင်  ဖေ့စ်ဘွတ်သည် ၅၉ ရာခိုင်နှုန်းဖြင့်    ဦးဆောင်နေပြီး    ၎င်း၏ နောက်တွင် မက်ဆင်ဂျာက ၃၆ ရာခိုင်နှုန်း၊ ဗိုက်ဗာက ၃၆ ရာခိုင်နှုန်း၊  ဘီတော့က   ၇ ရာခိုင် နှုန်းနှင့်    ယူကျုက   ၆    ရာခိုင်နှုန်းဖြစ်ကြောင်း  သိရသည်။ ထို့ကြောင့် လူမှုကွန်ရက်   သုံးစွဲသူများ အနေဖြင့်    သတင်းမှားများ၊       သတင်းအတု အယောင်များကို  ဟုတ်၊  မဟုတ်ဆိုသည်ကို   သတိ ထားသင့်သည်။ တက်လာသည့် သတင်းများအပေါ်  ခွဲခြမ်းစိတ်ဖြာခြင်းမပြုဘဲ   ထပ်ဆင့်ဖြန့်ဝေခြင်း၊    ပြဿနာ၏ အရင်းအမြစ်အပေါ်   ပူးပေါင်းဖြေရှင်း ရေးထက်  လူအများ   စိုးရိမ်ထိတ်လန့်မှုကို   ပိုမို နက်ရှိုင်းစေမည့်  ထင်မြင်ချက်များကို   ဝင်ရောက် ရေးသားမှုများက  မလိုလားအပ်သည့်  အကျိုးဆက် များကို ဖြစ်ပေါ်စေနိုင်သည်။
အလွန်လွယ်ကူလာ
လူမှုမီဒီယာများ တွင်ကျယ်လာသည့် ယနေ့ ခေတ်တွင် ဝါဒဖြန့်ချိရန် အလွန်လွယ်ကူလာသကဲ့သို့  “မကောင်းမှုဟူသည် ဆိတ်ကွယ်ရာမရှိ” ဟူသော စကားအတိုင်း တစ်စုံတစ်ရာကို ဖုံးကွယ်လိမ်ညာမှု ပြုလုပ်ရန်လည်း  ခက်ခဲလာသည်။   အချိန်ကာလ အပိုင်းအခြားတစ်ရပ်အတွင်း     တစ်စုံတစ်ရာကို ဖုံးကွယ်ထားခြင်း သို့မဟုတ် လိမ်လည်ထားခြင်း ပြုကောင်းပြုနိုင်မည်ဖြစ်သော်လည်း   မည်သည့် အရာကိုမျှ ရေရှည်၌ လိမ်ညာဖုံးကွယ်ထားရန် မဖြစ် နိုင်ပါ။ မည်သူမဆို မှားခဲ့သည်များကို အဖတ်ဆယ် ရန် ဖုံးကွယ်လိမ်ညာ ဝါဒဖြန့်လျက် အမှားသံသရာ၌ လည်နေမည့်အစား ရိုးသားစွာဝန်ခံလျက် နောက် ထပ်အမှားများ ထပ်မံမကျူးလွန်မိစေရေးအတွက် ဂရုပြုကြရမည်ဖြစ်သည်။
လူမှုကွန်ရက် သုံးစွဲသူများအနေဖြင့် အွန်လိုင်း သတင်းများအပေါ် အမှား၊ အမှန် စိစစ်ရာတွင် အခြားသတင်းဌာနများနှင့် ဆန့်ကျင်ကွဲလွဲနေသည့် သတင်းရင်းမြစ်ကို စစ်ဆေးခြင်း၊ အချက်အလက် များ မှန်၊ မမှန်ကို အခြားအချက်များနှင့် တိုက်ဆိုင် စစ်ဆေးခြင်း၊   လူအများ   အထိတ်တလန့်ဖြစ်စေ နိုင်သော  သတင်းခေါင်းစဉ်ပါရှိသည့် သတင်းတစ်ပုဒ် လုံးကို  သံသယထားရှိခြင်းများ   လိုအပ်ပါသည်။ ငွေကြေးကိစ္စများနှင့်ပတ်သက်ပါက ဗဟိုဘဏ်က တရားဝင်ထုတ်ပြန်သည့် သတင်းများကို သိမှတ် ခြင်း၊ ကိုဗစ်ကပ်ရောဂါနှင့် ပတ်သက်ပါကလည်း သတင်းအမှန်ကို ဖြေကြားပေးနိုင်သည့် သက်ဆိုင် ရာ ကျန်းမာရေးဝန်ထမ်းများထံ ဆက်သွယ်မေးမြန်း ခြင်းဖြင့်   ကောလာဟလနှင့်သတင်းမှားများကို သတိထားခွဲခြားကြရန် လိုအပ်သည်။
သတင်းအတုများ၊ သတင်းမှားများ၊ ကောလာ ဟလများသည် လူဦးရေဘီလီယံကျော်အသုံးပြု နေသော လူမှုကွန်ရက်ပေါ်၌ အချိန်နှင့်အမျှ ပျံ့နှံ့ လျက်ရှိရာ လူတိုင်းအနေဖြင့် မိမိတို့မြင်တွေ့ရသည့် သတင်းအချက်အလက်များ မှန်၊ မမှန်ကို အခြား သတင်းဌာနများနှင့်    ဆန့်ကျင်ကွဲလွဲမှု ရှိ၊ မရှိ စစ်ဆေးခြင်း၊ ထူးခြားသည့်သတင်းများ တင်လေ့ ရှိသည့် ဝက်ဘ်ဆိုက်များကို အသေးစိတ်လေ့လာ ခြင်း၊ ထိုသို့သော  သတင်းမျိုးကို   အလွယ်တကူ ထပ်ဆင့် ဖြန့်ဝေမှုမပြုခြင်းဖြင့်  အမှန်တရားကို ကာကွယ်စောင့်ရှောက်ကြရန် တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။       ။