
တောင်ပေါ်သူ
ကျွန်မတို့နိုင်ငံမှာ သံနဲ့သံမဏိပစ္စည်းတွေကို စက်နဲ့ စက်ကိရိယာများ၊ သံချောင်း လုံး၊ အမိုးပြား၊ သံထည်ပစ္စည်း (Steel Structure)များ၊ မြစ်ကူးတံတား သံပေါင်၊ သင်္ဘောကိုယ်ထည်၊ တယ်လီဖုန်းတာဝါတိုင်၊ ဓာတ်အားဖြန့်ဖြူးတဲ့ တာဝါတိုင်တွေဆိုပြီး ကျယ်ကျယ်ပြန့်ပြန့် သုံးနေကြရပေမယ့် လိုအပ်တဲ့ သံနဲ့ သံမဏိတွေကိုတော့ နိုင်ငံခြားကနေ မှာယူတင်သွင်းနေရပါတယ်။
တကယ်လို့ ကိုယ့်ပြည်တွင်းမှာသာ ထုတ်လုပ် နိုင်မယ်ဆိုရင် သွင်းကုန်အစားထိုးဆောင်ရွက်နိုင် ပြီး နိုင်ငံခြားငွေလည်း သက်သာမယ်၊ နည်းပညာ တွေ ရရှိပြီး နယ်မြေဒေသ ဖွံ့ဖြိုးတိုးတက်လာမယ်၊ အလုပ်အကိုင်အခွင့်အလမ်းတွေလည်း ရလာနိုင် မှာဖြစ်ပါတယ်။
သံ၊ သံမဏိစက်ရုံတွေကို နိုင်ငံတော်က တာဝန် ယူပြီး တည်ဆောက်နိုင်မှသာ နိုင်ငံအတွက် နောင် လိုအပ်လာတော့မယ့် သံနဲ့သံမဏိတွေကို ဖြည့်တင်း ပေးနိုင်မှာ ဖြစ်ပါတယ်။
စက်မှုကဏ္ဍမှာ အခြေခံအကျဆုံးလိုအပ်ချက်က သံနဲ့ သံမဏိကို ထုတ်လုပ်ဖို့ဖြစ်ပြီး မြန်မာနိုင်ငံဟာ လွတ်လပ်ရေးရပြီးနောက်ပိုင်း ခေတ်ကနေစလို့ ကြိုးပမ်းခဲ့ကြပါတယ်။
အကူအညီရယူ
၁၉၅၄ ခုနှစ်က စတင်ပြီး သံနဲ့သံမဏိ လုပ်ငန်း တွေအတွက် အဓိကကုန်ကြမ်းဖြစ်တဲ့ သံသတ္တုရိုင်း တွေနဲ့ ကျောက်မီးသွေးတွေ ရရှိနိုင်ဖို့အတွက် အနောက်ဂျာမနီအစိုးရရဲ့ အကူအညီရယူပြီး ၁၉၅၆ ခုနှစ်၊ ၁၉၅၈ ခုနှစ်၊ ၁၉၅၉ ခုနှစ်၊ ၁၉၆၁ ခုနှစ်နဲ့ ၁၉၆၂ ခုနှစ်တွေမှာ ဘူမိဗေဒလေ့လာမှုတွေကို ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။ ၂၀၀၄ ခုနှစ်မှာ ရုရှားနိုင်ငံ တည်ဆောက်ရေးကုမ္ပဏီနဲ့ မြန်မာ စီးပွားရေးကော်ပိုရေးရှင်းတို့ ပူးပေါင်းဆောင်ရွက်ခဲ့ ကြကြောင်း သိရပြီး ၂၀၀၆ ခုနှစ်မှာ ပင်းပက် သံမဏိ စက်ရုံကို စတင်တည်ဆောက်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် မှာတော့ စက်မှုဝန်ကြီးဌာနက လွှဲပြောင်းရယူပြီး ဆက်လက်လုပ်ကိုင်ခဲ့ပါတယ်။
ကျွန်မတို့ရဲ့ ပင်းပက်သံမဏိစက်ရုံကို စက်မှု ဝန်ကြီးဌာနနဲ့ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းက တာဝန်ရှိသူတွေ ၁၉.၆.၂၀၂၁ ရက်နေ့က လာရောက် ကြည့်ရှုတဲ့ ခရီးစဉ်မှာ စက်ရုံမှူးက စက်ရုံရဲ့ တည် နေရာ၊ သမိုင်းကြောင်း၊ ရင်းနှီးမြှုပ်နှံမှု၊ တည်ဆောက် ပြီးစီးမှု၊ တည်ဆောက်ရန် ကျန်လုပ်ငန်းများ အကြောင်း၊ စက်ရုံရဲ့ လက်ရှိအခြေအနေတွေကို ရှင်းလင်းတင်ပြခဲ့ပါတယ်။
စက်ရုံပြန်လည် လည်ပတ်ဖို့လိုလားလျက်ရှိ
စက်ရုံလည်ပတ်မယ်ဆိုရင် စက်ရုံရဲ့ လက်ရှိ ဝန်ထမ်းအင်အားက အဆိုင်းတစ်ဆိုင်းစာသာ ရှိလို့ အဆိုင်းသုံးဆိုင်းနဲ့ လည်ပတ်နိုင်ရေး ဝန်ထမ်းများ ထပ်မံဖြည့်တင်းပေးဖို့ တင်ပြခဲ့တယ်လို့ သိရပါ တယ်။ တာဝန်ရှိသူတွေက ရပ်ဆိုင်းစက်ရုံတွေအနက် ပင်းပက်သံမဏိစက်ရုံ ပြန်လည် လည်ပတ်နိုင်ရေးကို ဆောင်ရွက်သွားမှာဖြစ်ကြောင်းနဲ့ နှစ်နှစ်ခွဲခန့်နဲ့ အပြီးလည်ပတ်နိုင်ရေး ကြိုးစားဆောင်ရွက်သွား ကြဖို့ မှာကြားခဲ့ပါတယ်။ စက်ရုံပြန်လည် လည်ပတ် နိုင်ဖို့ ဝန်ထမ်းတွေနဲ့ ဒေသခံတွေကပါ လိုလား လျက်ရှိကြပါတယ်။
တာဝန်ရှိသူတွေနဲ့ အဖွဲ့ဟာ စက်ရုံရဲ့ သံသတ္တု ရိုင်းမိုင်းလုပ်ကွက်၊ သံသတ္တုရိုင်း ကြိတ်ခွဲသန့်စင်စက်၊ ဓာတ်ခွဲခန်း၊ အောက်ဆီဂျင်အလုပ်ရုံ၊ စွန့်ပစ် အပူသုံး လျှပ်စစ်ဓာတ်အားထုတ်အလုပ်ရုံ၊ သံရည်ကျိုမီးဖို၊ ပုံလောင်းစက် စသည်တို့ကို ကြည့်ရှု လေ့လာသွားကြပါတယ်။
စက်မှုဝန်ကြီးဌာနနဲ့ အမှတ်(၁)အကြီးစားစက်မှု လုပ်ငန်းတို့ အနေနဲ့လည်း စက်ရုံကြီးပြန်လည် လည်ပတ်နိုင်ဖို့ လိုအပ်တဲ့ အစီအမံတွေ ရေးဆွဲ ဆောင်ရွက်လျက်ရှိပြီး စက်ရုံအတွက် လိုအပ်တဲ့ ဘဏ္ဍာငွေရရှိရေး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီကို တင်ပြတောင်းခံခြင်း၊ မြန်မာနိုင်ငံ ဆိုင်ရာ ရုရှားသံအမတ်ကြီးနဲ့ တွေ့ဆုံဆွေးနွေးခြင်း၊ ရုရှားနိုင်ငံ စက်ရုံတည်ဆောက်တဲ့ ကုမ္ပဏီကို လုပ်ငန်း ပြန်လည်စတင်နိုင်ဖို့အတွက် ဆက်သွယ် ဆောင်ရွက်ခြင်း စတဲ့လုပ်ငန်းတွေကို ဆောင်ရွက်နေ တယ်လို့ သိရှိရပါတယ်။
အနီးပတ်ဝန်းကျင်သို့ ဖြန့်ဖြူးပေး
ကျွန်မတို့ရဲ့ စက်ရုံမှာ အလုပ်ရုံပေါင်း ၂၂ ရုံရှိပြီး သဘာဝပတ်ဝန်းကျင် သန့်ရှင်းရေးအတွက် ဥရောပစံချိန်စံညွှန်းနဲ့အညီ ဆောင်ရွက်ထားရှိ ပါတယ်။ ရေ၊ လေ သန့်စင်တဲ့ စက်ကိရိယာတွေ တပ်ဆင်ထားပါတယ်။ သံရည်ကျိုရာက ထွက်လာ တဲ့ စွန့်ပစ်အပူကိုလည်း အပူစွမ်းအင်ကနေ လျှပ်စစ် စွမ်းအင်သို့ ပြောင်းလဲပြီး မဂ္ဂါဝပ် ၄၀ လျှပ်စစ်ဓာတ် အား ထုတ်လုပ်နိုင်မှာဖြစ်တဲ့အတွက် စက်ရုံရဲ့ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်တင်းပေးနိုင် မှာဖြစ်ပြီး ပိုလျှံလျှပ်စစ်ဓာတ်အားတွေကိုလည်း အနီးပတ်ဝန်းကျင်ဒေသများသို့ ဖြန့်ဖြူးပေးနိုင်မယ် လို့ သိရှိထားပါတယ်။
စက်ရုံမှာ လေထုထဲက အောက်ဆီဂျင်နဲ့ နိုက်ထရိုဂျင်ကို ခွဲခြားထုတ်လုပ်နိုင်မယ့် အလုပ်ရုံ ပါရှိပါတယ်။ အောက်ဆီဂျင်ဓာတ်ငွေ့ကို သံရည်ကျို မီးဖိုရဲ့ လောင်စာအတွက် အဓိက ထုတ်လုပ်ခြင်း ဖြစ်ပါတယ်။ အောက်ဆီဂျင်ဓာတ်ငွေ့ရဲ့ သန့်စင်မှု က ၉၅ ရာခိုင်နှုန်းဖြစ်ပြီး စက်မှုလုပ်ငန်းတွေမှာ သာမက ကျန်းမာရေးကိစ္စရပ်တွေ (ဆေးရုံ၊ ဆေး ခန်းတွေ)အတွက်ပါ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
ယခုအချိန်မှာ စက်ရုံတစ်ခုလုံးရဲ့ တည်ဆောက် မှု၊ စက်တပ်ဆင်မှုနဲ့ စက်စမ်းသပ်လည်ပတ်မှုတွေမှာ ၉၈ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီလို့ ကြားသိရပါ တယ်။ ၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းမှာ စက်ရုံကို အပြီး သတ် လည်ပတ်နိုင်ရေး စီမံဆောင်ရွက်ခဲ့ပေမယ့် ၂၀၁၇ ခုနှစ် မတ်လဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော်၊ စတုတ္ထပုံမှန်အစည်းအဝေး ဆုံးဖြတ် ချက်အရ စက်ရုံကို ရပ်ဆိုင်းထားခဲ့ရပါတယ်။ ရပ်ဆိုင်းထားစဉ် ကာလအတွင်းမှာ လတ်တလော ရပ်ဆိုင်းထားတဲ့စက်ရုံတွေ ဆက်လက်ဆောင်ရွက်ဖို့ သင့်/မသင့် လေ့လာရေးအဖွဲ့တွေရဲ့ စစ်ဆေးမှုများ ကို ခံယူခဲ့ရပါတယ်။
ပင်းပက်သံမဏိစက်ရုံကို လာမယ့် အောက်တို ဘာလကစပြီး နှစ်နှစ်ခွဲခန့်အတွင်း ပြန်လည် လည် ပတ်နိုင်ရေး ဆောင်ရွက်မှာ ဖြစ်ပါတယ်။ စက်ရုံ ကို အပြီးသတ်လည်ပတ်ပြီး နိုင်ငံနဲ့ ပြည်တွင်း အတွက် လိုအပ်ချက်ဖြစ်တဲ့ သံနဲ့ သံမဏိအပြင် အောက်ဆီဂျင်ပါ ထုတ်လုပ်နိုင်မှာဖြစ်လို့ ဒေသ အကျိုးနဲ့ ပြည်နယ်အကျိုးသာမက နိုင်ငံ့အကျိုးပါ ပံ့ပိုးဆောင်ရွက်နိုင်တဲ့ စက်ရုံတစ်ခုဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။
လုံလောက်စွာ ပံ့ပိုး
စက်ရုံပြီးစီးပါက နိုင်ငံရဲ့ စက်မှုကဏ္ဍအတွက် အခြေခံလိုအပ်ချက်ဖြစ်တဲ့ သံနဲ့ သံမဏိတွေ ထုတ်လုပ်နိုင်ရုံသာမက ယခုအချိန် ကိုဗစ်ကပ် ရောဂါကျရောက်ချိန်မှာ ပြည်သူတွေ အထူးလိုအပ် နေတဲ့ အောက်ဆီဂျင်ကိုလည်း လုံလောက်စွာ ပံ့ပိုး ပေးနိုင်မှာ ဖြစ်ပါတယ်။
ပင်းပက်စက်ရုံအတွက် လိုအပ်တဲ့ ကုန်ကြမ်း ပစ္စည်းများဖြစ်တဲ့ သံသတ္တုရိုင်း၊ ထုံးကျောက်၊ ဒိုလို မိုက်ကျောက်၊ ကျောက်မီးသွေးနဲ့ သဲတို့ တူးဖော် ထုတ်လုပ်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ကုန်ချော သံစိမ်းနဲ့ ဟေမတိုက်သံသတ္တုရိုင်းများ သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းတွေမှာ ပြည်တွင်း ပုဂ္ဂလိက လုပ်ငန်းတွေကို တင်ဒါခေါ်ယူ လုပ်ကိုင်စေခြင်းဖြင့် တိုင်းရင်းသားလုပ်ငန်းရှင်တွေအတွက်လည်း စီးပွား ရေး အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်မှာ ဖြစ်ပါ တယ်။
အကျိုးသက်ရောက်မှုရှိ
ပင်းပက်သံမဏိစက်ရုံအနေနဲ့ စက်ရုံရှိ ဝန်ထမ်း တွေနဲ့ စက်ရုံပတ်ဝန်းကျင်ရှိ ဒေသခံပြည်သူတွေ အတွက် လူမှုစီးပွားဘဝ အကျိုးသက်ရောက်မှုရှိ အောင် စက်ရုံပတ်ဝန်းကျင်မှာ အခြေခံပညာအထက် တန်းကျောင်း တစ်ကျောင်းနဲ့ နည်းပညာအထက် တန်းကျောင်း တစ်ကျောင်းကို ဖွင့်လှစ်သင်ကြားပေး လျက်ရှိပါတယ်။ ဒေသခံတွေအတွက် အခြေခံပညာ များနဲ့ စက်မှုနည်းပညာတွေကို မိမိဒေသမှာပဲ သင်ယူနိုင်ပြီး အသက်မွေးဝမ်းကျောင်း ပြုနိုင်မှာ ဖြစ်ပါတယ်။
စည်ပင်ဖွံ့ဖြိုးမှုရှိလာ
အစိုးရနည်းပညာ အထက်တန်းကျောင်း အောင်မြင်သူတွေကိုလည်း စက်ရုံမှာ ပြန်လည် ခန့်ထားပေးခြင်းဖြင့် အလုပ်အကိုင် အခွင့်အလမ်း ကောင်းများ ရရှိနိုင်မှာဖြစ်ပါတယ်။ စက်ရုံအနီးမှာ စျေးတစ်ခု တည်ဆောက်ဖွင့်လှစ်ပေးထားတဲ့ အတွက် ဒေသထွက်သီးနှံများ ရောင်းဝယ်ဖောက် ကားနိုင်ပြီး စည်ပင်ဖွံ့ဖြိုးမှုရှိလာပါတယ်။ စက်ရုံ အနီးရှိ ကျေးရွာတွေက ဒေသခံတွေကိုးကွယ် လျက်ရှိတဲ့ ဘုန်းကြီးကျောင်းတွေအတွက် လိုအပ်တဲ့ ကျောင်းဆောက်လုပ်ခြင်း၊ ရေပိုက်လိုင်းသွယ်တန်း ခြင်းနဲ့ လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ပေးခြင်းတို့မှာ လည်း စက်ရုံရဲ့ စက်ယန္တရားအင်အား၊ လူအင်အား တို့နဲ့ ပါဝင်ကုသိုလ်ယူ ဆောင်ရွက်လျက်ရှိပါတယ်။
အကျိုးကျေးဇူးများ
“ပြဒါးသေတဆွေဝ၊ သံသေတပြည်ဝ” ဆိုရိုး စကားအတိုင်း ပြည်တွင်းမှာရရှိနိုင်တဲ့ တွင်းထွက် သယံဇာတကုန်ကြမ်းများကို အခြေခံပြီး သံနဲ့ သံမဏိထုတ်လုပ်နိုင်ခြင်း၊ မြန်မာလူငယ်တွေကို သံနဲ့ သံမဏိထုတ်လုပ်မှုနည်းပညာ လေ့ကျင့် ပျိုးထောင်ပေးနိုင်ခြင်း၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာခြင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက် အခြေခံလိုအပ်ချက်များဖြစ်တဲ့ သံနဲ့ သံမဏိထုတ်ကုန်တွေကို ပြည်ပသွင်းကုန် အစားထိုးထုတ်လုပ်နိုင်ခြင်း၊ အလုပ်အကိုင် အခွင့် အလမ်းတွေ ဖန်တီးပေးနိုင်ခြင်း၊ စက်ရုံပတ်ဝန်းကျင် ဒေသ ဖွံ့ဖြိုးတိုးတက်လာခြင်း စတဲ့အကျိုးကျေးဇူး များ ရရှိလာနိုင်မှာဖြစ်ကြောင်း ရေးသားတင်ပြ လိုက်ရပါတယ်။ ။
- Log in to post comments