
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ်များမှ အရာရှိများနှင့်တွေ့ဆုံ
=====================================================
ရန်ကုန် ဇန်နဝါရီ ၅
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ်များမှ အရာရှိများနှင့် တွေ့ဆုံပွဲကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံး အစည်း အဝေးခန်းမ၌ ကျင်းပသည်။
ပူးပေါင်းသင်ယူခြင်းများကို ဆောင်ရွက်
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက အရည်အသွေးရှိသော ပညာသင်ယူမှု အခွင့်အလမ်းမြင့်မားရေး ကို ဆောင်ရွက်လျက်ရှိရာတွင် အလယ်တန်းကျောင်း၊ အထက်တန်းကျောင်းများ တွင် ကျောင်းနေနှုန်းနှင့် ပြီးမြောက်မှုနှုန်း မြင့်မားလာသည်ကို တွေ့ရှိရမည်ဖြစ်ပါ ကြောင်း၊ ကျောင်းများတွင် ကျောင်းသုံးဖတ်စာအုပ်များ၊ ဆရာကိုင်စာအုပ်များ အချိန်မီဖြန့်ဝေနိုင်ရေး အရေးကြီးပါကြောင်း၊ သင်ကြား သင်ယူမှုနည်းလမ်းများ၊ သင်ထောက်ကူပစ္စည်းများအသုံးပြု ၍ Project based Learning ဖြင့် ပူးပေါင်း သင်ယူခြင်းများကို ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။
ဆရာ ဆရာမများ၏ အရည်အသွေး ပိုမိုမြှင့်တင်နိုင်ရေးအတွက် နှစ်နှစ်သင် ပညာရေးကောလိပ်များအားလုံးကို လေးနှစ်သင် ပညာရေးဒီဂရီကောလိပ်များ အဖြစ်သို့ မြှင့်တင်ဆောင်ရွက်ခြင်းကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆရာ ဆရာမလိုအပ်ချက်အရ မြို့နယ်အလိုက် တရားမျှတသော ယှဉ်ပြိုင်မှုဖြင့် အားပေးခြင်း၊ တိုင်းရင်းသားဒေသခံများကို ဦးစားပေးခြင်း၊ ရာထူးတိုးပြောင်းများ ကိုလည်း စွမ်းဆောင်ရည်နှင့်လုပ်သက်အရ အားပေးခြင်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုများကို အားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ စာကြည့်တိုက်များ ဖြည့်ဆည်းခြင်း၊ ကျောင်းသား ကျောင်းသူများ၏ တစ်ဦးချင်းစွမ်းဆောင်ရည်များ နှင့် အသင်းအဖွဲ့များအလိုက် ပူးပေါင်းဆောင်ရွက်နိုင်စေရန် ပြေးခုန်ပစ်၊ ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း စသည့် အားကစားပြိုင်ပွဲများကို ဆောင်ရွက်ပေးလျက်ရှိပြီး ကြက်တောင်၊ ရေကူး၊ စားပွဲတင်တင်းနစ် စသည် တို့ကို လာမည့်နှစ်တွင် ထည့်သွင်းကျင်းပသွားမည် ဖြစ်ပါကြောင်း။
စာဖတ်စွမ်းရည် မြင့်မားလာစေရန်
ကျောင်းသား ကျောင်းသူများ စာဖတ်စွမ်းရည် မြင့်မားလာစေရန် အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲများ၊ သင်္ချာ စွမ်းရည်ပြိုင်ပွဲများ၊ အိုင်စီတီစွမ်းရည် ပြိုင်ပွဲများကိုလည်း ကျင်းပပေးရမည် ဖြစ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူ များ အရက်သောက်သုံးခြင်း၊ စီးကရက်သောက်သုံးခြင်း အန္တရာယ်ကင်းဝေး စေရေး၊ မူးယစ်ဆေးဝါးအန္တရာယ်ကင်းစင်ရေး၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း များ စည်းကမ်းတကျ လိုက်နာရေး၊ ကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုပုံစံ (Healthy Life Style) နှင့် မျိုးဆက်ပွားကျန်းမာရေး၊ ဂိမ်းသုံးစွဲမှုလျှော့ချရေးတို့ကိုလည်း အလေးအနက်ထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းများ၌ အမှိုက်ပုံးများတွင် စနစ်တကျ အမှိုက်စွန့်ပစ်တတ်စေရန်၊ တစ်ကိုယ်ရေ သန့်ရှင်းရေးနှင့် ကျောင်းကျန်းမာရေးလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက် နိုင်ရေးအတွက် ဆရာ ဆရာမများ၊ မိဘဆရာအသင်းများနှင့် ပူးပေါင်းဆောင်ရွက် ရမည် ဖြစ်ပါကြောင်း။
ကျောင်းစီမံခန့်ခွဲရေး မွမ်းမံသင်တန်းများ၊ ကျောင်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်နိုင်စေရန် လမ်းညွှန်စာအုပ်များနှင့်အညီ မြို့နယ် ပညာရေးမှူးများက လိုအပ်ချက်များကို ဖြည့်ဆည်းပူးပေါင်း ဆောင်ရွက် ပေးရမည်ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများ၏စွမ်းဆောင်ရည် ပိုမိုမြင့်မား တိုးတက်လာစေရန် နိုင်ငံခြားပညာတော်သင်များ စေလွှတ်ခြင်းများကိုလည်း အားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းသား ကျောင်းသူများ ကျန်းမာ ပျော်ရွှင်စွာ သင်ယူမှုဝန်းကျင်ကောင်းများတွင် သင်ယူတတ်မြောက်မှု အရည် အသွေး ကောင်းမွန်ရေး၊ ပြဿနာကိုဖြေရှင်းနိုင်သော စွမ်းရည်များ၊ တစ်သက်တာ သင်ယူနိုင်သောစွမ်းရည်များ၊ အသင်းအဖွဲ့စိတ်ဓာတ်ဖြင့် ပူးပေါင်းဆောင်ရွက် နိုင်သောစွမ်းရည်များ တိုးတက်လာစေရန် အားလုံးက ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
လာဘ်ပေးလာဘ်ယူမှုများ ကင်းရှင်းရန်လို
ထို့နောက် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ဆရာ ဆရာမများအနေဖြင့် Social Media များ သုံးစွဲရာတွင် Ethics, Code of Conduct များနှင့်အညီ လိုက်နာသုံးစွဲကြစေလိုကြောင်း၊ G-10 သင်ရိုးသစ်များ၊ Counselling များနှင့် သင်ရိုးသစ်ဘာသာတွဲများနှင့်ပတ်သက်၍ မိဘများ သိရှိနိုင်ရန် အသိပေးပြောကြားကြစေလိုပြီး ပညာရေးပြုပြင်ပြောင်းလဲမှုများကို အတူတကွ ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ ဆရာ ဆရာမများအနေဖြင့် စာမေးပွဲကာလအတွင်း ပိုမိုကောင်းမွန်အောင် ဖြည့်ဆည်းသင်ကြားပေးကြစေလိုကြောင်း၊ မြန်မာစာ၊ အင်္ဂလိပ်စာနှင့် အခြားဘာသာရပ်ကို Project based Learning ဖြင့် ဆောင်ရွက်ကြစေလိုကြောင်း၊ နေ့စားလပေး ရုံးဝန်ထမ်းများ ခန့်ထားနိုင်ရေးကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆရာ ဆရာမများ ရာထူးတိုး ပြောင်းများကိုလည်း ကျောင်းဖွင့်ချိန်မတိုင်မီ အပြီးသတ်ဆောင်ရွက်နိုင်ရေး စီစဉ်လျက်ရှိပြီး ဆောင်ရွက်ရာတွင် လာဘ်ပေးလာဘ်ယူမှုများ ကင်းရှင်းရန် လိုအပ်ပါကြောင်း၊ ဆရာ ဆရာမများအနေဖြင့် ပညာရေးဝန်ဆောင်မှုများ ပေးရာတွင် ပတ်သက်ဆက်နွှယ်သူများကို နွေးနွေးထွေးထွေး ပြောဆိုဆက်ဆံပြီး လေးလေးစားစား ဆက်ဆံကြစေလိုကြောင်း ပြောကြားသည်။
ရှင်းလင်းတင်ပြ
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေး မှူးချုပ် ဒေါ်ခင်မာဆွေက ရန်ကုန်တိုင်းဒေသကြီးအတွင်း ပညာရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြသည်။
ထို့နောက် ခရိုင်ပညာရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများက မိမိတို့ ခရိုင်၊ မြို့နယ်များအလိုက် ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက တင်ပြချက် များအပေါ် ညှိနှိုင်းဆွေးနွေးဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ ကြောင်း သိရသည်။
သတင်းစဉ်