တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဦးစားပေးအစီအစဉ်များအလိုက် အုပ်စုများ သတ်မှတ်၍ ထိုးနှံပေးလျက်ရှိသည်။ ယင်းသို့ ထိုးနှံပေးနိုင်ရန်အတွက် လည်း ကာကွယ်ဆေးများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များဆီသို့ မြေပြင်ခရီးလမ်းကြောင်းမှလည်းကောင်း၊ ဝေးလံခက်ခဲသည့် ဒေသ များဆီသို့ တပ်မတော်(လေ)နှင့် မြန်မာ့လေကြောင်းတို့မှ လေယာဉ် များဖြင့်လည်းကောင်း အချိန်မီပို့ဆောင်ဖြန့်ဖြူးပေးခဲ့သည်။ ထို့အပြင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆေးနှင့်ဆေးဘက် ဆိုင်ရာ ပစ္စည်းများ ပြည်ပမှ တင်သွင်းရေး၊ လေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်များမှ စစ်ဆေးထုတ်ပေးမှုများ လွယ်ကူချောမွေ့စေရေး တို့အတွက် သက်ဆိုင်ရာဌာနအသီးသီးတို့မှ နေ့စဉ်ဆောင်ရွက်ပေး လျက်ရှိသည်။
ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်းသည် တဖြည်းဖြည်း လျော့နည်းကျဆင်းလာသလို ရောဂါလှိုင်းအစတွင် ရင်ဆိုင်ကြုံတွေ့ ခဲ့ရသည့် အခက်အခဲ၊ အကျပ်အတည်းများမှာလည်း ပြေလည်လာခဲ့ ပြီဖြစ်သည်။ ခြုံငုံ၍ ကြည့်ပါက အကောင်းဘက်သို့ ဦးလှည့်လာခဲ့ ပြီဖြစ်သည်ဆိုသော်လည်း ဒေသအလိုက် ကူးစက်ပျံ့နှံ့နေဆဲ အခြေ အနေများ၊ ကူးစက်မှုမြင့်မားနေသည့် အခြေအနေများလည်း ရှိနေရာ လိုအပ်သည့် မြို့နယ်များတွင် Stay at Home အစီအစဉ်ချမှတ်၍ ကန့်သတ်ထိန်းချုပ်နေရဆဲဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ပြည်သူ လူထု၏ ပူးပေါင်းပါဝင်မှု အားကောင်းခြင်းနှင့်အတူ နေ့စဉ် ဓာတ်ခွဲ အတည်ပြုလူနာတွေ့ရှိမှု ရာခိုင်နှုန်းအရရော အရေအတွက်ပါ ကျဆင်းစပြုလာနေခြင်းက မင်္ဂလာတစ်ပါးဟုပင် ဆိုရမည်ဖြစ်သည်။ ထို့အပြင် ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှု လုံးဝပပျောက်သွား သည့်အခြေအနေထိ ရောက်ရှိသွားစေရန် ရောဂါကူးစက်မှုကွင်းဆက် များ ဖြတ်တောက်နိုင်ရေး၊ ပြည်သူလူထုအတွင်း လိုအပ်သည့် လူဦးရေ ရာခိုင်နှုန်းတစ်ခုအထိ ကာကွယ်ဆေးထိုးနှံပြီး ကိုယ်ခံစွမ်းအား ပဋိပစ္စည်းများ မြင့်တက်လာစေရေးတို့အတွက် ဆက်လက်ဆောင် ရွက်သွားရမှာဖြစ်သည်။ ကာကွယ်ဆေးထိုးနှံပြီးသူ အရေအတွက် နေ့စဉ်တိုးတက်လာသည်နှင့်အမျှ ကိုယ်ခံစွမ်းအားမြင့်မားလာပြီး ရောဂါကူးစက်ပျံ့နှံ့မှု ကျဆင်းလာမည်ဖြစ်သည်။
မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်း နိုင်ငံများတွင်မူ ကိုဗစ်-၁၉ ကပ်ရောဂါသည် မျိုးဗီဇပြောင်းလဲမှုများနှင့်အတူ ကူးစက်မှုအရှိန်အဟုန်မှာလည်း မြင့်မားလျက်ရှိသည်ကို သတိပြုမိကြ မည်ဖြစ်သည်။ ကိုဗစ်-၁၉ သည် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဖြစ်ခြင်း ကြောင့် မိမိနိုင်ငံတွင်း အခြေအနေကောင်းများ ရရှိနေသည့်တိုင်အောင် ပတ်ဝန်းကျင်နိုင်ငံနှင့် နိုင်ငံရပ်ခြားဒေသများမှ ထပ်မံဝင်ရောက်လာပြီး နောက်ထပ်ရောဂါကူးစက်ပြန့်ပွားမှု အသစ်တစ်ဖန် ဖြစ်ပေါ်မလာစေ ရေး သတိပြုတားဆီးကြရန် လိုအပ်သည်။ သို့ဖြစ်ရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပြီးသည်ဖြစ်စေ၊ မထိုးရသေးသည်ဖြစ်စေ ရောဂါကူးစက်မှု ကာကွယ်တားဆီးရေးဆိုင်ရာ စည်းကမ်းသတ်မှတ် ချက်များကို ဆက်လက်လိုက်နာကျင့်သုံးခြင်းဖြင့် ရောဂါကူးစက်မှု ကွင်းဆက်ဖြတ်တောက်ရေးကို ပါဝင်ဆောင်ရွက်ကြရန် နှိုးဆော် တိုက်တွန်းလိုသည်။
ကိုဗစ်-၁၉ ကပ်ရောဂါသည် လူသားမျိုးနွယ်များကြားတွင် ပျောက်ကွယ်သွားဦးမည်မဟုတ်ဘဲ အချိန်ကာလအတော်ကြာကြာ တည်ရှိနေနိုင်ကြောင်း သုတေသီများက ခန့်မှန်းတွက်ဆထားကြ သည်။ သို့ဖြစ်ရာ မီးကြွင်းမီးကျန်သည် အချိန်မရွေး နေရာမရွေး မီးတောက်မီးလျှံအဖြစ် ပြန်လည်လောင်ကျွမ်းနိုင်သကဲ့သို့ ရောဂါပိုး နှင့်အတူ ယှဉ်တွဲနေထိုင်ကြရမည်ဖြစ်ပြီး မိမိတို့၏ နေ့စဉ်ဘဝ နေထိုင်မှုပုံစံ အလေ့အထတို့ကို ကပ်ရောဂါကူးစက်မှု ကာကွယ်ရေး ပုံစံဖြင့် စွဲစွဲမြဲမြဲ ကျင့်သုံးနေထိုင်ကြရမည်ဖြစ်သည်။ ယင်းသို့ နေထိုင် ရာတွင် ကျန်းမာရေးဆိုင်ရာ အသိနှင့်အတူ သတိလည်း မြဲမြံကြရမည် ဖြစ်သည်။ မလိုအပ်ဘဲ အပြင်ထွက်သွားလာမှုများ ရှောင်ရှားရေး၊ လူစုလူဝေးရှောင်ရှားရေး၊ အပြင်ထွက်ရသည့်အခါတိုင်း ပါးစပ် နှာခေါင်းစည်းတပ်ဆင်ရေး၊ လက်ကို ဆပ်ပြာ၊ ရေတို့ဖြင့် စနစ်တကျ မကြာခဏ ဆေးကြောရေး၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာ နေထိုင်ရေးတို့ကို မမေ့မလျော့ မပေါ့သော သတိတရားဖြင့် လူတိုင်း ကိုယ်စီ ကျင့်သုံးနိုင်ကြရေးအတွက် အကျိုးမျှော်ကာ နှိုးဆော်အပ် ပါကြောင်း။ ။