ဥပ​ဒေပြုရေးဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲများအပေါ် လေ့လာခြင်း

Type
1

 

ကော်ရယ်လ်ခိုင်

(ယမန်နေ့မှအဆက်)


လတ်တလောတွင်  ဖိလစ်ပိုင်နိုင်ငံ၌ National Identification System ကို  ထူထောင်ရန် အဆိုပြု သည့်   ဥပဒေမူကြမ်းကို   အောက်လွှတ်တော်က အတည်ပြုပြီးဖြစ်သဖြင့်  လက်ရှိတွင်   Voter ID  Card   ထုတ်ပေးသည့်လုပ်ငန်းစဉ်ကို    ရပ်ဆိုင်း ထားပါသည်။ သို့သော်  Voter ID   Card   အစား မဲဆန္ဒရှင်စာရင်းတွင်  မှတ်ပုံတင်ပြီးဖြစ်ကြောင်း အသိအမှတ်ပြုသည့်ဖြတ်ပိုင်းတစ်ခု (Acknow-ledge Recepit) ကို မဲဆန္ဒရှင်များက လက်ခံရရှိ မည်ဖြစ်ပါသည်။ ယင်းဖြတ်ပိုင်းတွင်    မဲဆန္ဒရှင်၏   ID  Number ထည့်သွင်းဖော်ပြထားပါသည်။ 


ပထမဆုံးအကြိမ်  မဲပေးမည့်    နိုင်ငံပြင်ပ ရောက်မဲဆန္ဒရှင်များ (First-Time Voters)သည် မဲဆန္ဒရှင်စာရင်း မှတ်ပုံတင်ရန် သက်ဆိုင်ရာသံရုံး သို့မဟုတ်  ကောင်စစ်ဝန်ရုံးသို့    ကိုယ်တိုင်သွား ရောက်၍    လက်ဗွေနှင့်  လက်မှတ်  (Digital Signature) မှတ်တမ်းတင်ခြင်းစသည်တို့ကို မဖြစ် မနေ ဆောင်ရွက်ရပါသည်။ လျှောက်လွှာတင်သွင်း ရာတွင် နိုင်ငံကူးလက်မှတ် (Passport) နှင့် ဓာတ်ပုံ ယူဆောင်လာရမည်ဖြစ်ပါသည်။ Dual Citizen ဖြစ်ပါက Dual Citizen ဖြစ်ကြောင်း အတည်ပြု ထားသည့်လက်မှတ် (မူရင်း)နှင့် မိတ္တူကိုပါ တစ်ပါ တည်းယူဆောင်လာရန် လိုအပ်ပါသည်။ ဒုတိယ အဆင့်အနေဖြင့် ဖိလစ်ပိုင်ရွေးကောက်ပွဲကော်မရှင် ဝက်ဘ်ဆိုက်၏ iRehistro System အတွင်းသို့ ဝင်ရောက်၍  ဖြစ်စေ၊ ov.concerns@comelec.gov.ph သို့ E-mail ပေးပို့၍ ဖြစ်စေ၊ Facebook Messenger မှတစ်ဆင့်ဖြစ်စေ မဲဆန္ဒရှင်စာရင်းတွင် ထည့်သွင်းပေးရန်   တောင်းဆိုနိုင်ပါသည်။  နိုင်ငံ ပြင်ပသို့   မရောက်ရှိမီ  ပြည်တွင်း၌  Biometric မှတ်တမ်းတင်ထားပြီးဖြစ်သည့် မဲဆန္ဒရှင်များအနေ ဖြင့် သက်ဆိုင်ရာသံရုံး သို့မဟုတ် ကောင်စစ်ဝန်ရုံး သို့ သွားရောက်၍ ထပ်မံမှတ်တမ်းတင်ရန် မလိုအပ် ပါ။


နေရာပြောင်းရွှေ့ခြင်းမှတစ်ပါး မဲဆန္ဒရှင်များ အနေဖြင့် တစ်ကြိမ်သာ မှတ်ပုံတင်ရန် လိုအပ်ပါ သည်။ ၂၀၂၂ ခုနှစ် ရွေးကောက်ပွဲများအတွက် မဲဆန္ဒ ရှင်စာရင်း  မှတ်ပုံတင်နိုင်သည့်ကာလမှာ   ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၃၁ ရက်အထိဖြစ်ကြောင်း ဖိလစ်ပိုင် ရွေးကောက်ပွဲကော်မရှင်က    ကြေညာ ထားပြီးဖြစ်ပါသည်။


ဆန္ဒမဲပေးခြင်း


မဲရုံဖွင့်ချိန်မှာ နံနက် ၆ နာရီမှ ညနေ ၅ နာရီ အထိ ဖြစ်ပါသည်။ ဆန္ဒမဲပေးရာတွင် မဲဆန္ဒရှင်များ သည် Secrecy Folder ဖြင့် ဖုံးထားသည့် မဲလက် မှတ်နှင့်  ဘောလ်ပင် (Marker) ကို မဲရုံမှူး (Board of Election Inspector Chairman) ထံမှရယူပြီး မိမိနှစ်သက်ရာကိုယ်စားလှယ်များကို  ဆန္ဒပြုရွေး ချယ်ပါသည်။ ယင်းနောက်တွင်   မဲလက်မှတ်ကို မဲရေတွက်သည့်စက် (Vote Counting Machine-VCM) အတွင်း ထည့်သွင်းပြီး Secrecy Folder နှင့် ဘောလ်ပင်ကို  မဲရုံဝန်ထမ်းထံ   ပြန်လည်အပ်နှံပါ သည်။   ထို့နောက်    ဆန္ဒမဲပေးပြီးကြောင်း လက်ချောင်းတွင် မင်တို့ပြီးပါက VCM စက်မှ ထွက် လာသည့် လက်ခံဖြတ်ပိုင်း(Voter Recepit) ကို သတ်မှတ်ထားသည့်ပုံးအတွင်း   ထည့်သွင်းရပါ သည်။  ယင်းလက်ခံဖြတ်ပိုင်းကို   မဲရုံပြင်ပသို့  ယူဆောင်သွားခွင့်  မရှိပါ။   နိုင်ငံပြင်ပရောက် မဲဆန္ဒရှင်များအနေဖြင့်  သံရုံး/ကောင်စစ်ဝန်ရုံး တွင်ဖြစ်စေ၊  စာတိုက်မှတစ်ဆင့်ဖြစ်စေ   ဆန္ဒမဲ ပေးနိုင်ပါသည်။ 


မဲဆန္ဒရှင်အသိပညာပေးခြင်းနှင့် 
နိုင်ငံသား အသိပညာပေးခြင်း


မဲဆန္ဒရှင်အသိပညာပေးခြင်းဆိုင်ရာ   လုပ်ငန်း များကို    ဖိလစ်ပိုင်ရွေးကောက်ပွဲ    ကော်မရှင်က ဆောင်ရွက်ပြီး နိုင်ငံသားအသိပညာပေးခြင်းဆိုင်ရာ လုပ်ငန်းများကို  ဖိလစ်ပိုင်အစိုးရနှင့်    အရပ်ဘက် လူမှုအဖွဲ့အစည်းများ ဆောင်ရွက်ကြပါသည်။


ရွေးကောက်ပွဲဆိုင်ရာစီမံခန့်ခွဲသည့်အဖွဲ့အစည်း  


ဖိလစ်ပိုင်ရွေးကောက်ပွဲကော်မရှင် (Comm-ission of Elections- COMELEC)  သည်   သမ္မတ ရွေးကောက်ပွဲ၊ လွှတ်တော်ရွေးကောက်ပွဲ၊ ဒေသန္တရ ရွေးကောက်ပွဲ၊ လူထုဆန္ဒခံယူပွဲ၊ သမဂ္ဂရွေးကောက်ပွဲ အစရှိသည့် မည်သည့်ရွေးကောက်ပွဲမဆို စီမံခန့်ခွဲ ကြီးကြပ်ရန် တာဝန်ရှိပါသည်။ COMELEC သည်   အမှီအခိုကင်းမဲ့ပြီး သီးခြားလွတ်လပ်စွာ ရပ်တည် သည့်အဖွဲ့အစည်း (Independent Body) ဖြစ်ပြီး လက်ရှိတွင် ဥက္ကဋ္ဌအပါအဝင်  ကော်မရှင်အဖွဲ့ဝင်         ခြောက်ဦး စုစုပေါင်း ခုနစ်ဦးဖြင့်  ဖွဲ့စည်းထားပါသည်။ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များကို Commission of Appo-intment (CA) ၏ သဘောတူညီချက်ဖြင့်  သမ္မတက ခန့်အပ်ခြင်းဖြစ်ကာ   သက်တမ်းကာလမှာ  ခုနစ်နှစ် ဖြစ်ပြီး သက်တမ်းတစ်ကြိမ်ထက်ပို၍ တာဝန်ထမ်း ဆောင်ခွင့်မရှိပါ။ ထို့ပြင် ခန့်အပ်သည့်နေ့ရက်ပေါ် မူတည်၍ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၏ တာဝန်ပြီးဆုံးချိန် ကာလအပိုင်းအခြားမှာ  တစ်ဦးနှင့်တစ်ဦး  မတူညီကြ ပါ။ လက်ရှိဥက္ကဋ္ဌမှာ  H.E. Mr. Sheriff M. Abas ဖြစ်ပြီး ယခင်ဥက္ကဋ္ဌ  H.E. Mr. Andres D. Bautista နုတ်ထွက်သွားသည့်အတွက်    ၎င်း၏နေရာတွင် အစားထိုးခန့်အပ်ခြင်းဖြစ်ပါသည်။


ကော်မရှင်ဥက္ကဋ္ဌနှင့်     အဖွဲ့ဝင်များသည် ရွေးကောက်ပွဲ၊     လူထုဆန္ဒခံယူပွဲ၊    လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ ပြန်လည်ရုပ်သိမ်းခြင်း  အစ ရှိသည်တို့နှင့်   သက်ဆိုင်သောမူဝါဒ၊    လုပ်ငန်း လမ်းညွှန်နှင့် ညွှန်ကြားချက်များကို ချမှတ်ပါသည်။  ဥက္ကဋ္ဌသည် ဖိလစ်ပိုင်ရွေးကောက်ပွဲကော်မရှင်၏  အမှုဆောင်ညွှန်ကြားရေးမှူးချုပ်လည်း     ဖြစ်ပြီး ကော်မရှင်၏ဆုံးဖြတ်ချက်၊ မူဝါဒများကို   အကောင် အထည်ဖော်ရန်နှင့်   ရုံးပိုင်းဆိုင်ရာ စီမံအုပ်ချုပ်ရေး ကိစ္စရပ်များကို ဆောင်ရွက်ရန်အတွက် အမှုဆောင် ညွှန်ကြားရေးမှူး (Executive Director) ဦးစီးသော ရုံးအဖွဲ့ရှိပါသည်။ ထို့ပြင် သက်ဆိုင်ရာ   ပြည်နယ်၊ မြို့၊     ဒေသန္တရအုပ်ချုပ်ရေး       နယ်မြေများရှိ    ရွေးကောက်ပွဲကော်မရှင်ရုံးခွဲများကို ကြီးကြပ်ရန် Regional Election Director Filed Office၊ Provincial Election Supervisor Field Office နှင့် City and  Municipal  Election  Office  ဟူ၍ အဆင့်ဆင့်    ဖွဲ့စည်းထားရှိပါသည်။    ဖွဲ့စည်းပုံ အဆင့်ဆင့်မှာ အောက်ပါအတိုင်းဖြစ်ပါသည်- 


တွေ့ရှိချက်


မဲဆန္ဒရှင်များသည် သက်ဆိုင်ရာရွေးကောက်ပွဲ ကော်မရှင်ရုံးခွဲများသို့   ကိုယ်တိုင်သွားရောက်၍ မှတ်ပုံတင်ရသည့်အတွက် တိကျ၊ မှန်ကန်၊ ပြည့်စုံ သည့်မဲဆန္ဒရှင်စာရင်း    ရရှိနိုင်ပါသည်။   ထို့ပြင် သမ္မတရွေးကောက်ပွဲ၊  လွှတ်တော်ရွေးကောက်ပွဲ၊ ဒေသန္တရရွေးကောက်ပွဲများကို    တစ်ချိန်တည်း ကျင်းပ    ဆောင်ရွက်ခြင်းဖြစ်သဖြင့်   အချိန်နှင့် ငွေကြေးစရိတ်စက   အကုန်အကျသက်သာနိုင်သည် ကို တွေ့ရှိရပါသည်။


နိဂုံး


သမိုင်းကြောင်းတစ်လျှောက်ကို   ကြည့်မည် ဆိုပါက ဖိလစ်ပိုင်နိုင်ငံသည် နိုင်ငံရေးပြောင်းလဲမှု ဖြစ်စဉ်များစွာကို   ကြုံတွေ့ခံစားခဲ့ရသည့်   နိုင်ငံ တစ်နိုင်ငံ ဖြစ်ပါသည်။  လူမျိုး၊   ဘာသာစကား၊ ယဉ်ကျေးမှုကွဲပြားခြားနားသည့်   အုပ်စုများစွာ ရှိသော်လည်း   စိတ်ရှည်မှု၊    သည်းခံမှုနှင့်အတူ    ဒီမိုကရေစီ လမ်းကြောင်းပေါ်ရောက်ရှိရန်  ကြိုးစား အားထုတ်ခဲ့ ကြပါသည်။ ထို့ပြင်  ဒီမိုကရေစီစနစ်၏   အဓိက အစိတ်အပိုင်းတစ်ခုဖြစ်သည့်  ရွေးကောက်ပွဲ များ ကို   ခေတ်နှင့်   လျော်ညီစွာ  IT  နည်းပညာများ ကို ပြောင်းလဲအသုံးပြု၍  ကျင်းပလျက်ရှိပါကြောင်း လေ့လာတင်ပြအပ်ပါသည်။


ကျမ်းကိုး


https://www.constituteproject.org/constit-ution/Philippines_1987.pdf?lang=en
https://comelec.gov.ph/index.html?r= References/RelatedLaws/Omnibus Electi-onCode
https://comappt.gov.ph/
https://www.asianparliament.org/parliament/philippines/31/1/view/
https://worldpopulationreview.com/countries/philippines-population
https://psa.gov.ph/classification/psgc/
https://www.senat.fr/senatsdumonde/english/philippines.html
https://londonpe.dfa.gov.ph/halalan-2022/how-to-register
https://www.youtube.com/watch?v= c7msu W4SMII
https://www.rappler.com/nation/elections/frequently-asked-questions-voter-registra-tion-coronavirus-pandemic
https://aceproject.org/regions-en/countries-and-territories/PH/ default?set_language =en
https://en.wikipedia.org/wiki/Elections_in_the_Philippines
https://en.wikipedia.org/wiki/Partylist_rep-resentation_in_the_House_of_Represen-tatives_of_the_Philippines
https://www.electionguide.org/countries/id/171/
https://comelec.gov.ph/?r=AboutCOMELEC/OrganizationalInfo/OrganizationalStructure
https://comelec.gov.ph/?r=AboutCOMELEC/OrganizationalInfo/OrganizationalChart