
မောင်သစ္စာ (ရန်ကင်း)
===========
ဒီလိုထိခိုက်မှု များစွာဖြစ်ပွားမှုတွေအပေါ် ကုစားနိုင်ဖို့အတွက် အာဆီယံဒေသတွင်းနိုင်ငံ တွေအပါအဝင် နိုင်ငံအသီးသီးက မူဝါဒအမျိုးမျိုး ချမှတ်ခြင်း၊ ချဉ်းကပ်မှုအမျိုးမျိုးနဲ့ ကိုင်တွယ် ဖြေရှင်းခြင်းတွေ ဆောင်ရွက်လျက်ရှိပါတယ်။ ဒီလို ဆောင်ရွက်တဲ့နေရာမှာ ရန်ပုံငွေတွေထူထောင်ပြီး ငွေကြေးမက်လုံးတွေပေးခြင်း (Financial Ince- ntives)၊ ငွေကြေးနဲ့သက်ဆိုင်မှုမရှိတဲ့ အခြား မက်လုံးတွေပေးခြင်း (Non-Financial Ince- ntives)၊ အခွန်ဆိုင်ရာမက်လုံးတွေပေးခြင်း (Tax Incentives)၊ အခွန်ကင်းလွတ်ခွင့်အပြင် မြေအခွင့် အလမ်း၊ အခြေခံအဆောက်အအုံ အခွင့်အလမ်း တွေပေးခြင်းကဲ့သို့သော မက်လုံးတွေပေးခြင်း (Non Tax Incentives) စတဲ့နည်းလမ်းတွေအပြင် ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်ရာမှာ လွယ်ကူချောမွေ့ စေဖို့ လုပ်ထုံးလုပ်နည်းတွေ ဖြေလျှော့ပေးတာ၊ ရှင်းလင်းအောင် ပြင်ဆင်တာတွေကိုလည်း ဆောင်ရွက်ခဲ့ကြပါတယ်။
ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေဖို့ ဆောင်ရွက်ခဲ့တဲ့နိုင်ငံတွေထဲမှာ ထင်ရှားတဲ့ဥပမာ ကတော့ အင်ဒိုနီးရှားနိုင်ငံပဲ ဖြစ်ပါတယ်။ အင်ဒို နီးရှားနိုင်ငံဟာ စီးပွားရေးလုပ်ငန်းတွေ လွယ်ကူ ချောမွေ့စေရေးနဲ့ လိုင်စင်/ ပါမစ်ဆိုင်ရာ လိုအပ် ချက်တွေ လျှော့ချနိုင်ရေးအတွက် ရည်ရွယ်ပြီး အလုပ်သမားဥပဒေ၊ စီးပွားရေးဇုန်ဥပဒေ၊ မြေယာ ဥပဒေ၊ အစိုးရစီမံခန့်ခွဲမှုဥပဒေ၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဥပဒေ၊ ရင်းနှီးမြှုပ်နှံမှုဖွံ့ဖြိုးရေးဥပဒေ၊ ပြစ်မှုနှင့် ပြစ်ဒဏ်ဆိုင်ရာဥပဒေစတဲ့ ဥပဒေ အားလုံးမှာ ပြင်ဆင်/ ဖြည့်စွက်စရာရှိတဲ့ ပြဋ္ဌာန်း ချက်တွေကို တပေါင်းတစည်းတည်း ပြင်ဆင်/ ဖြည့်စွက်ပြီး ဥပဒေပေါင်းချုပ် (Omnibus Law) အဖြစ် ပြဋ္ဌာန်းခဲ့ပါတယ်။ အဲဒီ ဥပဒေဟာ ၂၀၂၁ ခုနှစ် မတ်လမှစတင်၍ အာဏာသက်ဝင်နေပြီ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအနေနဲ့လည်း ကိုဗစ်အလွန် စီးပွားရေးပြန်လည်ဦးမော့လာစေဖို့ လုပ်သာ ကိုင်သာရှိတဲ့ စီးပွားရေးဝန်းကျင်တစ်ရပ် ဖန်တီးပြီး ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနဲ့ လွယ်ကူချောမွေ့ ရေးဆိုင်ရာအစီအမံတွေကို ဆောင်ရွက်ဖို့လိုအပ် လာပါတယ်။ မြန်မာနိုင်ငံအတွင်း စီးပွားရေး လုပ်ငန်းတွေဆောင်ရွက်ရာမှာ ကြုံတွေ့နေရတဲ့ အခက်အခဲ၊ အတားအဆီးတွေထဲက လုပ်ငန်းနဲ့ ပတ်သက်တဲ့ လိုင်စင်၊ ပါမစ်၊ ထောက်ခံချက်တွေကို သက်ဆိုင်ရာဌာနအဖွဲ့အစည်းတွေထံက ရယူတဲ့ နေရာမှာ အောက်ဖော်ပြပါအချက်တွေကလည်း နှောင့်နှေးကြန့်ကြာမှုတွေရဲ့ အဓိကအကြောင်း ရင်းတွေအဖြစ် လုပ်ငန်းရှင်တွေ၊ ပြည်တွင်း ပြည်ပစီးပွားရေးအသင်းအဖွဲ့တွေက မကြာခဏ ထုတ်ဖော်ပြောကြားလေ့ရှိပါတယ်-
(၁) လုပ်ထုံးလုပ်နည်းများ ပွင့်လင်းမြင်သာ မှုနှင့် ရိုးရှင်းလွယ်ကူမှုမရှိခြင်း၊ ရှေ့နောက် ညီညွတ်မှုအားနည်းခြင်း။
(၂) လုပ်ငန်းအဆင့် များပြားခြင်းကြောင့် ဆောင်ရွက်ရတဲ့အချိန် ကြာမြင့်ခြင်း။
(၃) တင်ပြရတဲ့ အထောက်အထား စာရွက် စာတမ်းများ များပြားခြင်း။
(၄) ဆောင်ရွက်မယ့်လုပ်ငန်းနဲ့ တိုက်ရိုက် သက်ဆိုင်မှုမရှိတဲ့ ဌာန/ အဖွဲ့အစည်းများ ထံမှ ထောက်ခံချက်များ၊ သဘောထားများ ရယူရခြင်း။
(၅) လူကိုယ်တိုင် စာရွက်စာတမ်းများဖြင့် လျှောက်ထားရသည့်စနစ် (Manual System) ဖြင့်သာ အများစုဆောင်ရွက် နေခြင်းကြောင့် နှောင့်နှေးကြန့်ကြာမှု ရှိခြင်း။
ဒါကြောင့် စီးပွားရေးလုပ်ငန်းတွေဆောင်ရွက်ရာမှာ အဟန့်အတားတွေသဖွယ်ဖြစ်နေတဲ့ အခက် အခဲတွေကို လျော့နည်းသွားအောင် ဆောင်ရွက်စေ နိုင်ဖို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက လမ်းညွှန်လာတဲ့အတွက် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာနအနေနဲ့ စီးပွားရေး နဲ့သက်ဆိုင်တဲ့ အစိုးရဌာန/အဖွဲ့အစည်း ၁၆ ခုက ခွင့်ပြုပေးလျက်ရှိတဲ့ လိုင်စင်၊ ပါမစ်၊ ထောက်ခံချက် တွေနဲ့စပ်လျဉ်းပြီး အခြေခံတဲ့ဥပဒေ၊ အမိန့်၊ လုပ်ထုံး လုပ်နည်းတွေ၊ လုပ်ဆောင်ရတဲ့ ကြာမြင့်ချိန်တွေကို ကနဦး သုံးသပ်မှုဆောင်ရွက်ခဲ့ပါတယ်။ ဒီကနဦး သုံးသပ်တွေ့ရှိချက်အရ ပြည်ထောင်စုအဆင့်ဝန်ကြီး ဌာနနဲ့ အဖွဲ့အစည်း စုစုပေါင်း ၁၆ ခုက ခွင့်ပြုပေးတဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့သက်ဆိုင်တဲ့ လိုင်စင်၊ ပါမစ်၊ ထောက်ခံချက် စုစုပေါင်း ၂၉၉ မျိုးရှိပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ ခွင့်ပြုမိန့်/ အတည်ပြုမိန့် ရယူဆောင်ရွက်ခြင်းနဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့ လိုင်စင်၊ ပါမစ်၊ ထောက်ခံချက် ၁၇၇ မျိုးရှိကြောင်း တွေ့ရှိရပါတယ်။ ဒါ့အပြင် ရင်းနှီးမြှုပ်နှံမှုနဲ့ သက်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေ ထူထောင် လုပ်ကိုင်ရာမှာ လိုအပ်တဲ့ လိုင်စင်၊ ပါမစ်၊ ထောက်ခံ ချက်တွေရယူတဲ့အခါ ကြုံတွေ့နေရတဲ့ နှောင့်နှေး ကြန့်ကြာမှုတွေနဲ့ လုပ်ထုံးလုပ်နည်းဆိုင်ရာ အခက် အခဲတွေကို သက်ဆိုင်ရာဌာနအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းပေါင်းစပ် ဖြေရှင်းပေးနိုင်ရေးအတွက် ပြန်လည်သုံးသပ်ရေးအဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးပြီး ဆောင်ရွက်ဖို့လိုအပ်ကြောင်း တွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့် လိုင်စင်၊ ပါမစ်၊ ထောက်ခံချက်တွေနဲ့ စပ်လျဉ်းတဲ့ ပြန်လည်သုံးသပ်စိစစ်ရေးအဖွဲ့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၁ ခုနှစ် ဧပြီလ ၁၂ ရက်နေ့မှာ အမိန့်ကြော်ငြာစာအမှတ် ၁၀၈/ ၂၀၂၁ နဲ့ ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါတယ်။ အဆိုပါအဖွဲ့ကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင် ပြီး သက်ဆိုင်ရာဝန်ကြီးဌာန၊ စည်ပင်သာယာရေး ကော်မတီတွေမှ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ တွဲဖက်အတွင်းရေးမှူး အဆင့်ရှိ အရာရှိကြီးတွေ အပါအဝင် စုစုပေါင်းအဖွဲ့ဝင် ၁၆ ဦးနဲ့ ဖွဲ့စည်းပေးခဲ့ပါတယ်။
အဖွဲ့အနေနဲ့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) ကို အဖွဲ့ရဲ့ အတွင်းရေးမှူးရုံးအနေနဲ့ ဆောင်ရွက်စေပြီး စီးပွား ရေးနဲ့သက်ဆိုင်တဲ့ လိုင်စင်တွေ ထုတ်ပေးလျက်ရှိတဲ့ ဝန်ကြီးဌာန/ စည်ပင်သာယာရေးကော်မတီတွေနဲ့ စုစည်းဖိတ်ကြားပြီးလည်းကောင်း၊ ဝန်ကြီးဌာန/ စည်ပင်သာယာရေးကော်မတီ တစ်ခုချင်းအလိုက် လည်းကောင်း ညှိနှိုင်းအစည်းအဝေးများပြုလုပ် ခြင်း၊ ပြန်လည်သုံးသပ်ခြင်း၊ သဘောထားများ ရယူ ခြင်း၊ စိစစ်ခြင်းတွေကို တစ်လအတွင်း ပြီးစီးအောင် အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့ပါတယ်။ သက်ဆိုင်ရာ လိုင်စင်၊ ပါမစ်ထုတ်ပေးတဲ့ ဝန်ကြီးဌာန တွေနဲ့ စည်ပင်သာယာရေးအဖွဲ့အစည်းတွေက တာဝန်ရှိသူတွေကလည်း အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်ခဲ့ကြပါတယ်။
အဲဒီလို ပူးပေါင်းညှိနှိုင်း စိစစ်ဆောင်ရွက်မှုရဲ့ ရလဒ်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်-
(၁) လျှောက်ထားရသည့် ကြာမြင့်ချိန်ကို လျှော့ချခြင်း။
(၂) ပူးတွဲတင်ပြရသည့် စာရွက်စာတမ်းများ လျှော့ချခြင်း။
(၃) Online စနစ်အပြည့်အဝ ဆောင်ရွက်ပေးခြင်း သို့မဟုတ် လူကိုယ်တိုင်နှင့် Online တွဲဖက် ၍ ဆောင်ရွက်ခြင်း။
(၄) သဘောသဘာဝတူညီသည့် လုပ်ငန်း များအတွက် ဝန်ကြီးဌာနအဖွဲ့အစည်း အတွင်း ဌာနများအချင်းချင်း သို့မဟုတ် ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများအချင်းချင်း ပူးပေါင်း၍ Package စနစ်ဖြင့် တပေါင်း တည်း ခွင့်ပြုပေးခြင်း။
လျှောက်ထားရသည့် ကြာမြင့်ချိန်ကို လျှော့ချခြင်း
စိစစ်သုံးသပ်တဲ့ လိုင်စင်၊ ပါမစ်၊ ထောက်ခံချက် ၁၇၇ မျိုးအနက် သက်ဆိုင်ရာဝန်ကြီးဌာန၊ ကော်မတီတွေကထုတ်ပေးတဲ့ လိုင်စင်၊ ပါမစ်၊ ထောက်ခံချက် ၉၉ မျိုးရဲ့ စိစစ်ခွင့်ပြုရန် ကြာမြင့်ချိန်တွေကို အနည်းဆုံး တစ်ရက်မှ အများ ဆုံး ၃၃၅ ရက်အထိ လျှော့ချဖို့ ဆောင်ရွက်နိုင် ခဲ့ပါတယ်။ ဥပမာ အားဖြင့် “ပြည်တွင်းရင်းနှီးမြှုပ်နှံမှုဖြင့် မုတ်ကောင်ဖမ်းဆီးခြင်း/ ရောင်းချခြင်းလုပ်ငန်း လုပ်ကိုင်ရန်ခွင့်ပြုမိန့်” ဆိုရင် ယခင်ကခွင့်ပြုမိန့် ထုတ်ပေးဖို့စိစစ်တဲ့ ကြာချိန် ၃၆၅ ရက်ရှိခဲ့ရာမှ ယခုညှိနှိုင်းဆောင်ရွက် တဲ့ အစီအစဉ်အရ ရက် ၃၀ သာ ကြာမြင့်တော့မှာ ဖြစ်ပါတယ်။ ပုဂ္ဂလိက အထွေထွေရောဂါကု ဆေးရုံ/ အထူးကုဆေးရုံ လုပ်ငန်းတွေအတွက် လိုင်စင် တွေကို ခွင့်ပြုပေးဖို့အတွက်လည်း ယခင်က ရက်ပေါင်း ၉၀ ကြာမြင့်ခဲ့ရာကနေ အခုရက် ပေါင်း ၃၀ အတွင်း ခွင့်ပြုပေးသွားမှာ ဖြစ်ပါ တယ်။
ပူးတွဲတင်ပြရသည့် စာရွက်စာတမ်းများ
လျှော့ချခြင်း
လိုင်စင်၊ ပါမစ်၊ ထောက်ခံချက်တွေ လျှောက် ထားရာမှာ ပူးတွဲပြီးတင်ပြရမယ့် စာရွက်စာတမ်း အထောက်အထားတွေအနေနဲ့ကတော့ လိုင်စင်၊ ပါမစ် ၄၂ ခုရဲ့ ပူးတွဲတင်ပြရမယ့် စာရွက်စာတမ်း တွေကို တစ်မျိုးကနေ ၁၄ မျိုးအထိ လျှော့ချပေးနိုင်ခဲ့ ပါတယ်။ ဥပမာအားဖြင့် ယစ်မျိုးလိုင်စင် (လက်လီ/ လက်ကားလိုင်စင်- ၂၂ မျိုး)ဆိုရင် ယခင်က ပူးတွဲတင်ပြရတဲ့ စာရွက်စာတမ်း ၂၇ မျိုးကနေ အခုဆိုရင် စာရွက်စာတမ်း ၁၃ မျိုးကိုပဲ ပူးတွဲ တင်ပြရတော့မှာဖြစ်တဲ့အတွက် စာရွက်စာတမ်း ၁၄ မျိုး လျှော့ချပေးနိုင်ခဲ့ပါတယ်။ ပုဂ္ဂလိက စက်မှုလုပ်ငန်းများ မှတ်ပုံတင်ခြင်းအတွက်ကို လည်း ယခင်စာရွက်စာတမ်း ၁၄ မျိုးကနေ ယခု ၁၀ မျိုးသာ ပူးတွဲတင်ပြရမှာဖြစ်တဲ့အတွက် လေးမျိုးကို လျှော့ချပေးနိုင်ခဲ့ပါတယ်။
Online စနစ် အပြည့်အဝဆောင်ရွက်ခြင်း
သို့မဟုတ် လူကိုယ်တိုင်နှင့် Online တွဲဖက်၍
ဆောင်ရွက်ခြင်း
ဝန်ကြီးဌာနတွေနဲ့ ကော်မတီတွေအနေနဲ့ Fully Online / Semi Online/ (Hybird) တို့နဲ့ လိုင်စင်၊ ပါမစ်အချို့ကို လျှောက်ထားမှုလက်ခံ ပေးခြင်း၊ စိစစ်ခွင့်ပြုပေးခြင်းတွေကို တိုးချဲ့ဆောင် ရွက်ပေးသွားမှာဖြစ်ပြီး လာမယ့်နှစ်နှစ်ကျော် ကာလအတွင်း ဝန်ကြီးဌာနခြောက်ခုက လိုင်စင်၊ ပါမစ်ပေါင်း ၃၉ ခု အတွက် လုပ်ငန်းစဉ်တွေကို Online က ဆောင်ရွက်နိုင်တော့မှာ ဖြစ်ပါတယ်။
ဝန်ကြီးဌာနအဖွဲ့အစည်းအတွင်း ဌာနများ အချင်းချင်း(သို့မဟုတ်) ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း များ အချင်းချင်းပူးပေါင်း၍ Package စနစ်ဖြင့် တပေါင်းတည်း ခွင့်ပြုပေးခြင်း အချို့လိုင်စင်၊ ပါမစ်တွေဟာ လုပ်ငန်းသဘာဝ အရ ရင်းနှီးမြှုပ်နှံသူက တစ်ပြိုင်နက်လျှောက်ထား နိုင်တာမျိုး၊ သက်ဆိုင်ရာဌာနကလည်း တပေါင်း တစည်းတည်း စစ်ဆေးနိုင်တာမျိုးနဲ့ ခွင့်ပြုရာ မှာလည်း ပေါင်းစည်းခွင့်ပြုသွားနိုင်တဲ့ လိုင်စင်၊ ပါမစ်၊ ထောက်ခံချက်တွေကို Package စနစ်နဲ့ ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။
အထက်ဖော်ပြပါ ပြန်လည်သုံးသပ်ချက်ရလဒ် တွေအတိုင်း ကြာမြင့်ချိန်တွေလျှော့ချတာ၊ စာရွက် စာတမ်းတွေလျှော့ချတာ၊ Online နဲ့ ပြောင်းလဲ ဆောင်ရွက်တာနဲ့ Package စနစ်နဲ့ ခွင့်ပြုပေး တာတွေဟာ New-normal ကာလမှာ နှောင့်နှေး ကြန့်ကြာနေတဲ့ စီးပွားရေးလုပ်ငန်းတွေ မြန်ဆန်စွာ စတင်ဆောင်ရွက်လာစေဖို့၊ ရပ်ဆိုင်း/ တုံ့ဆိုင်းလျက်ရှိတဲ့ လုပ်ငန်းတွေလည်း ပြန်လည် လည်ပတ်နိုင်ဖို့ တစ်ထောင့်တစ်နေရာက များစွာ အထောက်အကူဖြစ်လာစေမှာ သေချာပါတယ်။
ဒါ့အပြင် ဝန်ကြီးဌာန၊ ကော်မတီတွေအနေနဲ့ လတ်တလော ဆောင်ရွက်နိုင်ခြင်းမရှိသေးတဲ့ ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေရေးအတွက် လုပ်ဆောင်ချက်တွေကိုလည်း ဆက်လက် ဆောင်ရွက်သွားဖို့ရှိပါတယ်။ အဲဒါတွေကတော့ လိုင်စင်၊ ပါမစ်၊ ထောက်ခံချက်တွေ လျှောက်ထား တာ၊ ခွင့်ပြုတာတွေကို အီလက်ထရွန်နစ် နည်းလမ်း တစ်မျိုးမျိုးနဲ့ ဆောင်ရွက်ဖို့နဲ့ လိုင်စင်ကြေး ဒါမှ မဟုတ် ဝန်ဆောင်စရိတ်တွေ ပေးသွင်းတာတွေကို လည်း Online မှ ပေးချေနိုင်စေဖို့ မြန်မာ့စီးပွားရေး ဘဏ်နဲ့ ပုဂ္ဂလိကဘဏ်တွေ လိုအပ်သလို ချိတ်ဆက် ဆောင်ရွက်သွားပြီး Internet Banking System ဖွံ့ဖြိုးလာအောင် ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။
လက်ရှိမှာ လုပ်ငန်းလုပ်ကိုင်ခွင့်သဘောသဘာဝ ချင်းတူညီတဲ့ လိုင်စင်တွေကို အစိုးရဌာန/ အဖွဲ့ အစည်းနှစ်နေရာကနေ လျှောက်ထားရယူနေရတာ မျိုးတွေရှိပါတယ်။ အဲဒီလိုကိစ္စရပ်တွေမှာ ရင်းနှီး မြှုပ်နှံသူအနေနဲ့ လိုင်စင်တစ်မျိုးတည်းသာ လျှောက်ထားနိုင်ရေး ဆောင်ရွက်တာ ဒါမှမဟုတ် အစိုးရအဖွဲ့အစည်းတွေအကြား လုပ်ပိုင်ခွင့်ရှင်းလင်း အောင် ခွဲဝေ သတ်မှတ်တာနဲ့ သက်ဆိုင်ရာဥပဒေတွေ ပြင်ဆင်/ ဖြည့်စွက်တာတွေ ဆက်လက်ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် စီးပွားရေးနဲ့သက်ဆိုင်တဲ့ ဥပဒေတွေ အကြား ရှေ့နောက်မဆီလျော်မှုနဲ့ ဒွိဟဖြစ်ဖွယ်၊ အငြင်းပွားဖွယ်ပြဋ္ဌာန်းချက်တွေကိုလည်း ကိုက်ညီ ဆီလျော်မှုရှိအောင် ပြင်ဆင်တာ၊ ပစ္စည်းတင်သွင်း/ တင်ပို့တဲ့ကိစ္စရပ်တွေမှာလည်း တင်သွင်းမယ့် ပစ္စည်းနဲ့ သက်ဆိုင်တဲ့ အစိုးရဌာန/ အဖွဲ့အစည်းကို ထောက်ခံချက်တွေတောင်းတာနဲ့ ပတ်သက်ပြီး ဝန်ထုပ်ဝန်ပိုးလျော့နည်းစေမယ့် နည်းလမ်းတွေ ဆောင်ရွက်နိုင်ရေးတွေကိုလည်း ဆောင်ရွက်သွား မှာ ဖြစ်ပါတယ်။
အထက်ဖော်ပြပါ လုပ်ဆောင်ချက်တွေကို သက်ဆိုင်ရာအစိုးရအဖွဲ့အစည်း/ ဌာနအလိုက် ဆောင်ရွက်တဲ့နည်းတူ စီးပွားရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ကိုးကားနိုင်ဖို့၊ ပွင့်လင်းမြင်သာ စေဖို့၊ ကြိုတင်ခန့်မှန်းသိမြင်နိုင်ဖို့နဲ့ လွယ်ကူ ချောမွေ့စေနိုင်ဖို့အတွက် “စီးပွားရေးနှင့်သက်ဆိုင် သည့် ဝန်ကြီးဌာနများ၏ စံချိန်စံညွှန်းမီလုပ်ထုံးလုပ်နည်းများ (SOPs)” ကို ပြုစုထားပြီးဖြစ်သလို တိုင်းဒေသကြီး/ပြည်နယ်တွေကို လုပ်ပိုင်ခွင့်တွေ ခွဲဝေပေးထားတဲ့ ဝန်ကြီးဌာန/အဖွဲ့အစည်းတွေ အနေနဲ့ “တိုင်းဒေသကြီး/ ပြည်နယ်များ လိုက်နာ ကျင့်သုံးရမည့် စံချိန်စံညွှန်းမီ လုပ်ထုံးလုပ်နည်း များ (SOPs)” တွေကိုလည်း အမြန်ဆုံးရေးဆွဲ ထုတ်ပြန်သွားဖို့ စီစဉ်ပြီးဖြစ်ပါတယ်။
နိုင်ငံတော်အစိုးရအနေနဲ့ ကိုဗစ်ကာလနဲ့ သဘာဝကပ်ဘေးအလွန်ကာလတွေမှာ နိုင်ငံ့ စီးပွားရေးကို ဦးမော့လာစေဖို့ ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေလည်း အများအပြားရှိနေဦးမှာ ပါ။ ဒီလုပ်ငန်းစဉ်တွေထဲက လုပ်ထုံးလုပ်နည်း ဆိုင်ရာပြုပြင်ပြောင်းလဲမှု (Regulatory Reform) ကို စတင်ဆောင်ရွက်လျက်ရှိနေပြီဖြစ်တဲ့အတွက် မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနဲ့ လွယ်ကူချောမွေ့စေရေးမှာ အရေးပါလှတဲ့ခြေလှမ်း တစ်ခုကို စတင်လျှောက်လှမ်းလိုက်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။ ။
- Log in to post comments