ကိုဗစ်-၁၉ ရောဂါ ခံစားရပြီးနောက် ရေရှည်ကျန်းမာရေးပြန်လည်ထူ‌ထောင်ရေး

ကိုဗစ်-၁၉ ရောဂါ၏ လှည့်စားတတ်သည့်မာယာကို ကပ်ရောဂါ ကူးစက်မှု ပထမလှိုင်းကာလကတည်းက သုတေသီတို့ တွေ့ရှိ၍ သတိပေးခဲ့ကြသည်။ ယခင်က မဖြစ်ခဲ့ဖူးသည့် ကပ်ရောဂါအသစ် ဖြစ်ခြင်းကြောင့် ရောဂါ၏ အကြောင်းကို ပြည့်စုံစွာ သိရှိနားလည် နိုင်ရန် လေ့လာရင်းကပင် ရောဂါပိုးက မျိုးဗီဇအသစ်ပြောင်းကာ နောက်ထပ် အချက်အလက်အသစ်များကိုပါ ထပ်မံလေ့လာနေကြ ရသည်။ ရောဂါအပေါ် လူသားတို့က လေ့လာနေဆဲမှာပင် ကူးစက် ပျံ့နှံ့မှုများကလည်း ကမ္ဘာ့နိုင်ငံအသီးသီးတို့မှာ ဆက်လက်ဖြစ်ပေါ် နေဆဲဖြစ်သည်။


မြန်မာနိုင်ငံတွင် ယနေ့အထိ ဓာတ်ခွဲအတည်ပြုလူနာ လေးသိန်း နီးပါးခန့် ရှိလာပြီဖြစ်ပြီး    ဆေးရုံမှ   ပြန်လည်ဆင်းသွားသူပေါင်း သုံးသိန်းခွဲခန့်ရှိနေပြီဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူများ မှာ ရောဂါပျောက်ကင်းသွားပြီးနောက်ပိုင်း နောက်ဆက်တွဲဝေဒနာများ ခံစားကြရသည့်အပြင် တစ်နှစ်ကျော်ခန့်အကြာတွင် ရောဂါလက္ခဏာ အချို့ ပြန်လည်ပေါ်ထွက်လာကြောင်း လေ့လာတွေ့ရှိခဲ့ရာ ကိုဗစ်-၁၉ ရောဂါသည်    နာတာရှည်ရောဂါ   အသွင်ဆောင်လာသည့် သဘောပင် ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်နာလန်ထူလာ သူများမှာ ရောဂါမဖြစ်မီက ကျန်းမာရေးအခြေအနေကို ပြန်လည် မရရှိတော့ဘဲ   မောပန်းနွမ်းနယ်ခြင်း၊   တစ်ကိုယ်လုံးညောင်းညာ ခြင်း၊ အာရုံစူးစိုက်၍ မရခြင်း၊ မေ့လျော့တတ်ခြင်း၊ ညဘက်တွင် အိပ်မပျော်ခြင်း စသည့်နောက်ဆက်တွဲလက္ခဏာများကို  နာလန်ထသူ  ၅၀ ရာခိုင်နှုန်းမှ  ၈၀ ရာခိုင်နှုန်းအထိ  ခံစားကြရကြောင်း၊  ခံစား ရသည့်ကာလမှာ သုံးလခန့်ကြာကြောင်း သိရှိရသည်။


ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရပြီးနောက်  အဖျားကြီးသူများ၊ အောက်ဆီဂျင်ကျခဲ့သူများမှာ  အဆုတ်၊ နှလုံးနှင့် ကိုယ်တွင်းအင်္ဂါများ ထိခိုက်ခံရပြီး မောပန်းနွမ်းနယ်ကာ ဦးနှောက်နှင့်အာရုံကြော ထိခိုက် ၍ ခေါင်းအုံခေါင်းကိုက်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ မှတ်ဉာဏ် လျော့ကျ ခြင်းတို့ကို    ခံစားကြရသည်။  ကိုဗစ်-၁၉ ရောဂါ  ကူးစက်ခံရပြီး ပြန်လည်ကျန်းမာလာသူများနှင့် ကိုဗစ်- ၁၉ ရောဂါကူးစက်မှု မခံရဘဲ  အလားတူရောဂါလက္ခဏာ ခံစားရသူများကို နှိုင်းယဉ်လေ့လာမှုတွင် ကိုဗစ်-၁၉ ကူးစက်ခံရဖူးသူတို့က  ကျန်းမာရေးတွင်  ပိုမိုဆိုးရွား ကြသည်ကို  တွေ့ရသည်ဟုဆိုရာ  ကိုဗစ်-၁၉ ရောဂါ  ကူးစက်မခံ ရအောင် နေထိုင်မှုက မည်မျှအရေးပါသည်ကို တွေ့ရမည်ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူအဖို့ ဖြစ်ဆဲကာလတွင် အသက် အန္တရာယ်အထိ စိုးရိမ်ရသလို ပြန်လည်ကျန်းမာလာပြီးနောက်တွင် လည်း မူလအတိုင်း အကောင်းပကတိမဟုတ်တော့ဘဲ စိတ်ပိုင်းအရ ရော ရုပ်ပိုင်းအရပါ ရေရှည်ပြန်လည်ပျိုးထောင်မှုပြုကြရမှာ ဖြစ်သည်။


ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူများတွင် အဆုတ်၊ ကျောက်ကပ်၊ နှလုံး၊ ဦးနှောက်နှင့်ကိုယ်တွင်းအင်္ဂါများ ထိခိုက်မှုရှိသလို ကိုယ်တွင်း အင်္ဂါများ ထိခိုက်မှုမရှိသူများလည်းရှိကြရာ ပြန်လည်နာလန်ထူ ပြီးနောက်   တစ်နှစ်ကျော်ခန့်ကြာပြီးမှ   ရောဂါလက္ခဏာ   ပြန်ပေါ် သူများတွင် ရောဂါဖြစ်စဉ်က ပြင်းပြင်းထန်ထန် မခံစားရသူများလည်း ပါဝင်သည်ဟု ဆိုသည်။ သို့ဖြစ်ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ခံရပြီးနောက် ပြန်လည်ကျန်းမာလာသူများမှာ မိမိတို့၏ ကျန်းမာရေး ကို ရေရှည်ပြန်လည်ပြုစုပျိုးထောင်မှု ဂရုပြုဆောင်ရွက်ကြရန် လိုအပ် သည်ဟု အကြံပြုလိုသည်။


ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်နာလန်ထူလာသူများအနေဖြင့်  ကျန်းမာရေးထိခိုက်စေသည့်  အလေ့အထဟောင်းများဖြစ်သော အရက်၊ ဆေးလိပ်၊ ဆေးရွက်ကြီး၊ ကွမ်းယာတို့ကို  ရှောင်ကြဉ်ပြီး အိပ်ရေးဝဝ     အိပ်စက်အနားယူရန်၊     အာဟာရပြည့်ဝအောင် စားသောက်ရန်၊ အသက်ရှူလေ့ကျင့်ခန်းလုပ်ရန်(အာနာပါန တရား ထိုင်ခြင်းအားဖြင့် အာရုံစူးစိုက်မှုအတွက်ရော အသက်ရှူလေ့ကျင့်မှု အတွက်ပါ အကျိုးကျေးဇူးရရှိနိုင်သည်။)၊ သင့်တင့်လျောက်ပတ်သည့် ကိုယ်လက်လှုပ်ရှားမှုကို နေ့စဉ်ပုံမှန်  ပြုလုပ်ရန်(နေ့စဉ် ၁၀ မိနစ်မှ ၁၅ မိနစ်ခန့် မှန်မှန်လမ်းလျှောက်ခြင်းဖြင့် အဆုတ်ကျန်းမာရေးကို အထောက်အကူပြုနိုင်သည်။)၊ အသက်မှန်မှန်ရှူ၍ အကြောလျှော့ လေ့ကျင့်ရန် စသည့်အချက်များကို လက်တွေ့ပြုလုပ်ခြင်းအားဖြင့် ကိုဗစ်-၁၉  ရောဂါကြောင့်    စိတ်ပိုင်း၊  ရုပ်ပိုင်း   ထိခိုက်ခံစားရမှု များမှ    သက်သာလျော့ပါးနိုင်မည်ဖြစ်ပါသည်ဟု   အကြံပြုအပ် ပါကြောင်း။       ။