နိုင်ငံဖွံ့ဖြိုးရေးတွင် လူသားအရင်းအမြစ် အရည်အသွေးမြင့်မား ခြင်းသည် ရုပ်ဝတ္ထုအရင်းအမြစ်နှင့် ဓနအရင်းအမြစ်တို့ထက်ပို၍ အရေးပါသည်ဟု ပညာရှင်များက အလေးအနက်လက်ခံထားကြ သည်။ လူသားအရင်းအမြစ်ဆိုသည်မှာ နိုင်ငံအတွင်းရှိ လူများနှင့် ထိုသူတို့၏ အသိပညာ၊ အတတ်ပညာ၊ ကျွမ်းကျင်မှုများ၊ စိတ်ဓာတ် ရေးရာ အခြေအနေများ၊ သဘောထားအယူအဆများကို လွှမ်းခြုံ သတ်မှတ်ထားခြင်းပင်ဖြစ်သည်။ လူသားအရင်းအမြစ်ကို အစွမ်းကုန် ဖွံ့ဖြိုးတိုးတက်စေပြီး အထိရောက်ဆုံးအသုံးချနိုင်သော နိုင်ငံများမှာ ဖွံ့ဖြိုးတိုးတက်လာကြသည်။
လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဟူသည် ပြည်သူတို့၏ အသိပညာ၊ အတတ်ပညာနှင့် ကျွမ်းကျင်မှု အဆင့်အတန်းမြင့်မားရေး၊ ကာယ ဉာဏ စွမ်းအား စိုက်ထုတ်နိုင်မှု၊ အလုပ်လုပ်နိုင်စွမ်းရှိမှုနှင့် အလုပ်လုပ်လိုစိတ်ရှိမှုတို့ မြင့်မားရေး၊ လူတို့၏ အတွေ့အကြုံ ဗဟု သုတများနှင့် စိတ်ဓာတ်ရေးရာ အခြေအနေများ တိုးတက်မြင့်မား ရေးတို့ လွှမ်းခြုံပါဝင်သည့် လူသားတို့၏ အရည်အသွေး၊ အရည် အချင်းများ တိုးတက်မြင့်မားရေးပင်ဖြစ်သည်။ လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးတွင် အဓိကအကျဆုံးဟု လူအများသိရှိလက်ခံထားသည့် လုပ်ငန်းများမှာ ပညာရေးနှင့် ကျန်းမာရေးတို့ပင်ဖြစ်သည်။ ပညာရေး အားကောင်းသည်နှင့်အမျှ ပြည်သူတို့၏ အသိပညာ၊ အတတ်ပညာ၊ ကျွမ်းကျင်မှုတို့ အဆင့်မြင့်မားမည်ဖြစ်ပြီး ကျန်းမာရေးအားကောင်း သည်နှင့်အမျှ ပြည်သူတို့၏ ကာယ ဉာဏ စွမ်းအား၊ အလုပ်လုပ်နိုင် သည့် စွမ်းရည်တို့ မြင့်မားလာမည်ဖြစ်သည်။
“နိုင်ငံသားတိုင်း အသိပညာ၊ အတတ်ပညာ ကြွယ်ဝစေရေးသည် မဖြစ်မနေ ဆောင်ရွက်ရမည်ဖြစ်သဖြင့် ပညာရေးကို အားပေးဆောင် ရွက်ရမည်ဖြစ်ကြောင်း၊ အခြေခံဥပဒေတွင် နိုင်ငံသားတိုင်းသည် ဥပဒေဖြင့် ပြဋ္ဌာန်းထားသည့် မသင်မနေရ အခြေခံပညာများကို သင်ကြားရမည်ဟု ပါဝင်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက်၊ မိမိတို့ဒေသအလိုက် ပြည်သူများ၏ ပညာရည်မြှင့်တင်ရေး အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့်ပူးပေါင်း၍ စီမံဆောင်ရွက်ရန် လိုကြောင်း” ဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံ တော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အိမ်စောင့်အစိုးရ အဖွဲ့ အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၁)၌ အမှာစကားပြောကြားရာ တွင် ထည့်သွင်းပြောကြားခဲ့သည်။
ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံအဖို့ နိုင်ငံသားတိုင်း အသိပညာ၊ အတတ်ပညာ ကြွယ်ဝရေးသည် နိုင်ငံ၏ စီးပွားရေး၊ လူမှုဖွံ့ဖြိုး တိုးတက်ရေး၊ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရေးတို့တွင် အခြေခံ အကျဆုံးသော လိုအပ်ချက်တစ်ရပ်ပင်ဖြစ်သည်။ ထို့အပြင် ပညာတတ် လူ့အဖွဲ့အစည်း အားကောင်းပါက နိုင်ငံ၏ အုပ်ချုပ်ရေး လုပ်ငန်းစဉ်များတွင် နိုင်ငံသားများ အပြည့်အဝ ပါဝင်နိုင်စေပြီး ဒီမိုကရေစီကိုလည်း ပိုမိုအားကောင်းစေသည်။ သို့ရာတွင် နိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်းတို့ နေထိုင်လျက်ရှိကြသည့် ကျေးလက်ဒေသ များရှိ ကျောင်းအများစုတို့မှာ စာသင်ကျောင်း၏ ဥပဓိရုပ်များ ကောင်းမွန်မှုမရှိခြင်း၊ ဆရာ ဆရာမများ လုံလောက်မှုမရှိခြင်း၊ သင်ထောက်ကူပစ္စည်းများ ပြည့်စုံလုံလောက်မှု မရှိခြင်း စသည်ဖြင့် ကျောင်းများ၏ အရည်အသွေးများကို မြှင့်တင်ပေးရန် လိုအပ်လျက် ရှိသည်။
မိမိတို့နိုင်ငံသည် ပညာတတ်များ ပေါကြွယ်ဝရေးအတွက် ကြိုးပမ်းဆောင်ရွက်နေရသကဲ့သို့ ဆင်းရဲမွဲတေမှုများကို လျှော့ချ နေရသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ “ပညာရည် နိမ့်ကျခြင်း” ၊ “ဝင်ငွေ နည်းပါးခြင်း” နှင့် “ဆင်းရဲမွဲတေခြင်း” တို့မှာ ကရွတ်ကင်းလျှောက် သံသရာလည်ပတ်သည့် သဘောရှိရာ အခြေခံအကျဆုံးဖြစ်သော ပညာတတ် ပေါကြွယ်ဝစေရေးကို ဆောင်ရွက်နိုင်သည်နှင့်အမျှ ဆင်းရဲမွဲတေမှု သံသရာမှ လွတ်မြောက်စေနိုင်မည်ဟု ယုံကြည် ပါကြောင်း။ ။