နေ့စွဲ- (၃၁-၈-၂၀၂၁) နေပြည်တော်
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်- ၁၉ ရောဂါစောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းစဉ်များအား စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ အထူးသဖြင့် မျိုးရိုးဗီဇကွဲ ကိုဗစ်-၁၉ ရောဂါ ပိုး စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများအား ကာကွယ် ရေးဝန်ကြီးဌာန၊ ဆေးသုတေသနတပ်နှင့် ပူးပေါင်း၍ အားဖြည့်ဆောင်ရွက်လျက်ရှိရာ ၂၈-၈-၂၀၂၁ ရက်နေ့တွင် စစ်ဆေးခဲ့ သည့် ဓာတ်ခွဲစစ်ဆေးချက်အဖြေအရ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းလဲသော ပိုးတွေ့ရှိသူ ၁၅ ဦး ရှိကြောင်း တွေ့ရှိရပါသည်။ အဆိုပါ ၁၅ ဦးမှာ နေပြည်တော်မှ ၅ ဦး၊ ရန်ကုန်မှ ၂ ဦး၊ မန္တလေးမှ ၂ ဦး ၊ စစ်တွေ၊ တောင်ငူ၊ လားရှိုး၊ မော်လမြိုင်၊ မုံရွာနှင့် ကလေးမြို့များမှ ၁ ဦးစီဖြစ်ကြောင်း သတင်းရရှိပါသည်။
အဆိုပါ ၁၅ ဦးလုံးတွင် တွေ့ရှိရသည့် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း မျိုးကွဲမှာ အထူးဂရုစိုက်ရမည့် မျိုးရိုးဗီဇကွဲ ကိုဗစ်- ၁၉ (Variants of Concern) Delta မျိုးစိတ်ဖြစ်ကြောင်း သိရှိရပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်ချက်များအရ Delta မျိုးစိတ်ကို အိန္ဒိယနိုင်ငံတွင် စတင်တွေ့ရှိခဲ့ပြီး ယခုအချိန်တွင် နိုင်ငံပေါင်း ၁၆၃ နိုင်ငံ၌ ပျံ့နှံ့လျက်ရှိကြောင်း သိရှိရ ပါသည်။ Delta မျိုးစိတ်သည် ရောဂါပိုး ကူးစက်နိုင်မှုနှင့် ရောဂါပြင်းထန်မှု မြင့်မားသဖြင့် သေဆုံးနိုင်ခြေ မြင့်တက်လာ နိုင်ကြောင်း သုံးသပ်ထားပါသည်။ ထို့အပြင် အချို့သော ကိုဗစ်-၁၉ ကာကွယ်ဆေးများ၏ အကျိုးအာနိသင်ကိုလည်း အနည်းငယ် လျော့ကျစေနိုင်ကြောင်း သိရှိရပါသည်။
သို့ဖြစ်ပါ၍ ပြည်သူလူထုအနေဖြင့် မိမိကိုယ်တိုင်၊ မိမိ မိသားစုနှင့် ပတ်ဝန်းကျင်အား ကိုဗစ်-၁၉ ရောဂါကူးစက်မှု မရှိစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အမိန့်ကြေညာ ချက်များ၊ ညွှန်ကြားချက်များ၊ လုပ်ငန်းလမ်းညွှန်များအတိုင်း တိကျစွာလိုက်နာဆောင်ရွက်သွားရန် အထူးအရေးကြီးပါကြောင်း တိုက်တွန်းအပ်ပါသည်။
ကျန်းမာရေးဝန်ကြီးဌာန