
ထွန်းထွန်း(ခရေရိပ်)
==============
နည်းပညာနှင့်တီထွင်ဆန်းသစ်မှုများနောက်ကို အမီလိုက်ရင်း ဗုဒ္ဓဝင်၊ ဇာတ်နိပါတ်တော်၊ ရာဇဝင်များက စာရေးသူရဲ့ စိတ်အစဉ်တွင် တဖြည်းဖြည်းမှေးမှိန်လာသည့်အတွက် ဗုဒ္ဓမြတ်စွာ၏ ပါရမီတော် များကို ပြန်လည်ကြားသိလာပြီး ပိုမိုကြည်ညိုသဒ္ဓါပွားနိုင်စေရန် Channel me ရုပ်သံလိုင်းက ည ၇ နာရီတွင် ထုတ်လွှင့်ပြသနေသည့် ဗုဒ္ဓဇာတ်လမ်းတွဲကို ညစဉ်မလွတ်တမ်း စောင့်မျှော်ကြည့်ရှုမိသည်။ လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော်က ပွင့်တော်မူခဲ့သော ဂေါတမ မြတ်စွာဘုရား၏ ဗုဒ္ဓဖြစ်တော်စဉ် ဇာတ်လမ်းတွဲလေးဖြစ်သည်။
ဂေါတမမြတ်စွာဘုရား၏ ဗုဒ္ဓဝင်ကို အိန္ဒိယနိုင်ငံမှ ရိုက်ကူး တင်ဆက်ထားခြင်းဖြစ်ပြီး မြန်မာစာတန်းထိုးသည့်အတွက် စာမဖတ် တတ်သေးသည့် ငါးနှစ်အရွယ်သားငယ်ကို စာဖတ်ပြရပါသည်။ အသိ အမြင်မကြွယ်သေးသည့် သားငယ်ကို မြတ်ဗုဒ္ဓဖွားတော်မူစဉ်အချိန် ကာလမှစ၍ သတ္တဝါများအပေါ် သနားညှာတာတတ်ပုံ စိတ်နေစိတ် ထားတို့ကို စံနမူနာယူတတ်ရန် သင်ပြပေးဖြစ်ခဲ့သည်။ အချို့ဇာတ်ဝင် ခန်းများတွင် စာဖတ်ပြရန် မေ့လျော့သွားသည့်အခါ သားငယ်က ‘ဖတ်ပြလေ’ဆိုပြီး သတိပေးတတ်သဖြင့် သားလေး၏ စိတ်ဝင်တစား ရှိမှုကိုလည်း ကျေနပ်ရပြန်ပါသည်။
ဗုဒ္ဓဝင်တွင် ဘုရားအလောင်းတော်သည် အသက် ၁၆ နှစ်အရွယ် သို့ ရောက်သောအခါ ယသောဓရာမင်းသမီးနှင့် ထိမ်းမြားလက်ထပ်၍ မင်းစည်းစိမ်ကိုခံစားခဲ့သည်။ သူအို၊ သူနာ၊ သူသေ၊ ရဟန်းဟူသော နိမိတ်ကြီးလေးပါးကို မြင်တော်မူရာ အိုခြင်း၊ နာခြင်း၊ သေခြင်းတို့မှ လွတ်မြောက်လိုသည့် စိတ်ဆန္ဒထက်သန်ပြင်းပြသည့်အတွက် အသက် ၂၉ နှစ်အရွယ်တွင် သားတော် ရာဟုလာ၊ဇနီးနှင့် နန်းစည်းစိမ် ကိုစွန့်ခွာ၍ တောထွက်တော်မူခဲ့သည်။
ပါရမီတော်များကိုဖြည့်ကျင့်ကာ အလွန်ပြုနိုင်ခဲသည့် ဒုက္ကရ စရိယာအကျင့်ကို ကျင့်တော်မူခဲ့ပြီး သက်တော် ၃၅ နှစ်အရွယ်တွင် လောကသုံးပါး၌ အတုမရှိသော သဗ္ဗညုဘုရားအဖြစ်သို့ ရောက်ရှိခဲ့ သည်။ သက်တော် ၈၀ အထိ ၄၅ ဝါ ကာလပတ်လုံး လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါတို့အား ဆင်းရဲခြင်းကင်းရာသို့ ကယ်တင်လွတ်မြောက် ချမ်းသာ ရောက်စေခြင်းငှာ သစ္စာလေးပါးတရားတို့ကို လမ်းညွှန်ပြသခဲ့သည်။
မြတ်ဗုဒ္ဓရှာဖွေခဲ့သည့် အကျင့်မြတ်တရားကို ကျင့်ကြံသူအပေါင်း တို့သည် ပစ္စုပ္ပန်၊ သံသရာနှစ်ဖြာတွင် ဘေးဒုက္ခများကင်းဝေးပြီး ချမ်းသာသုခကို ရရှိခံစားနိုင်ကြသည်။ မြတ်ဗုဒ္ဓ၏ အဆုံးအမနှင့် တရားဒေသနာတော်တို့ကြောင့် ကုဋေပေါင်းများစွာသော လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါအပေါင်းတို့သည် ကျွတ်တမ်းဝင်၍ နိဗ္ဗာန်ကို မျက် မှောက်ပြုနိုင်ခဲ့ကြသည်။
ထိုသို့ သတ္တဝါဝေနေယျတို့ကို သံသရာမှလွတ်မြောက်အောင် ကယ်တင်နိုင်ရန် အသက် ၂၉ နှစ်မှ ၃၅ နှစ်အထိ ပင်ပန်းကြမ်းတမ်းသော လူငယ်ဘဝခြောက်နှစ်တာကာလကို ကျော်လွန်ဖြတ်သန်းခဲ့ရသည်။ မြတ်ဗုဒ္ဓသည် ပထမအရွယ်၊ လူငယ်အရွယ်တွင် ကိလေသာနွံအတွင်းမှ ရုန်းထွက်နိုင်ကာ ပါရမီတော်များကို ဖြည့်ကျင့်ခဲ့သည့်အတွက် သတ္တဝါအပေါင်းကို အကျိုးများစေမည့် လမ်းကောင်းလမ်းမှန်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။
လူငယ်အရွယ်ဘဝမှာပင် ဘုရားအလောင်းတော်အပေါ် ရန်ငြိုးထားပြီး ကိလေသာအာရုံ ကာမဂုဏ်များနှင့် ယစ်မူးခဲ့သူ ဒေဝဒတ်မှာမူ ပြုမိမှားခဲ့သည့် မကောင်းမှု အကုသိုလ်ကံတို့ကြောင့် ယနေ့တိုင် ငရဲတွင် ကြီးစွာသော ဆင်းရဲဒုက္ခများ ခံစားနေရဆဲ ဖြစ်သည်။
လူငယ်
ဗုဒ္ဓဇာတ်လမ်းတွဲနှင့် ဆက်စပ်၍ တရားရှာသည်ဖြစ်စေ၊ ပညာရှာ သည်ဖြစ်စေ အသက်အရွယ်ပျိုမြစ်နုနယ်သည့် လူငယ်အရွယ်သည် ကာယ၊ ဉာဏစွမ်းအားပြည့်ဝပြီး တွေးခေါ်မြော်မြင်နိုင်မှုစွမ်းရည် ထက်မြက်သဖြင့် ဆည်းပူးဖြည့်ကျင့်၍ အကောင်းဆုံးအရွယ်ဖြစ် ကြောင်း စဉ်းစားမိပါသည်။ ထို့အတူ နိုင်ငံတစ်နိုင်ငံတည်ဆောက်ရေးတွင်လည်း လူငယ်များ၏ စွမ်းပကားဖြင့်သာ လုံခြုံကြပေမည်။ မြို့ရွာသာယာကြမည်ဖြစ်သည်။ တည်ငြိမ်အေးချမ်းဖွံ့ဖြိုးတိုးတက် ကြပေမည်။
နည်းပညာခေတ်ကြီးတွင် လူဖြစ်လာကြသူများဖြစ်သည့်အတွက် နည်းပညာ၏ ကောင်းမွေ၊ ဆိုးမွေ၊ ထူးခြားသောစွမ်းရည် လက္ခဏာများကို လူငယ်တို့က လက်ခံရရှိထားသည်။ အသက် ၁၅ နှစ်မှ ၃၀ နှစ်အရွယ် အပိုင်းအခြားသည် ကျောင်းသားဖြစ်စေ၊ အလုပ် သမား၊ လယ်သမား၊ နိုင်ငံ့ဝန်ထမ်းဖြစ်စေ တိုင်းပြည်နှင့်လူမျိုးအတွက် အဖိုးထိုက်ရတနာ၊ အညွန့်အဖူးလေးများ ဖြစ်သည်။
အားသစ်
လူငယ်များသည် ဆယ်စုနှစ်တစ်ခုအတွင်း၌ နိုင်ငံ၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ နိုင်ငံရေး၊ စီမံရေး၊ ကုန်ထုတ်လုပ်ရေး စသည့်မျက်နှာစာအသီးသီးတွင် ဝင်ရောက်ကာ ပခုံးပြောင်းတာဝန် ထမ်းဆောင်ကြမည့် အားသစ်အင်သစ်များဖြစ်သည်။ အနာဂတ်သည် သူတို့အတွက်ဖြစ်သလို သူတို့သည် အနာဂတ်ကို ဖန်တီးပေးမည့် သွေးသစ်များဖြစ်သည်။
ထုထည်
မြန်မာနိုင်ငံသည် အခြားနိုင်ငံများနှင့်မတူ၊ အသက်အရွယ်ကြီးသူ အရေအတွက် အချိုးအစားမများ၊ လူအိုဦးရေ အတော်နည်းသော ထူးခြားသည့် ဆုလာဘ်ကြီးကို ပိုင်ဆိုင်ထားသည်။ (ဥပမာ- ဂျပန်နိုင်ငံ တွင် အသက် ၆၀၊ ၇၀၊ ၈၀ အရွယ်များပြားနေသည်။) မြန်မာနိုင်ငံတွင် လူငယ်အရေအတွက် အင်အားထုထည်ကြီးမားများပြားနေခြင်းက ကံတရား၏ မျက်နှာသာပေးမှုဖြစ်သည်။ လူငယ်ထု၏အရေအတွက်ကို အရည်အသွေးအဖြစ် ပြောင်းလဲနိုင်ပါက နိုင်ငံကို သာယာလှပအောင်၊ ငြိမ်းချမ်းအောင် သေချာပေါက်တည်ဆောက်နိုင်မည်ဖြစ်သည်။
လိုအပ်ချက်
ကံကောင်းပြီးသား ပကတိအခြေအနေကို ဉာဏ်၊ ဝီရိယနှင့် ဖြည့်စွမ်း ကြရမည်ဖြစ်သည်။လူငယ်အရေအတွက် အချိုးအစား များပြားနေသည်။ ထုထည်စွမ်းအား အကြီးမားဆုံးအပိုင်းဖြစ်နေသည်။ လူငယ်များ ကျန်းမာသန်စွမ်းကြရမည်။ လူငယ်များ ပညာဉာဏ်ပြည့်ဝကြရမည်။
ရှောင်ရန်
စာမတတ်၊ ပေမတတ် ဘာမှမဖတ်၊ မမှတ်၊ မမြော်မြင်နိုင်သော ဖိုးသုညများနှင့် သစ်လွင်တောက်ပသော၊ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံကို ၂၁ရာစုတွင် မတည်ဆောက်နိုင်။ ဝါးတဲ ဝါးအိမ်၊ သစ်ညံ့ သစ်ဆွေးတို့ဖြင့် ခိုင်ခံ့သည့်အိမ်ကို မတည်ဆောက်နိုင်သလို အသိ အလိမ္မာ၊ ဉာဏ်ပညာတွေးခေါ်မြော်မြင်နိုင်စွမ်းနည်းသည့် လူငယ် တို့၏ စွမ်းပကားဖြင့် နိုင်ငံသည် မခိုင်ခံ့နိုင်ပါ။
ဆောင်ရန်
ကျောက်သားများ၊ သံမဏိများ၊ သစ်ကောင်းဝါးကောင်းများကဲ့သို့ စိတ်ဓာတ်ခိုင်မာ တော်တည့်မှန်ကန်သည့် လူငယ်များ၏ စွမ်းပကားဖြင့် သာ အနာဂတ်နိုင်ငံကို လှပခိုင်ခံ့အောင်၊ နိုင်ငံတကာနှင့် ရင်ပေါင်တန်း နိုင်အောင် ဖန်တီးနိုင်မည်ဖြစ်သည်။ လူငယ်များသည် လူတော်များ ဖြစ်နေပါစေ။ နိုင်ငံ၏ အနာဂတ်၊ ပြည်သူတို့အနာဂတ်အတွက် အားထားရမည့် ပခုံးပြောင်းတာဝန်ကို သူတို့လက်ထဲလွှဲအပ်ကြရ ပေမည်။ ပကတိအခြေအနေမှန်ကို ငှက်မျက်စိဖြင့် မြင်ကွင်းကျယ် ရှုမြင်နိုင်သည့်လူငယ်များ ဖြစ်ကြပါစေ။
လူငယ်များ - ကမ္ဘာမြေကို ချစ်ပါ။ Love your Planet
- လူသားများကို ချစ်ပါ။ Love your People
- ကိုယ့်မြို့ကိုယ့်ရွာကို ချစ်ပါ။ Love your Place
- ငြိမ်းချမ်းရေးကို မြတ်နိုးပါ။ Love the Peace
ကမ္ဘာမြေကို ချစ်ပါ
သင်မွေးဖွားရာ ဤမြေကမ္ဘာကို သင်က မချစ်လျှင် မည်သူက ချစ်ပါမည်နည်း။ သင်က ပြုစုပျိုးထောင်ရမည်၊ လှပအောင် ပြုပြင် ရမည်။ သင့်ကျေးဇူးရှင် ကမ္ဘာမြေကြီး သာယာလှပရန်မှာ သင့်တာဝန် ပင် ဖြစ်သည်။
လူသားအချင်းချင်းစာနာပါ
သင့်တွင် မေတ္တာဝါဒရှိပါစေ။ လူသားအချင်းချင်း နှိပ်စက်၊ သတ်ဖြတ်၊ အနိုင်ယူဗိုလ်ကျနေသည်ကို သင်ကြိုက်ပါသလား။ သင်ခံ ရလျှင် လက်ခံမည်လား။ သူတစ်ပါးကို မထိခိုက်ပါစေနှင့်။ အကြမ်း မဖက်ပါနှင့်။ ဗြဟ္မစိုရ်တရားရှိမှ လောကသည် သာယာမည်။
မျိုးချစ်စိတ်ရှိပါ
ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကို မကာကွယ်ချင်ဘဲ အမေရိကန် လာကယ်ပါ။ ဟိုလူလာပါ။ ဒီလူလာပါ။ သင်က ဒီလောက်နုံအ၊ ညံ့ဖျင်း နေလျှင် သင့်သားစဉ်မြေးဆက် အိုးမဲ့၊ အိမ်မဲ့ ဖြစ်ကုန်တော့မည်။
ငြိမ်းချမ်းရေးရဖို့ အစွမ်းကုန်ကြိုးစား
သင့်ဘဝကို တန်ဖိုးထားလျှင် သူပုန်မလုပ်နှင့်။ နိုင်ငံရေးကို လက်နက်ဖြင့် ဖြေရှင်းရန် လမ်းလွဲမလိုက်နှင့်။ ပင်လယ်ရေကို ကုန်အောင်သောက်မည်ဆိုသည့် ငှက်မိုက်လို အသိဉာဏ်မနည်းပါ နှင့်။ ငြိမ်းချမ်းအောင်သာ ကြိုးစားပါ။ ရပ်တည်ပါ။ သို့မှသာ သင့်ဘဝ က တန်ဖိုးရှိမည်။
တန်ဖိုးရှိအောင် ကြိုးစား၊ ဒေဝဒတ်လို မှန်ကန်ကောင်းမွန်သော လမ်းမှန်အကျင့်မြတ် တရားမှသွေဖည်ပါက ယခုမျက်မှောက်ဘဝတွင် ပင်ပန်းဆင်းရဲမည်ဖြစ်သလို သံသရာတွင်လည်း အပါယ်ငရဲမှ ကမ်းမမြင်လမ်းမမြင်၊ လွတ်လမ်းမရှိ ကြောက်မက်ဖွယ်ဘေးဒုက္ခတို့ဖြင့် ကြုံကြရပေဦးမည် အမောင်လူသား လူငယ်အပေါင်းတို့။ ဘာသာ တရား အဆုံးအမများနှင့်နီးစပ်၍ ထိတွေ့ယဉ်ပါးနိုင်သူများ ဖြစ်ကြပါစေ။ ။
- Log in to post comments