ပင်လယ်ကွေ့ဂယက် ရေနံဈေးတက်နိုင်

Image not available

 

 

ကိုရင်ဩ

 

အိုမန်ပင်လယ်ကွေ့တွင် ဇွန် ၁၃ ရက်က ရေနံတင်သင်္ဘောနှစ်စင်း  တိုက်ခိုက်ခံရမှုကို အကြောင်းပြု၍ လတ်တလော ဗြုန်းဗြင်းနောင်ဗြင်း ပေါ်ထွက်လာသော တင်းမာမှုနှင့်အတူ ဘေးဘျမ်း မအေးချမ်းသည့် ရုတ်ရုတ်သဲသဲ အသံဗလံများကို ကျွန်ုပ် နားစွင့်မိရင်း လွယ်မယောင်နှင့်ခက်၊ တိမ်မယောင်နှင့်နက်သည့် လုံခြုံရေးသဘောတရားကို စေ့ငုလေ့လာမိလေ၏။

 

ဂျပန်ကုမ္ပဏီတစ်ခုက   ပိုင်ဆိုင်သော   "ကိုကူးကာ ကားရေ့ဂျီးယပ်စ်"အမည်ရှိ   ရေနံတင်သင်္ဘောကြီးနှင့်   နော်ဝေကုမ္ပဏီတစ်ခုက   ပိုင်ဆိုင်သော "ဖရွန့်အယ်လ်တဲ" အမည်ရှိ ရေနံတင်သင်္ဘောကြီးတို့ ရန်စလှုံ့ဆော်မှုမရှိပါဘဲ လျက် တိုက်ခိုက်ခံရခြင်းနှင့်ပတ်သက်၍ အမေရိကန်က အီရန်ကို လက်ညှိုး ငေါက်ငေါက်ထိုး၍ နှုတ်လှံထိုးစွပ်စွဲပြစ်တင်လိုက်သော်လည်း အီရန်နိုင်ငံက မဆိုင်းမတွပင် စွပ်စွဲချက်ကို ပြန်လည်ပယ်ချခဲ့၏။

 

ခွန်းတုံ့ပြန်

 

အိုမန်ပင်လယ်ကွေ့တွင် ရေနံတင်သင်္ဘောကြီးနှစ်စင်း တိုက်ခိုက်ခံရမှုမှာ အီရန်၏ လက်ချက်ဟု စွပ်စွဲလာခြင်းကို မိမိတို့က လုံးလုံးလျားလျား ပယ်ချပါ သည်ဟု အီရန်အစိုးရက ခွန်းတုံ့ပြန်ခဲ့၏။

 

"ရန်စလှုံ့ဆော်မှုမပါဘဲ ဖြစ်ပေါ်လာသည့် တိုက်ခိုက်မှု"ဟူ၍ အမေရိကန် ကာကွယ်ရေးဝန်ကြီး မိုက်ပွန်ပေယိုက အပြစ်တင်ပြောဆိုလျက် တိုက်ခိုက်မှုတွင် အသုံးပြုခဲ့သော လက်နက်အမျိုးအစားနှင့်ပတ်သက်၍ ထောက်လှမ်းရေး သတင်းအချက်အလက်များအပေါ်အခြေခံကာ      ရေနံတင်သင်္ဘောများ တိုက်ခိုက်ခံရမှုဖြစ်စဉ်ကို သုံးသပ်နိုင်ခဲ့ပါပြီဟုဆိုသည်။

 

ဂျပန်ပိုင် ရေနံတင်သင်္ဘောကြီးပေါ်တွင် ပေါက်ကွဲမှုများဖြစ်ပွားခဲ့ပြီးနောက်   သင်္ဘောသားဒါဇင်ပေါင်းများစွာကို   ကယ်တင်ပေးနိုင်ခဲ့ကြောင်း၊ နော်ဝေပိုင် ရေနံတင်သင်္ဘောမှာမူ မီးလောင်နေဆဲဖြစ်ကာ ယင်းသင်္ဘောမှာ သင်္ဘောသား များကို အီရန်က ထိန်းသိမ်းထားကြောင်း၊ ရေနံတင်သင်္ဘောကို ကယ်ဆယ် နိုင်ရန် စေလွှတ်လိုက်သော  တွန်းသင်္ဘောကိုလည်း အီရန်က မောင်းထုတ်ခဲ့ ကြောင်း ဇွန် ၁၄ ရက် မီဒီယာသတင်းများတွင် ဖော်ပြထားပြန်ရာ ကျွန်ုပ်မှာ စိတ်မသက်မသာဖြစ်ရပြန်၏။

 

ဇွန် ၁၃ ရက် ရေနံတင်သင်္ဘောများ တိုက်ခိုက်ခံရမှုဖြစ်စဉ်နှင့်ပတ်သက်၍ အမေရိကန်၏ အခြေအမြစ်မရှိသော စွပ်စွဲချက်များအဖြစ် ကုလသမဂ္ဂဆိုင်ရာ အီရန်သံအမတ်ကြီးက ပယ်ပယ်နယ်နယ် ပယ်ချခဲ့ရာ "ဘာတွေဆက်ဖြစ်ကြဦး မည်နည်း"ဟု   အလျား၊  အနံမရှိသော်လည်း အသွား၊  အပြန်ရှိတတ်သည့် တင်းမာမှုသဘောတရားကို ဆင်ခြင်ပိုင်းခြားမိ၏။

 

ဗီဒီယိုဖိုင်

 

ထိုစဉ်အတွင်း အီရန်၏ ငြင်းကွယ်ချက်ပေါ်ထွက်ခဲ့အပြီး နာရီပိုင်းအကြာ တွင် အမေရိကန် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်သည် "အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့က ပေါက်ကွဲခြင်းမရှိသော လင်းပက်  (Limpet) မိုင်းတစ်လုံး ကို ဂျပန်ရေနံတင်သင်္ဘောကြီး၏ ကိုယ်ထည်နံဘေးမှ ရှင်းလင်းဖယ်ရှားနိုင်ရန် လုပ်ဆောင်နေပုံ"ဟု ဆိုသော ဗီဒီယိုဖိုင်တစ်ခုကို ထုတ်ပြန်လိုက်ရာ ကျွန်ုပ်မှာ ချာလပတ်လည် အတွေးနယ်ချဲ့မိပြန်၏။

 

အာရပ်စော်ဘွားများ ပြည်ထောင်စု(ဝါ)ယူအေအီး ကမ်းလွန်ပင်လယ်ပြင် တွင် မည်သူ့လက်ချက်မှန်းမသိရသော တိုက်ခိုက်မှုတစ်ရပ်ကြောင့် ရေနံတင် သင်္ဘောကြီးလေးစင်း ထိခိုက်ပျက်စီးရသည့်ဖြစ်ရပ် ပေါ်ပေါက်ခဲ့အပြီး တစ်လ မျှသာကြာမြင့်ပြီးချိန်တွင် တိုက်ခိုက်မှုအသစ် ပေါ်ပေါက်လာခြင်းဖြစ်ပေရာ "တစ်စုံတစ်ရာ မှားနေပါလိမ့်" (Something wrong)ဟု ဆိုရချိမ့်မည်။

 

"ဖရွန့်အယ်လ်တဲ" ရေနံတင်သင်္ဘောပေါ်တွင် ပေါက်ကွဲမှု သုံးကြိမ်ဖြစ် ပွားခဲ့သည်ဟု နော်ဝေပင်လယ်ရေကြောင်း အာဏာပိုင်အဖွဲ့က ပြောကြားခဲ့ပြီး နက်ဖ်သာ တန်ချိန် ၇၅၀၀၀ သယ်ဆောင်လာသော ရေနံတင်သင်္ဘောကြီး တော်ပီဒိုတစ်စင်း ထိမှန်ခံရသည်ဟု သံသယရှိကြောင်း ယင်းသင်္ဘောကို စင်းလုံးငှားရမ်း အသုံးပြုလျက်ရှိသော တရုတ်တိုင်ပေ စီပီစီကော်ပိုရေးရှင်း၏ ပြောခွင့်ရပုဂ္ဂိုလ် ဝူအိဖန်းက ဆိုသည်။ သို့ရာတွင် တော်ပီဒိုလက်နက်ဖြင့် အမှန်တကယ် ပစ်ခတ်ခံခဲ့ရခြင်း ဟုတ်၊  မဟုတ် အတည်မပြုနိုင်ပေ။ သို့ရာတွင် အတည်မပြုရသေးသော သတင်းများအဆိုအရ မိုင်းထောင်တိုက်ခိုက်ခံရမှု ဖြစ်နိုင်သည်ဆို၏။

 

"ဃာနဝိညာဉ် အနံ့မထင်သလို" ဟူဘိသို့ ဘယ်သူဘယ်ဝါ၏  လက်ချက် မှန်း မသိရသေးသော်လည်း ရေနံတင်သင်္ဘောကြီးများ တိုက်ခိုက်ခံရမှုဖြစ်စဉ်ကို အကြောင်းပြု၍ အမေရိကန်နှင့် အီရန်အကြား တင်းမာမှု တရိပ်ရိပ်တက်လာ သည်ကား အမှန်ပါပေ။

 

အက်ကြောင်း

 

ထိုနိုင်ငံ နှစ်နိုင်ငံတို့မှာ ၂၀၁၈ ခုနှစ်ကတည်းကပင် သိသာထင်ရှားသော အက်ကြောင်းတစ်ခုကို ထုတ်ဖော်ပြသခဲ့ကြ၏။ အီရန်၏ အဏုမြူလှုပ်ရှားမှု များကို ထိန်းချုပ်ကန့်သတ်ရန် ဦးတည်သော ၂၀၁၅ ခုနှစ် နိုင်ငံတကာ သဘော တူညီချက်မှ အမေရိကန် နုတ်ထွက်လိုက်ခြင်းသည် ခါးတမာနှင့် ပျားသကာ ပမာ လိုလျှင်တစ်မျိုး မလိုလျှင်တစ်မျိုး မတူကွဲပြားသော ရသများကို ပေးစွမ်း ခဲ့၏။

 

သမိုင်းတွင်လောက်သည့် နိုင်ငံတကာသဘောတူညီချက်မှ အမေရိကန် နုတ်ထွက်လိုက်ခြင်းကို အကြောင်းပြု၍ အမေရိကန်၏ လက်ရင်း မဟာမိတ် နိုင်ငံများအပါအဝင် နိုင်ငံအများအပြားက ကျယ်ကျယ်လောင်လောင် ဝေဖန် ခဲ့ကြသေးသည်။

 

"အိုးရွဲ့လျှင် စလောင်းရွဲ့သည်" ဟူဘိသို့ပင် အီရန်က အဏုမြူသဘောတူ ညီချက်ပါ ကတိကဝတ်ပြုချက်အချို့ကို အကောင်အထည်ဖော်ခြင်း မပြုနိုင် တော့ပါဟု ကြေညာခဲ့သည်။

 

ထိုမှဆက်လေသော်    မကြာသေးမီလများအတွင်း   အမေရိကန်က ပင်လယ်ကွေ့ဒေသ၌ ယင်း၏တပ်ဖွဲ့များကို အင်အားတိုးမြှင့်လိုက်ပြီး အီရန် ဘက်မှ တိုက်ခိုက်မှုများရှိလာနိုင်သည်ဟု ဆိုခဲ့သည်။

 

အမေရိကန်သည် လေယာဉ်တင်သင်္ဘောကြီးတစ်စင်း ဦးဆောင်သော တိုက်ခိုက်ရေးအုပ်စုတစ်စုနှင့် ဘီ-၅၂ ဗုံးကြဲလေယာဉ်များကို ပင်လယ်ကွေ့သို့ စေလွှတ်ခဲ့ရာ အမေရိကန်၏ စွာကျယ်စွာကျယ်လုပ်ရပ်အဖြစ် အီရန်က စွပ်စွဲ ပြစ်တင်ခဲ့သည်။

 

မေ ၁၂ ရက်က ယူအေအီးနိုင်ငံအနီး  လင်းပက် (Limpet) မိုင်းဗုံး တိုက်ခိုက်မှုများအပြီး တင်းမာမှုမြင့်တက်လာခဲ့ကာ ယခုအချိန်တွင် တစ်မူ ထူးခြားသောတင်းမာမှု ထပ်မံမြင့်တက်လာခြင်းအဖြစ် ရှုမြင်ရပြန်သည်။

 

"နိုင်ငံတစ်နိုင်ငံ၏ အစိုးရအဖွဲ့ ပါဝင်ပတ်သက်နေသော လုပ်ကြံမှုကြီး"အဖြစ် ယူအေအီးကဆိုလေသော် အမေရိကန်က "အီရန်လက်ချက်ပါ"ဟု အတိုင်အဖောက်ညီညီ စွပ်စွဲခဲ့၏။

 

ခေတ်မီနည်းပညာကို အသုံးပြု၍ အထောက်အထားများပြသနိုင်ရန် အမေရိကန်က ကြိုးပမ်းလာချိန်တွင် အပြန်အလှန်အပြစ်ဖို့သံများ သောသော ညံလာသည်။

 

ဇွန် ၁၃ ရက် တိုက်ခိုက်မှုနှင့်ပတ်သက်၍ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်သော်နျူးဂူတဲရက်ရှ်က ရေးကြီးသုတ်ပျာဖြင့် သတိပေးချက် ထုတ်ပြန်ခဲ့ သည်။

 

ခံနိုင်ရည်မရှိ

 

"ပင်လယ်ကွေ့ဒေသ၌ ထိပ်တိုက်ရင်ဆိုင်တွေ့မှုကို တွေ့မြင်ရန် က္ဘာကြီး ခံနိုင်ရည်မရှိပါ"ဟု သူကဆိုသည်။

 

အလားတူပင် ဗြိတိန်နိုင်ငံက ဖြစ်ပေါ်လာသော တင်းမာမှုအခြေအနေကို အမှန်အကန် သုံးသပ်နိုင်ရန် မိမိတို့ကိုယ်တိုင် သုံးသပ်လေ့လာသွားမည်ဟုဆိုခဲ့ပြီး ဥရောပသမဂ္ဂ(အီးယူ)ကမူ "နှစ်ဖက်စလုံးက ထိန်းထိန်းသိမ်းသိမ်းလုပ်ကြပါ"ဟု တိုက်တွန်းခဲ့သည်။

 

ရုရှားနိုင်ငံကမူ "ဆုံးဖြတ်ချက်ကို အလောတကြီး မချမှတ်ရန်၊ ရေနံတင် သင်္ဘောများတိုက်ခိုက်ခံရမှုဖြစ်စဉ်များကို အကြောင်းပြု၍ အီရန်နိုင်ငံအပေါ် ဖိအားပေးခြင်း မပြုရန်" ဝင်ဟန့်ခဲ့၏။

 

ရေနံတင်သင်္ဘောများ တိုက်ခိုက်ခံရမှုဖြစ်စဉ်နှင့်ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ဇွန် ၁၃ ရက်နှောင်းပိုင်းက တံခါးပိတ်အစည်းအဝေး ပြုလုပ်ကာ ဝိုင်းဝန်းဆွေးနွေးခဲ့ကြသေးသည်။

 

အမေရိကန်အစိုးရက အီရန်အပေါ်   ပြစ်တင်ဝေဖန်ချိန်တွင် ရုရှားအစိုးရ က     ယင်းဖြစ်စဉ်နှင့်ပတ်သက်၍   နိုင်ငံတကာစုံစမ်းစစ်ဆေးမှုပြုလုပ်ရန် တိုက်တွန်းခဲ့သည်။

 

ရေနံတင်သင်္ဘော နှစ်စင်းအနက် သင်္ဘောတစ်စင်းပေါ်မှ ရုရှားသင်္ဘော သား ၁၁ ဦးကို ကယ်တင်ပေးခြင်းအတွက် ကျေးဇူးတင်ရှိပါကြောင်း ရုရှားအစိုးရ က အီရန်အား ပြောကြားခဲ့သည်။

 

ရေနံတင်သင်္ဘောများ ထိခိုက်ခံရသည့်ဖြစ်ရပ်များ ဆက်တိုက်ပေါ်ပေါက် လာခြင်းသည် ကမ္ဘာ့စီးပွားရေးအပေါ်   ခြိမ်းခြောက်လာနိုင်သလောဟု တွေးဆ စရာဖြစ်ရသည်။

 

ယနေ့ကာလတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို တိုးတက်အသုံးပြုလာ ကြသည့်တိုင် က္ဘာ့စီးပွားရေး ဆက်လက်တိုးတက်နေစေရေးမှာ ရေနံအပေါ် မှီခိုအားထားနေရဆဲဖြစ်သည်။

 

ကမ္ဘာ့သယ်ယူပို့ဆောင်ရေးစနစ်မှာ ရေနံချက်စက်ရုံများ၏ ကုန်စည် စီးဆင်းမှုအပေါ် အမှီသဟဲပြုနေရဆဲဖြစ်ပြီး ရေနံထုတ်ကုန် တစ်ခဏတာမျှ ပြတ်တောက်ရုံမျှနှင့်ပင်    လအနည်းငယ်အတွင်း   လောင်စာဆီပြတ်လပ်မှု ဖြစ်ပေါ်လာနိုင်သည်။

 

မြောက်ပင်လယ် "ဘရင့်"ရေနံစိမ်းဈေးနှုန်းသည် ဇွန် ၁၃ ရက်က ၄ ရာခိုင်နှုန်းကျော် မြင့်တက်သွားခဲ့ပြီး ရေနံတစ်စည်လျှင် ၆၂ ဒသမ ၆၄ ဒေါ်လာ သို့ ရောက်ရှိခဲ့သည်။

 

ရေနံသင်္ဘောတစ်စင်း စက်ချွတ်ယွင်းလျှင် အခြားတစ်စင်းဖြင့် အစားထိုး ကာ ဆက်လက်ပို့ဆောင်နိုင်မည်ဖြစ်သော်လည်း အရှေ့အလယ်ပိုင်းဒေသ၌ ရေနံတင်သင်္ဘောများ ဖြတ်သန်းမှုအများဆုံး ရေလမ်းကြောင်း ပိတ်ဆို့ခံရလျှင် ကမ္ဘာ့ရေနံလုပ်ငန်းတစ်ရပ်လုံးအတွက် ထိခိုက်လာရနိုင်ပေသည်။

 

ရေနံတင်သင်္ဘောများ       ဥဒဟိုဖြတ်သန်းခုတ်မောင်းနေသော လမ်းကြောင်းကို မြေပုံပေါ်တွင် ရှုလတ်သော် ဟောမုဇ်ရေလက်ကြားကို တွေ့နိုင် သည်။ ယင်းရေလက်ကြားသည် အိုမန်ပင်လယ်ကွေ့မှသည် ပင်လယ်ပြင်ကျယ် သို့   စင်္ကြံလမ်းသဖွယ်   ဖန်တီးပေးထားသည်။    ဟောမုဇ်ရေလက်ကြားသည် က္ဘာ့ရေနံပို့ကုန်များအတွက် အရေးအပါဆုံး ဂိတ်ပေါက်အဖြစ် ရပ်တည်နေကာ အင်ဒိုနီးရှားပိုင် ဆုမတြားကျွန်း၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့အကြား သွယ်တန်း နေသော မလက္ကာရေလက်ကြားထက်ပင် ရေနံတင်သင်္ဘော အဝင်၊ အထွက် များပြားလှသည်။

၂၀၁၆ ခုနှစ် အခြေပြစာရင်းအရ ဟောမုဇ်ရေလက်ကြားကို ဖြတ်သန်း၍ နေ့စဉ်ပေးပို့သော ရေနံစိမ်းပမာဏမှာ ရေနံစည်ပေါင်း ၁၈  ဒသမ  ၅ သန်းအထိ ရှိပေရာ အကယ်၍သာ စစ်ရေးတင်းမာမှုအရ အီရန်က ယင်းရေလက်ကြားကို ပိတ်လိုက်လျှင် ရေနံအကျပ်ကျပ်အတည်းဆိုက်မှုကို ကမ္ဘာက ရင်ဆိုင်လာရနိုင်သည်။

 

ရေနံဈေးမြင့်လာဖွယ်

 

အမေရိကန်နှင့် တရုတ်နိုင်ငံအကြား ကုန်သွယ်ရေးစစ်ပွဲ ဖြစ်ပေါ်နေချိန် ကမ္ဘာ့ဘဏ်၏   လေ့လာချက်အရ   လွန်ခဲ့သည့်  ၁၈ လတာကာလအတွင်း ကုန်သွယ်ရေးလုပ်ငန်းများ နှေးကွေးသွားပြီး ရင်းနှီးမြှုပ်နှံမှုနည်းပါးလာကာ ယခုနှစ်တွင် ဂျီဒီပီတိုးတက်နှုန်း ၂  ဒသမ  ၆ ရာခိုင်နှုန်းသို့  ကျဆင်းနိုင်ချိန်မှာပင်  က္ဘာ့ရေနံဝယ်လိုအား ပိုမိုတိုးတက်လာမည်ဆိုပါက ပင်လယ်ကွေ့တွင် ရေနံ တင်သင်္ဘောများ တိုက်ခိုက်ခံရမှု ထပ်မံဖြစ်ပေါ်လာပါက တစ်စည်လျှင် ဒေါ်လာ ၈၀ အထိ ရေနံဈေးနှုန်း တက်လာနိုင်ဖွယ်ရှိသည်ဆိုသော စီးပွားရေးပညာရှင် များ၏ သုံးသပ်ချက်ကို တွေးတောမိရင်း "ပင်လယ်ကွေ့ဂယက်  ရေနံဈေးတက် နိုင်"ဟု ကျွန်ုပ် ကျူးရင့်မိပါသတည်း။   ။

 

Ref  : Gulf of   Oman tanker attackes: Iran calls US accusation ‘unfounded’ (BBC)