ဆေးဝါးအတုအန္တရာယ် ဂရုပြုကာကွယ်

ကိုဗစ်-၁၉ ရောဂါ  ကူးစက်ပျံ့နှံ့မှု  ထိန်းချုပ်ရေးတွင်  ကာကွယ် ဆေးထိုးနှံမှုက  အရေးပါသည်။ မိမိတို့နိုင်ငံတွင် ယခုနှစ်အတွင်း လူဦးရေ၏ ၅၀ ရာခိုင်နှုန်းထက်မနည်း ကာကွယ်ဆေးထိုးနှံပေးနိုင် ရန်အတွက်  ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်အစီအစဉ်ဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူခြင်းနှင့် လှူဒါန်းမှုတို့မှ ရရှိသော ကာကွယ်ဆေးများကို ဦးစားပေးအစီအစဉ်အလိုက် ထိုးနှံပေးလျက် ရှိသည်။  တစ်ဖက်တွင်လည်း  ပုဂ္ဂလိကဆေးဝါးလုပ်ငန်းရှင်များ၊ ဆေးရုံဆေးခန်းများ၊ လူမှုရေးအသင်းအဖွဲ့များကို  နိုင်ငံတကာနှင့် အာရှတွင် ထိုးနှံနေသည့် အရည်အသွေးအာနိသင်ရှိပြီး ဘေးအန္တရာယ် ကင်းရှင်းသည့် ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေးများ  တင်သွင်း ဖြန့်ဖြူးခြင်း၊ ကာကွယ်ဆေးထိုးနှံခြင်းတို့ကို    ဆောင်ရွက်ခွင့်ပြုခဲ့ သည်။ ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေးတင်သွင်း ဖြန့်ဖြူးခြင်းနှင့် ထိုးနှံပေးခြင်း ဆောင်ရွက်ရာတွင် လိုက်နာရမည့်အချက်များကိုလည်း ချမှတ်ပေးခဲ့သည်။
မြန်မာနိုင်ငံတွင်   လက်ရှိအသိအမှတ်ပြုထားသော   ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးငါးမျိုးရှိရာ   အိန္ဒိယနိုင်ငံထုတ် ကိုဗစ်ရှီးလ်နှင့် ကိုဗက်ဆင်၊  တရုတ်ပြည်သူ့သမ္မတနိုင်ငံထုတ်  ဆိုင်နိုဖမ်းနှင့် ဆိုင်နို ဗက်၊ ရုရှားနိုင်ငံထုတ် စပွန်နစ်ဗီတို့ ဖြစ်သည်။ ယင်းအနက် အိန္ဒိယ နိုင်ငံထုတ်   ကိုဗစ်ရှီးလ်ကာကွယ်ဆေးကို ပထမအသုတ် ကိုဗစ် ကာကွယ်ဆေးထိုးနှံမှုတွင်  လူဦးရေ ၁ ဒသမ ၈ သန်းကို   နှစ်ကြိမ် ထိုးနှံပေးခဲ့သည်။  ယင်းနောက်   ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေး အတုများ ပေါ်ထွက်လာကြောင်း အိမ်နီးချင်းနိုင်ငံအချို့မှ သတင်းများ နှင့်အတူ မိမိတို့နိုင်ငံတွင်လည်း ကိုဗစ်-၁၉ ကာကွယ်ဆေးအတုများကို Online မှ လည်းကောင်း၊ အခြားနည်းလမ်းများနှင့်လည်းကောင်း ရောင်းချမှုများရှိနေကြောင်း ကျန်းမာရေးဝန်ကြီးဌာနက  ဩဂုတ် ၁၂ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က လည်း သတိပေးချက်တစ်ရပ်ထုတ်ပြန်၍ ကာကွယ်ဆေးအတုများ အရှေ့တောင်အာရှနိုင်ငံများ၊  အိန္ဒိယနှင့် အာဖရိကနိုင်ငံများတွင် ထုတ်လုပ်ရောင်းချလျက်ရှိကြောင်း  ဩဂုတ် ၁၆ ရက်တွင်  အသိပေး ခဲ့သလို မြန်မာနိုင်ငံသို့လည်း အကြောင်းကြားခဲ့သည်။
ကိုဗစ်-၁၉   ကာကွယ်ဆေးအတုသည်     အိန္ဒိယနိုင်ငံထုတ် COVISHIELD ကာကွယ်ဆေးကို တုပထားခြင်းဖြစ်ပြီး ဆေးပုလင်း တစ်လုံးလျှင် ၁၀ ကြိမ်စာ ထိုးနှံနိုင်သည့် 5 ml ပုလင်းနှင့် ဆေးပုလင်း တစ်လုံးလျှင် လေးကြိမ်စာပါဝင်သည့် 2 ml ပုလင်းများကို အတုအပ ပြုလုပ်ရောင်းချနေခြင်းဖြစ်သည်ဟု သိရသည်။ ဆေးဝါးအတုများမှာ မည်သည့်အာနိသင်မျှ မရှိသည့်အပြင်  ဆေးကြောင့် ဘေးအန္တရာယ် များ ဖြစ်ပေါ်လာနိုင်သည့်အတွက် ကာကွယ်ဆေးထိုးနှံပေးသူများရော ကာကွယ်ဆေးထိုးခံမည့်သူများပါ   အထူးဂရုပြုကြရမည်ဖြစ်သည်။ တရားဝင်လမ်းကြောင်းမှ   တင်သွင်းလာသည့်   ဆေးဝါးများတွင် ထုတ်လုပ်သည့် မူလကုမ္ပဏီမှသည်   သယ်ယူသည့်လမ်းကြောင်းနှင့်  ‌ဆေးဝါးတင်သွင်းလက်ခံသည့် ကုမ္ပဏီတို့အထိ ထုတ်လုပ်မှု၊ တင်ပို့မှု၊ ဖြန့်ဖြူးမှု တစ်ဆက်တစ်စပ်တည်း စစ်ဆေးကြည့်ရှုနိုင်ပြီး ဆေးဝါး သိုလှောင်မှုတွင်လည်း  အအေးလမ်းကြောင်းမပြတ် ဆောင်ရွက်ရ သည့်အတွက် ဆေးဝါး၏ အာနိသင်မှာလည်း စိတ်ချရသည်။
ကိုဗစ်-၁၉ ရောဂါ   ကာကွယ်ဆေးအတုများနှင့်   စပ်လျဉ်း၍ သက်ဆိုင်ရာ    နယ်စပ်ဒေသများမှ   တာဝန်ရှိသူများအနေဖြင့် စနစ်တကျ  ကြပ်မတ်ဆောင်ရွက်နေရန် လိုကြောင်း၊    မြို့ကြီးများတွင် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့်   ဆေးဝါးကုမ္ပဏီများအား ကိုဗစ်-၁၉ ရောဂါ   ကာကွယ်ဆေးများ    တင်သွင်းခွင့်ပေးထားကြောင်း၊ အထူးသဖြင့်   နယ်စပ်ဒေသမှ ပြည်သူများအနေဖြင့် ဆေးဝါးအတုများ ထိုးနှံမှုမရှိစေရေးအတွက် ဒေသခံပြည်သူများ သိရှိစေရေး အမြဲမပြတ် အသိပေးထုတ်ပြန်ဆောင်ရွက်နေရန်လိုကြောင်း၊ ဆေးဝါးအတုများ သည်  လူ့အသက်အန္တရာယ်အထိ    ဖြစ်ပေါ်စေနိုင်သဖြင့်  ထိုသို့ ဆောင်ရွက်သူများအား    ထိထိရောက်ရောက်  အရေးယူဆောင်ရွက် သွားရန်လိုကြောင်း၊    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကိုဗစ်-၁၉ ရောဂါ  ကာကွယ်၊  ထိန်းချုပ်၊ ကုသရေးဆိုင်ရာ  (၉) ကြိမ်‌မြောက် ညှိနှိုင်းအစည်းအဝေးတွင်    ပြောကြားခဲ့ရာ    ဆေးအတုကြောင့် ဘေးအန္တရာယ်များ ပေါ်ပေါက်မလာစေရေး ဂရုပြုဆောင်ရွက်ကြရန် နှင့်   ဆေးအတုတင်သွင်းသူ၊      ဖြန့်ဖြူးရောင်းချသူများကိုလည်း ဖော်ထုတ်အရေးယူနိုင်ရေး   အလေးပေး   ဆောင်ရွက်နိုင်ရန်  နှိုးဆော် အပ်ပါကြောင်း။       ။