
မောင်ဂါးတက်စ်
မြန်မာနိုင်ငံ၏ ၂၀၂၁ ခုနှစ် လူဦးရေမှာ ၅၄ ဒသမ ၈ သန်းကျော်ရှိပြီး ကလေးဦးရေမှာ ၁၃ ဒသမ ၈ သန်းခန့်နှင့် လူငယ်/လူကြီးဦးရေမှာ ၄၁ သန်း ကျော်ရှိပါသည်။ စားဝတ်နေရေးတွင် ယဉ်ကျေးမှု ထွန်းကားလာမှုအရ အဝတ်အစားဝတ်ဆင်မှုမှာ အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။ သာမန်လူတစ်ယောက်အတွက် အဝတ်အစား လိုအပ်ချက်မှာ တစ်နှစ်လျှင် ကလေးအတွက် ပိတ် ၁၄ ကိုက်ကျော်၊ လူငယ်/လူကြီးအတွက် ၃၂ ကိုက် ကျော်လိုအပ်၍ တစ်နိုင်ငံလုံးအတွက် တစ်နှစ်လျှင် ပိတ်ကိုက် ၁၅၃၇ သန်း လိုအပ်လျက်ရှိပါသည်။
မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေး
နိုင်ငံဖြစ်ပြီး မိုးနည်းသောဒေသများဖြစ်သည့် နိုင်ငံလယ်ပိုင်းသည် အဝတ်အစားအတွက် ကျန်းမာရေးနှင့်လျော်ညီသော ဝါဂွမ်းထွက်ရှိသည့် ဝါစိုက်ပျိုးဖြစ်ထွန်းရာဒေသများ ဖြစ်ပါသည်။ စက်မှုကဏ္ဍ တိုးမြင့်လာရေးအတွက် နိုင်ငံမှလိုအပ် သည့် အဝတ်အစားထုတ်လုပ်နိုင်ရန် ကုန်ကြမ်းဖြစ် သည့် ဝါဂွမ်းကို နိုင်ငံတွင်း၌ပင်ရရှိနိုင်ပြီး တည်ရှိ ပြီးဖြစ်သည့် အထည်စက်ရုံများဖြင့် အဝတ်အစားထုတ်လုပ်မှုလိုအပ်ချက်အား မြှင့်တင်ထုတ်လုပ် ပေးနိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။
ပြည်တွင်းထုတ်လုပ်နိုင်မှုအား ခန့်မှန်းရာတွင် တစ်နှစ်လျှင် ပိတ်ကိုက် ၁၅၇ သန်းသာ ထုတ်လုပ် နိုင်၍ လိုအပ်ချက်အပေါ် ၁၀ ဒသမ ၂ ရာခိုင်နှုန်းသာ ရှိပြီး ပိတ်ရက်လုပ်ရန်အတွက် ချည်လိုအပ်ချက်မှာ ပေါင်ချိန် ၃၉၂ သန်းခန့်ရှိ၍ ပြည်တွင်း၌ ပေါင်ချိန် ၄၃ သန်းကျော် ထုတ်လုပ်သဖြင့် လိုအပ်ချက်အပေါ် ၁၁ ဒသမ ၁ ရာခိုင်နှုန်းသာ ဖြည့်တင်းနိုင်ကြောင်း တွေ့ရှိရ၍ ပြည်တွင်းလိုအပ်ချက်အား ၂၀၁၉-၂၀၂၀ ပြည့်နှစ်တွင် ချည်ခင်၊ ချည်ထည်မျိုးစုံ အမေရိကန် ဒေါ်လာ သန်း ၁၂၈၀ ကျော် သွင်းကုန်အဖြစ် ကုန်သွယ်မှုပြုခဲ့ကြောင်း တွေ့ရှိရပါသည်။
အဝတ်အထည်ထုတ်လုပ်မှုကွင်းဆက်အဖြစ် ဝါစိုက်ပျိုးခြင်းမှရသော ဝါဂွမ်းများကိုအခြေခံ၍ ချည်၊ ပိတ်၊ ဆေးဆိုး၊ ပန်းရိုက်၊ အချောကိုင်ပိတ်များ၊ အထည်ချုပ်လုပ်ငန်းများ၊ ကွန်ပျူတာပန်းထိုးခြင်း စသည်ဖြင့် ပြည့်စုံစွာတည်ရှိနေပြီးဖြစ်သော်လည်း ပြည့်ဝအောင် ထုတ်လုပ်ပေးရန် လိုအပ်လျက်ရှိ ပါသည်။ လက်ရှိပြည်တွင်း၌ အထည်စက်ရုံများ အနေဖြင့် နိုင်ငံပိုင်စက်ရုံများ၊ ပုဂ္ဂလိကစက်ရုံများနှင့် တပ်မတော်စက်ရုံများ ရှိပြီးဖြစ်၍ ပြည်တွင်း၌ အဓိကအသုံးပြုသော ချည်၊ ပိတ် အမျိုးအစားများကို ဦးစားပေးတိုးမြှင့်ထုတ်လုပ်သွား ရန် လိုအပ်လျက်ရှိ ပါသည်။
နည်းပညာလိုအပ်ချက်အား အသစ်ဖြည့်တင်းရန်လို
ပြည်တွင်းဝါဂွမ်းအား အဓိကအဆင့် (A,B,C) သုံးမျိုးအား အခြေခံ၍ ၁/၂၁ချည်၊ ၁/၃၂ချည်၊ ၁/၄၀ ချည်တို့ကို အဓိကထုတ်လုပ်ပေးနိုင်ပါက နွေ၊ မိုး၊ ဆောင်းသုံးရာသီ ဝတ်ဆင်နိုင်သော အထည်များ အတွက် ပိတ်များထုတ်လုပ်ပေးနိုင်မည် ဖြစ်ပါသည်။ ၁/၄၀ ချည်ထက် ပိုမိုကောင်းမွန်သော ၂/၈၀, ၂/၁၀၀ ချည်ထုတ်လုပ်နိုင်ရေး၊ စွပ်ကျယ် ချည်ပျော့ ထုတ်လုပ်နိုင်ရေး၊ ဓာတုချည်(Polyester, Nylon)တို့အား ထုတ်လုပ်နိုင်ရေးအတွက် နည်းပညာ အဆင့်မြှင့်ခြင်း၊ နည်းပညာလိုအပ်ချက်အား အသစ် ဖြည့်တင်းရန် လိုအပ်လျက်ရှိသေးသော အခြေအနေ ဖြစ်ပါသည်။
လက်ရှိ ပြည်တွင်းထုတ်လုပ်မှုကွင်းဆက်၏ စက်များအခြေအနေအရ ၁/၂၁, ၁/၃၂, ၁/၄၀ ချည်များ ထုတ်လုပ်၍ ပိတ်များအား အဆင့်မြှင့် ထုတ်လုပ်နိုင်လျှင်ပင် ပြည်တွင်းသုံး သာမန်အဝတ် အထည်လိုအပ်ချက်အတွက် သွင်းကုန်အစားထိုး ပေးနိုင်ခြင်း၊ နိုင်ငံခြားငွေ လျှော့ချသုံးစွဲ နိုင်ခြင်းနှင့် Labour Intensive Work ဖြစ်၍ အလုပ်အကိုင်များ ရရှိစေနိုင်မည်ဖြစ်ပါသည်။ နိုင်ငံပိုင်အထည်စက်ရုံ များမှ ချည်ထုတ်လုပ်ပေးနိုင်မှုသည် အသေးစား၊ အလတ်စား၊ ပုဂ္ဂလိကအထည်လုပ်ငန်းများ အတွက် ကုန်ကြမ်းအား အဓိကဖြည့်တင်းပေးနိုင် သော ကွင်းဆက်ဖြစ်၍ စီးပွားရေး၊ လူမှုရေးအတွက် အလွန်အကျိုးများလှပါသည်။
ဝါစိုက်တောင်သူများအတွက်လည်း ဝါဂွမ်း သုံးစွဲမှုများပါက စိုက်ဧကများတိုးတက်၍ ဝင်ငွေ ပုံမှန်ရရှိစေသဖြင့် အထွက်တိုးလာမည်ဖြစ်သလို ဝါကြိတ်စက်ရုံများလည်း လုပ်ငန်းများ ပြန်လည် လည်ပတ်နိုင်၍ ဒေသခံများ အလုပ်အကိုင်ပေါများ စေမည်ဖြစ်ပါသည်။ ဝါကြိတ်စက်ရုံများ တည်ရှိမှု မှာ ဝါထွက်ရှိမှုအား ကုန်စင်အောင် ကြိတ်ခွဲ၍ ဝါဂွမ်းထုတ်လုပ်ပေးနိုင်သော အခြေအနေရှိပြီး ဖြစ်ပါသည်။ ပြည်တွင်းရှိ ချည်မျှင်၊ ရက်ကန်းစက် များအား စက်စွမ်းအားပြည့် အသုံးချထုတ်လုပ်ရန် သာ လိုအပ်ပါသည်။
ရပ်နားထားခဲ့ရ၍ ဈေးကွက်ပျက်ခဲ့ရသဖြင့် ပြည်ပမှ တင်သွင်းမှုအား လျှော့ချနိုင်ရေး၊ ပြည်တွင်း ထုတ်လုပ်မှုမြှင့်တင်ရေးကို ဟန်ချက်ညီညီ ဆောင် ရွက်နိုင်ရန် လိုအပ်လျက်ရှိနေကြောင်း တွေ့ရှိရပြီး လာမည့် ဝါလှိုင်လှိုင်ထွက်ရှိမည့် မိုးနှောင်းဝါထွက် ချိန်တွင် ပြည်တွင်းအထည်စက်ရုံများမှ ထုတ်လုပ် မှုအား အရည်အသွေးကောင်း တိုးမြှင့်ထုတ်လုပ် နိုင်ရန် ဆောင်ရွက်ရမည့်အချိန်ဖြစ်ပါကြောင်း ကြိုတင်ပြင်ဆင် တက်ကြွစွာဆောင်ရွက်နိုင်ရန် နှိုးဆော်တင်ပြအပ်ပါသည်။ ။
- Log in to post comments