ဥပ​ဒေပြုရေးဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲများအပေါ် လေ့လာခြင်း

Type
1

 

မေနယ်လီ

နိဒါန်း
ကာဇက်စတန်နိုင်ငံသည် အလယ်အာရှ နှင့် အရှေ့ဥရောပတွင် တည်ရှိပြီး ကမ္ဘာ့ အကြီးဆုံး ကုန်းတွင်းပိတ်နိုင်ငံဖြစ်သည်။ ဧရိယာစတုရန်းကီလိုမီတာ   ၂၇၂၇၃၀၀ (ဧရိယာစတုရန်းမိုင် ၁၀၅၃၀၀၀) ကျယ် ဝန်းပြီး ကမ္ဘာပေါ်တွင် နဝမမြောက်အကြီး ဆုံးနိုင်ငံဖြစ်သည်။   မြောက်ဘက်နှင့် အနောက်ဘက်တွင်  ရုရှားနိုင်ငံ၊  အရှေ့ ဘက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တောင်ဘက်တွင်  ကာဂျစ်စတန်နိုင်ငံ၊ ဥဇဘတ်ကစ္စတန်နိုင်ငံ၊ တာ့ခ်မင်နစ္စတန် နိုင်ငံတို့နှင့်လည်းကောင်း၊  အေရယ်လ် ပင်လယ် (Aral Sea)   နှင့်လည်းကောင်း၊ အနောက်ဘက်တွင်      ကက်စပီယန် ပင်လယ် (Caspian Sea) နှင့်လည်း ကောင်း နယ်နိမိတ်ချင်း   ထိစပ်လျက်ရှိ သည်။ 
ကာဇက်စတန်နိုင်ငံသည်    ၁၉၉၁ ခုနှစ်   ဒီဇင်ဘာလ  ၁၆  ရက်နေ့တွင် လွတ်လပ်ရေးရရှိခဲ့ပြီး ကာဇက်ဘာသာ စကားမှာ ရုံးသုံးဘာသာစကားဖြစ်သည်။ မြို့တော်မှာ  ယခင်က  Almaty ဖြစ်ပြီး ၁၉၉၇ ခုနှစ်မှစတင်ကာ Astana ဖြစ်ကာ မြို့တော်၏အမည်ကို ၂၀၁၉ ခုနှစ် မတ်လ ၂၃ ရက်နေ့မှ စတင်ပြီး Nur-Sultan ဟု ပြောင်းလဲခဲ့သည်။ လူဦးရေစုစုပေါင်း ၁၈ ဒသမ ၈ သန်းရှိပြီး လူမျိုးပေါင်း ၁၃၁ မျိုးရှိသည်။ ၂၀၁၉ ခုနှစ်စာရင်းများအရ အဓိကအားဖြင့် ကာဇက်လူမျိုး ၆၈ ရာခိုင်နှုန်း၊ ရုရှားလူမျိုး ၁၉ ဒသမ ၃ ရာခိုင်နှုန်း၊ ဥဇဘတ်လူမျိုး ၃ ဒသမ ၂ ရာခိုင်နှုန်း၊ ယူကရိန်းလူမျိုး ၁ ဒသမ ၅ ရာခိုင်နှုန်း၊ ဝီဂါလူမျိုး (Uighur) ၁ ဒသမ ၅ ရာခိုင်နှုန်း၊  တတာလူမျိုး   (Tatar)  ၁   ဒသမ  ၁  ရာခိုင်နှုန်း၊ ဂျာမန်လူမျိုး ၁    ရာခိုင်နှုန်းနှင့်    အခြားလူမျိုးများ ၄ ဒသမ ၄ ရာခိုင်နှုန်း နေထိုင်သည်။
ကာဇက်စတန်နိုင်ငံတွင်  ပြည်နယ် ၁၄   ပြည်နယ်နှင့်    အထင်ကရမြို့ကြီး နှစ်မြို့ရှိပြီး  ယင်းအောက်တွင်   ခရိုင် စုစုပေါင်း ၂၁၅ ခရိုင်၊ မြူနီစီပယ် ၂၄၄၅ ခုရှိသည်။     မြို့ကြီးနှစ်မြို့ဖြစ်သည့် Almaty နှင့် Nur-Sultan မှာ မည်သည့် ပြည်နယ်တွင်မှ    ပါဝင်ခြင်းမရှိဘဲ ၎င်း တို့အား “State Importance” သို့မဟုတ် “City of Republican Significance ” ဟု သတ်မှတ်ထားပါသည်။ ကမ္ဘာ့ပထမ ဆုံး အာကာသဂြိုဟ်ပတ်လမ်းကြောင်း နှင့် လူသားလိုက်ပါသည့်  အာကာသ ယာဉ် စတင်စေလွှတ်ရာနေရာဖြစ်သည့် Baikonur Cosmodrome  အတွက် အသုံးပြုရန် ရုရှားနိုင်ငံက ၂၀၅၀ ပြည့်နှစ် အထိငှားထားသည့်   တောင်ပိုင်းရှိ Baikonur မြို့အား  အထူးအခြေအနေ (Special Status) အဖြစ် သတ်မှတ်ထား ရှိသည်။  
ကာဇက်စတန်နိုင်ငံသည်  သမ္မတ နိုင်ငံဖြစ်ပြီး နိုင်ငံ၏အကြီးအကဲမှာ သမ္မတဖြစ်ကာ အစိုးရအဖွဲ့အကြီးအကဲ ကို သမ္မတက ခန့်အပ်သည်။  နိုင်ငံရေး ဆုံးဖြတ်ချက်များကို သမ္မတ၊ အစိုးရအဖွဲ့ နှင့် လွှတ်တော်တို့၏ အတည်ပြုချက်ဖြင့် ချမှတ်သည်။ အစိုးရအဖွဲ့တွင် အုပ်ချုပ်ရေး အာဏာရှိပြီး အစိုးရနှင့် လွှတ်တော်နှစ်ရပ် တွင် ဥပဒေပြုရေးအာဏာရှိသည်။ 
အုပ်ချုပ်ရေးအာဏာ
သမ္မတ၏ သက်တမ်းမှာ ငါးနှစ်ဖြစ် ပြီး  မဲအများဆုံးဖြင့်   အနိုင်ရရှိသူအား ရွေးကောက်တင်မြှောက်သည်။ ဝန်ကြီး ချုပ်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကောင်စီအဖွဲ့ ဝင် ဝန်ကြီးများအား သမ္မတက ခန့်အပ် ခြင်းဖြစ်သည်။  သမ္မတသည်   နိုင်ငံ့ ခေါင်းဆောင်ဖြစ်သကဲ့သို့  ကာကွယ်ရေး ဦးစီးချုပ်လည်းဖြစ်ကာ  လွှတ်တော်က အတည်ပြုသည့်  ဥပဒေများကို   ဗီတို အာဏာဖြင့် ပယ်ဖျက်နိုင်သည်။ ပြည် နယ်များတွင် ဒေသန္တရအစိုးရအဖွဲ့များ ရှိပြီး ဒေသန္တရလွှတ်တော်များ (Mas-likhats) နှင့်      အုပ်ချုပ်ရေးအဖွဲ့များ (Akimats)   ဟူ၍   နှစ်ပိုင်းရှိသည်။ ပြည်နယ်  ၁၄   ပြည်နယ်နှင့်    မြို့ကြီး နှစ်မြို့၏  အကြီးအကဲများ  (အုပ်ချုပ်ရေး မှူးများ) အား သမ္မတက ခန့်အပ်သည်။
ဥပဒေပြုရေးအာဏာ
အောက်လွှတ်တော်  (Lower House Assembly - Mazhilis) နှင့် အထက် လွှတ်တော် (Upper House Senate) ဟူ၍ လွှတ်တော်နှစ်ရပ်ရှိသည်။ အောက် လွှတ်တော် (Lower House Assembly- Mazhilis) တွင် လွှတ်တော်ကိုယ်စားလှယ် နေရာ  ၁၀၇  နေရာရှိပြီး   ကိုးဦးအား Assembly of People of Kazakhstan ကရွေးချယ်သည်။ ၉၈ ဦးအား အချိုးကျ ကိုယ်စားပြုစနစ်ဖြင့်     ရွေးကောက်ပွဲ ပြုလုပ်ကာ ရွေးချယ်သည်။ အနည်းဆုံး ရရှိရမည့် ထောက်ခံမဲမှာ ၇ ရာခိုင်နှုန်း ဖြစ်ပြီး  သက်တမ်းမှာ ငါးနှစ်ဖြစ်သည်။ အထက်လွှတ်တော် (Upper House Senate) တွင် လွှတ်တော်ကိုယ်စားလှယ် နေရာ ၄၇ နေရာရှိပြီး  ကိုယ်စားလှယ် ၁၅ ဦးအား သမ္မတက ရွေးချယ်ခန့်အပ် သည်။ ကိုယ်စားလှယ်   နှစ်ဦးစီအား ပြည်နယ်တစ်ခုစီမှလည်းကောင်း၊ အထူး မြို့ကြီးများနှင့် မြို့တော်မှလည်းကောင်း ရွေးချယ်ခန့်အပ်ခြင်း        ဖြစ်သည်။ သက်တမ်းမှာ  ခြောက်နှစ်ဖြစ်သည်။ တာဝန်ထမ်းဆောင်ခဲ့ပြီးသည့်  သမ္မတ ဟောင်းများသည်     တစ်သက်တာ ဂုဏ်ထူးဆောင်    အထက်လွှတ်တော် အမတ်များဖြစ်သည်။
တရားစီရင်ရေးအာဏာ
ကာဇက်စတန်နိုင်ငံ၏     တရား လွှတ်တော်ချုပ်တွင် တရားသူကြီး ၆၅ ဦးရှိသည်။    ဖွဲ့စည်းပုံအခြေခံဥပဒေ ကောင်စီတွင် အဖွဲ့ဝင် ခုနစ်ဦးရှိပြီး ၎င်း တို့အနက် သုံးဦးအား သမ္မတက ခန့်အပ် ခွင့်ရှိပြီး ကောင်စီဥက္ကဋ္ဌကိုလည်းရွေးချယ် ခန့်အပ်နိုင်သည်။  ကျန်အဖွဲ့ဝင်  လေးဦး အနက် နှစ်ဦးအား အထက်လွှတ်တော် နှင့် နှစ်ဦးအား  အောက်လွှတ်တော်က ခန့်အပ်ကာ  သက်တမ်းမှာ  ခြောက်နှစ် ဖြစ်သည်။   တရားလွှတ်တော်ချုပ်က နိုင်ငံ၏ တရားစီရင်ရေးစနစ်ကို ဦးဆောင် ပြီး ပြည်နယ်နှင့်  ဒေသန္တရအဆင့်တွင် တရားရုံးများနှင့်  တရားလွှတ်တော်ချုပ် များရှိသည်။ ၁၉၉၈ ခုနှစ်တွင် ပြုလုပ်ခဲ့ သည့်   ဖွဲ့စည်းပုံအခြေခံဥပဒေ  ပြင်ဆင် ချက်များအရ သမ္မတက အဆင့်မြင့်တရား ရေးကောင်စီ၏ဥက္ကဋ္ဌအား ခန့်အပ်နိုင်ပြီး ယင်းကောင်စီက  တရားလွှတ်တော်ချုပ် တရားသူကြီးများအား  အဆိုပြုသည်။ အဆိုပြု တရားသူကြီးများအား သမ္မတ၏ ထောက်ခံမှုဖြင့် အထက်လွှတ်တော်က အတည်ပြုခန့်အပ်သည်။    ပြည်နယ် တရားသူကြီးများကိုလည်း သမ္မတကခန့် အပ်သည်။ အခြားအဆင့်တရားသူကြီး များအား အဆင့်မြင့်တရားရေးကောင်စီ က အမည်စာရင်းတင်သွင်းပြီး သမ္မတက အတည်ပြုခန့်အပ်သည်။ ၂၀၀၀ ပြည့်နှစ် ဥပဒေပြင်ဆင်ချက်များအရ   တရား သူကြီးများ၏ သက်တမ်းမှာ  တစ်သက် တာ ဖြစ်သည်။ 
ရွေးကောက်ပွဲအမျိုးအစားများနှင့် ရွေးကောက်ပွဲစနစ်များ 
ကာဇက်စတန်နိုင်ငံတွင်  မဲမပေး မနေရစနစ်ကို   ကျင့်သုံးပြီး  သမ္မတ ရွေးကောက်ပွဲ၊   အောက်လွှတ်တော် (Lower House Assembly- Mazhilis) ရွေးကောက်ပွဲများ၊ အထက်လွှတ်တော် (Upper House Senate) ရွေးကောက်ပွဲ များနှင့် ဒေသန္တရလွှတ်တော် (Maslihat) ရွေးကောက်ပွဲများကို   ကျင်းပသည်။ ၂၀၂၁ ခုနှစ်မှစတင်ကာ ဒေသန္တရအုပ်ချုပ် ရေးမှူးအဆင့်ဆင့်   ရွေးကောက်ပွဲများ ကျင်းပခဲ့သည်။  လွတ်လပ်ရေး  အခြေခံ မူဝါဒများနှင့်    ရွေးကောက်ပွဲစနစ်အား ၁၉၉၃ ခုနှစ် ဇန်နဝါရီလတွင် အတည်ပြု ခဲ့သည့်  ပထမဆုံး  ကာဇက်စတန်နိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေအရ  ကြေညာ ခဲ့ပြီး ၁၉၉၅ ခုနှစ် ဩဂုတ်လတွင် ကျင်း ပခဲ့သည့် လူထုဆန္ဒခံယူပွဲတွင် အတည် ပြုခဲ့သည်။
ရွေးကောက်ပွဲနေ့တွင်   နံနက် ၆ နာရီမှ ည ၈ နာရီအတွင်း  မဲပေးနိုင်ပြီး ယင်းသတ်မှတ်ချက်အတွင်း  မဲရုံဖွင့်ချိန်၊ ပိတ်ချိန်များကို      ခရိုင်ရွေးကောက်ပွဲ ကော်မရှင်များက သတ်မှတ်နိုင်သည်။ Territorial Election Commission များ သည် ရွေးကောက်ပွဲနေ့မတိုင်မီ ခုနစ်ရက် ထက်နောက်မကျဘဲ   မဲရုံတည်နေရာ စာရင်းများကို ထုတ်ပြန်ကြေညာရသည်။
သမ္မတရွေးကောက်ပွဲများ
ကာဇက်စတန်နိုင်ငံတွင်   သမ္မတ ရွေးကောက်ပွဲများကို   Two   Round System ဖြင့်   ကျင်းပပြီး   သမ္မတ၏ သက်တမ်းမှာ ငါးနှစ်ဖြစ်ကာ မဲအများဆုံး ဖြင့်    အနိုင်ရရှိသူအား     ရွေးကောက် တင်မြှောက်သည်။       ပထမအကြိမ်   ရွေးကောက်ပွဲတွင်  ဆန္ဒမဲအပြတ်အသတ် ဖြင့်  အနိုင်ရရှိသူမရှိပါက မဲအများဆုံး ရရှိသည့်    သမ္မတလောင်း   နှစ်ဦးဖြင့် ဒုတိယအကြိမ်   ရွေးကောက်ပွဲများအား ကျင်းပသည်။  ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁ အရ အသက် ၄၀ နှစ်ပြည့်ပြီး နိုင်ငံတော်၏ ဘာသာဖြစ်သည့် ကာဇက် ဘာသာစကားအား   ကျွမ်းကျင်စွာ ပြောဆိုနိုင်သည့်၊  ကာဇက်စတန်နိုင်ငံ အတွင်း လွန်ခဲ့သည့် ၁၅ နှစ်ကြာနေထိုင်ခဲ့ သည့် ကာဇက်စတန်နိုင်ငံသားများအား သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံ ပိုင်ခွင့်ရှိသည်။
သမ္မတလောင်းအဖြစ်  ဝင်ရောက် ယှဉ်ပြိုင်သူများသည် မဲဆန္ဒရှင်စုစုပေါင်း ၏ ၁ ရာခိုင်နှုန်းထံမှ   ထောက်ခံချက် လက်မှတ်များရရှိရန်     လိုအပ်သည်။ ဥပမာ - ၂၀၁၉ ခုနှစ် သမ္မတရွေးကောက်ပွဲ တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၁၈၁၄၀၁၉ ဦးရှိသည့်အတွက် သမ္မတလောင်းတစ်ဦး လျှင်    မဲဆန္ဒရှင်   ၁၁၈၁၄၀   ထံမှ ထောက်ခံချက်လက်မှတ်များ ရရှိရန်လို အပ်သည်။ ၂၀၁၇ ခုနှစ်တွင် အတည်ပြုခဲ့ သည့်      ဥပဒေပြင်ဆင်ချက်များတွင် သမ္မတလောင်းအဖြစ်  ဝင်ရောက်ယှဉ် ပြိုင်သူများသည် အဆင့်မြင့်ပညာရေးရှိ ရန်၊ အစိုးရဝန်ထမ်းအဖြစ်သော်လည်းကောင်း သို့မဟုတ် ရွေးကောက်ခံ ပုဂ္ဂိုလ် တစ်ဦးဦး၏         ရုံးတွင်လည်းကောင်း ငါးနှစ်ကြာ   တာဝန်ထမ်းဆောင်ဖူးသူ၊ ပြည်နယ်ရေးရာ  စီမံခန့်ခွဲရေးလုပ်ငန်း များတွင် တိုက်ရိုက်သော်လည်းကောင်း၊ လွှတ်တော်ကိုယ်စားလှယ်များမှတစ်ဆင့် သော်လည်းကောင်း တက်ကြွစွာ ပါဝင် ဆောင်ရွက်ဖူးသူဖြစ်ရမည်    ဟူသည့် အချက်များ ပါရှိသည်။


အထက်လွှတ်တော် (Upper House Senate) ရွေးကောက်ပွဲများ
အထက်လွှတ်တော်  (Upper House Senate) တွင် လွှတ်တော်ကိုယ်စားလှယ် နေရာ ၄၇ နေရာရှိပြီး ကိုယ်စားလှယ် ၁၅ ဦးအား သမ္မတက ရွေးချယ်ခန့်အပ် သည်။ ကျန် ၃၂ နေရာအတွက် ကိုယ်စား လှယ် နှစ်ဦးစီအား ပြည်နယ်များ၊ အထူး မြို့ကြီးများနှင့် မြို့တော်မှလည်းကောင်း ဒေသန္တရ လွှတ်တော်များက  ရွေးချယ် ခန့်အပ်ခြင်းဖြစ်သည်။ အထက်လွှတ်တော် ၏  သက်တမ်းမှာ   ခြောက်နှစ်ဖြစ်ပြီး သမ္မတကခန့်အပ်သည့်   ၁၅  ဦးမှအပ ကျန်ကိုယ်စားလှယ်များမှာ   အထက် လွှတ်တော်နှင့်   ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၏   တာဝန်ပူးတွဲ ထမ်းဆောင်ရပြီး    ၎င်းတို့၏  အထက် လွှတ်တော်ကိုယ်စားလှယ်နေရာများ၏ထက်ဝက်အား သုံးနှစ်တစ်ကြိမ် လဲလှယ် ခန့်အပ်သည်။ 
ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင် သည့် ကိုယ်စားလှယ်လောင်းများအတွက် နိုင်ငံတော်က မဲဆွယ်စည်းရုံးရေးအသုံး စရိတ်များ    ကျခံပေးသည်။   ဥပမာ အထက်လွှတ်တော်   ကိုယ်စားလှယ် လောင်းများသည်   မဲဆွယ်စည်းရုံးရေး အသုံးစရိတ်အဖြစ် ဒေါ်လာ ၂၁၇၀ ကို ရရှိ သည်။ အထက်လွှတ်တော် ရွေးကောက်ပွဲ များတွင်  ကိုယ်စားလှယ်လောင်းများ အနေဖြင့်   ရုပ်မြင်သံကြားတွင်  ၁၅ မိနစ် စာ ဟောပြောမှုကုန်ကျစရိတ်  (၃၀၃ ဒေါ်လာခန့်)၊ ရေဒီယိုမှတစ်ဆင့် ၁၀ မိနစ်စာ ဟောပြောမှုကုန်ကျစရိတ် (၁၅၈ ဒေါ်လာခန့်)၊ မီဒီယာတွင် ဆောင်းပါး နှစ်ပုဒ်ဖော်ပြမှု  (၂၇၆ ဒေါ်လာခန့်)၊ မဲဆန္ဒရှင်များနှင့်  တွေ့ဆုံရန်  ခန်းမ ငှားရမ်းခ  (၅၃ ဒေါ်လာခန့်)၊  မဲဆွယ် စည်းရုံးရေး စာရွက် စာတမ်းများ  ပုံနှိပ်ခ (၆၆ ဒေါ်လာခန့်)၊ ခရီးသွားလာစရိတ်    (ပြည်နယ်များအတွက် ၁၈၄ ဒေါ်လာခန့် နှင့် မြို့ကြီးများအတွက် ၉၂ ဒေါ်လာခန့်) အား နိုင်ငံတော် ထံမှရရှိသည်။ 
အောက်လွှတ်တော်                 (Lower House Assembly- Mazhilis)ရွေးကောက်ပွဲများ
အောက်လွှတ်တော် (Lower House Assembly- Mazhilis) တွင် လွှတ်တော် ကိုယ်စားလှယ် နေရာ ၁၀၇ နေရာရှိပြီး ကိုးဦးအား Assembly of People of Kazakhstan  က   ရွေးချယ်သည်။ သက်တမ်းမှာ ငါးနှစ်ဖြစ်သည်။ ၉၈ ဦး အား အချိုးကျကိုယ်စားပြုစနစ် (Party List PR) ဖြင့် ရွေးကောက်ပွဲပြုလုပ်ကာ ရွေးချယ်ပြီး အနည်းဆုံးမဲရရှိမှုသတ်မှတ် ချက်မှာ   ၇ ရာခိုင်နှုန်းဖြစ်သည်။ Largest Remainder System  ကို   ကျင့်သုံးပြီး စုစုပေါင်းဆန္ဒမဲ၏  ၇   ရာခိုင်နှုန်းနှင့် အထက်   အနိုင်ရရှိသော  ပါတီများအား ကိုယ်စားလှယ်နေရာများကို  အချိုးကျ ခွဲဝေပေးခြင်းဖြစ်သည်။ 
Largest Remainder အရ အညီအမျှ ရရှိသော   ပါတီများရှိနေပါက   ဦးစွာ ပါတီမှတ်ပုံတင်ခြင်း   ပြုလုပ်ထားသည့် ပါတီက အဆိုပါနေရာကို  ရရှိမည်ဖြစ် သည်။   အကယ်၍   အနည်းဆုံးဆန္ဒမဲ သတ်မှတ်ချက် (Threshold) ရရှိသည့် ပါတီ တစ်ပါတီသာ ရှိခဲ့ပါက ဒုတိယနေရာ တွင်  မဲအများဆုံးရရှိသည့်   ပါတီက အနည်းဆုံး နေရာ နှစ်နေရာ ရရှိမည်ဖြစ် သည်။ နေရာလစ်လပ်မှုများ   ဖြစ်ပေါ်ခဲ့ ပါက ပါတီက  တင်သွင်းထားသည့်စာရင်း တွင် ပါရှိသည့်  ကိုယ်စားလှယ်လောင်း အစဉ်လိုက်    နေရာရရှိမည်ဖြစ်သည်။ အကယ်၍    ပါတီစာရင်းတွင်  ပါရှိသည့် ကိုယ်စားလှယ်လောင်း   မကျန်ရှိတော့ ပါက အဆိုပါ ကိုယ်စားလှယ်နေရာအား နောက်တစ်ကြိမ် အောက်လွှတ်တော် ရွေးကောက်ပွဲကျင်းပချိန်အထိ   လစ်လပ် ထားမည် ဖြစ်သည်။ 
ဒေသန္တရလွှတ်တော်ရွေးကောက်ပွဲများ (Elections for Maslihat) 
ဒေသန္တရ    ရွေးကောက်ပွဲများကို ပြည်နယ်များနှင့်    အထင်ကရမြို့ကြီး များတွင်   ငါးနှစ်တစ်ကြိမ်   ကျင်းပသည်။ ရွေးကောက်ပွဲများအား     အချိုးကျ ကိုယ်စားပြုစနစ်   (Party  List  PR) ငါးနှစ်တစ်ကြိမ်ကျင်းပပြီး  အနည်းဆုံး ရရှိရမည့်မဲမှာ ၇  ရာခိုင်နှုန်းဖြစ်သည်။ အသက် ၂၀ နှစ် ပြည့်ပြီးသည့်  ကာဇက် စတန်နိုင်ငံသားများ             ဒေသန္တရ လွှတ်တော်       ရွေးကောက်ပွဲများတွင်    ဝင်ရောက်     ယှဉ်ပြိုင်ရွေးချယ်ခံခွင့် ရှိသည်။   ရွေးကောက်ပွဲနေ့တွင်   နံနက်  ၆ နာရီမှ ည ၈ နာရီအတွင်း   မဲပေးနိုင် သည်။ 
ဒေသန္တရအုပ်ချုပ်ရေးမှူးရွေးကောက်ပွဲများ ( Elections for Akims )
လွတ်လပ်ရေးရရှိပြီးချိန်မှ စတင်ကာ  နှစ်ပေါင်း  ၂၀  ကျော်ကြာသည်အထိ ကာဇက်စတန်နိုင်ငံတွင်    ပြည်နယ်များ၊ ခရိုင်များ၊     မြို့များနှင့်    ရွာများ၏  အကြီးအကဲများနေရာများအား    ဗဟို အစိုးရက ရွေးချယ်ခန့်အပ်ခြင်းဖြစ်သည်။ ၂၀၁၂ ခုနှစ်တွင်  စတင်ခဲ့သည့် “ကာဇက် စတန်မဟာဗျူဟာ ၂၀၅၀ ( Kazakhstan Strategy 2050 )” အရ ဒေသန္တရအုပ်ချုပ် ရေးအဆင့်များအား ရွေးကောက်ပွဲများ ဖြင့် ရွေးချယ်ခန့်အပ်ရန် ဆောင်ရွက်ခဲ့ သည်။
 ၂၀၂၁ ခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် သမ္မတ၏ ဒီကရီအမှတ် ၅၅၅ ဖြင့် ခရိုင်များ၊ ကျေးလက်ခရိုင်များ (Rural District)   ကျေးရွာများ၊ ကျေးလက်ကျေးရွာ  (Rural  Villages) များ၏ အကြီးအကဲများ၊ အုပ်ချုပ်ရေး မှူးများအား   ပြည်သူများက  လျှို့ဝှက် ဆန္ဒမဲဖြင့်  လေးနှစ်သက်တမ်းအတွက် ရွေးကောက်တင်မြှောက်ရန် အတည်ပြုခဲ့ သည်။   ယင်းဒီကရီတွင်   တစ်ဆင့် ရွေးကောက်တင်မြှောက်ခြင်း  (Indirect Suffrage) ဟုသုံးစွဲခဲ့ပြီးအကြောင်းရင်းမှာ ခရိုင်အုပ်ချုပ်ရေးမှူးများ (Akims) အား မဲဆန္ဒရှင်များက တိုက်ရိုက်ရွေးကောက် တင်မြှောက်ခြင်း မဟုတ်ဘဲ သက်ဆိုင်ရာ ဒေသန္တရ ခရိုင်လွှတ်တော် ကိုယ်စားလှယ် များ   (Deputies    of     Maslikhats)  က     ရွေးချယ်ခန့်အပ်သောကြောင့်    ဖြစ်ပါသည်။
၂၀၂၁ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့တွင် ကာဇက်စတန်နိုင်ငံ၏  ပထမဆုံးသော ကျေးလက်   ခရိုင်အုပ်ချုပ်ရေးမှူးများ (Rural Akims) အား တိုက်ရိုက်ရွေးချယ် သည့် ရွေးကောက်ပွဲများကို ပြည်နယ် ၁၄ ပြည်နယ်တွင် ကျင်းပခဲ့သည်။ မဲပေး ခဲ့သူစုစုပေါင်း ၁ ဒသမ ၂ သန်းကျော်ရှိခဲ့ပြီး ဝင်ရောက်ယှဉ်ပြိုင်သည့်  ကိုယ်စားလှယ် လောင်း ၂၂၄၇ ဦး (တစ်သီးပုဂ္ဂလ ၁၄၁၉ ဦး၊ ပါတီမှအမည်စာရင်း တင်သွင်းသူ ၈၇၈ ဦး)  ရှိကာ  မဲရုံပေါင်း  ၁၈၄၇ ရုံ ဖွင့်လှစ်ခဲ့သည်။
(ဆက်လက်ဖော်ပြပါမည်)