ကိုဗစ်ကာကွယ်ဆေး မထိုးရသေးတဲ့ အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်းအနေနဲ့ အခွင့်အရေးရရင် ရသလို ကာကွယ်ဆေး ထိုးနှံစေချင်ပါတယ်

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို နိုင်ငံတော်အစိုးရအနေဖြင့် တစ်နိုင်ငံလုံးတွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့်စပ်လျဉ်း၍ ကမ္ဘာ့နိုင်ငံများ၏ ကျန်းမာရေးဆိုင်ရာ ထုတ်ပြန်ချက်များ အရ ရောဂါဖြစ်ပွားရာ၌ ကာကွယ်ဆေးထိုးနှံပြီးသူများသည် ကာကွယ်ဆေးမထိုးနှံရသေးသူများထက် ခံနိုင်ရည်ရှိသည်ကို လေ့လာသိရှိရသည်။ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုခံခဲ့ရသော်လည်း ကာကွယ်ဆေးထိုးနှံထားသည့်အတွက် ပြန်လည်ကောင်းမွန်လာသည့်သူများ၏ စကားသံများကို ဖော်ပြလိုက်ပါသည်။ 
ဦးဝင်းမင်းထွဋ် (ဌာနဆိုင်ရာဝန်ထမ်း)
ကျွန်တော်က Covishield ကာကွယ်ဆေး ပထမ dose ကို ၂၀၂၁  ခုနှစ် ဖေဖော်ဝါရီ ၅ ရက်မှာ ထိုးနှံခဲ့ပြီး ဒုတိယအကြိမ်ကိုတော့ မတ် ၅  ရက်မှာ  ထပ်မံထိုးနှံခဲ့ပါတယ်။  ကိုဗစ်-၁၉  စတင်ကူးစက်ခံရတာ ကတော့  ဇူလိုင်  ၇  ရက်နေ့မှာ  ဖြစ်ပါတယ်။ သံသယရှိတာကတော့ စားသောက်ဆိုင်ကနေ ပါဆယ်ဝယ်ယူရာမှာ ဆိုင်ဝန်ထမ်း ကိုင်လာတဲ့  ကြွပ်ကြွပ်အိတ်ကနေတစ်ဆင့် ကူးစက်တယ်လို့ ထင်တယ်။ ဇူလိုင် ၁၃ ရက်လောက်မှာ ဆေးမစစ်ဆေးရသေးခင် ရုံးမှာတာဝန်ထမ်းဆောင် ရင်း  ပလတ်စတစ်အဖုံးနဲ့စာအုပ်  ကျွန်တော့်ဆီ  အပေးအယူလုပ်တဲ့ ဝန်ထမ်းတစ်ဦးလည်း ကူးစက်ခံခဲ့ရတယ်။ 
ကိုဗစ် ကူးစက်ခံရတာ သိသိချင်း ဆေးရုံက ဆရာဝန်နဲ့တိုင်ပင်ပြီး  နေအိမ်မှာပဲ    စည်းကမ်းချက်တွေနဲ့အညီ      နေထိုင်ခွင့်ပြုပါတယ်။ ဘာကြောင့်လဲဆိုရင် အဲဒီအချိန် ဆေးရုံမှာ လူနာတွေ များပြားနေတဲ့ အတွက်ကြောင့်   နေအိမ်မှာပဲ   Quarantine   ဝင်ရောက်ခဲ့ပါတယ်။ ကျွန်တော် ကိုဗစ်-၁၉ ကူးစက်ခံရတော့ ဆွေမျိုးမိတ်သင်္ဂဟများက ဖုန်းနဲ့ရော အွန်လိုင်းကပါ အားပေးစကားပြောကြသလို ဆေးဝါးတွေ လက်ဆောင်ပို့ကြပြီး သောက်သုံးရမယ့် ဆေးညွှန်းတွေကိုလည်း ပြောပေးကြပါတယ်။  ပို့ပေးတဲ့ဆေးတွေက ပိုးသတ်ဆေး အပြင်းစားတွေ၊ ဗီတာမင် A,B,C,D,E– Z အထိ အစုံပါပါတယ်။ ကျွန်တော်ကတော့ စီဗစ် တစ်မျိုးတည်းကို တစ်ရက်တစ်လုံးသောက်ခဲ့ပြီး ကျန်တဲ့ဆေးဝါးတွေ ကိုတော့ မသောက် ခဲ့ပါဘူး။ 
ကိုဗစ်ဖြစ်နေစဉ်မှာ   သူ့သဘောသဘာဝအရ   နေ့စဉ်ဝမ်းသွားတဲ့  အကြိမ်ရေများပေမယ့်လည်း အစာအိမ်ထဲမှာ မတည့်တာရှိလို့ သွားတာ ပဲလို့ ယူဆပြီး ဝမ်းပိတ်ဆေးမစားခဲ့ပါဘူး။ ဝမ်းသွားစေတဲ့ အစားအစာ တွေကိုလည်း ရှောင်စားခဲ့ပါတယ်။ နောက်ပြီး ဆရာတော်ကြီးတွေရဲ့ ပရိတ်တရားတော်ကို   မနက်၊   နေ့လယ်၊    အိပ်ရာမဝင်ခင်တွေမှာ ၁၅ မိနစ်ခန့်စီ နာယူခဲ့တယ်။ ကျန်တဲ့အချိန်  ငြီးငွေ့လာရင်  ဟာသ၊ အငြိမ့်၊ စိတ်ပျော်ရွှင်စေမယ့် ဇာတ်လမ်းတွေကို ကြည့်ရှုရင်း ရောဂါကို  မေ့ထားနိုင်အောင် နေထိုင်ခဲ့ပါတယ်။   
အထူးသဖြင့်တော့ အဝေးရောက်နေတဲ့ ညီဆရာဝန်ကတော့ အိပ်တဲ့ အချိန် မှောက်အိပ်ဖို့သတိပေးပြီး ညွှန်ကြားချက်ပါတဲ့ ဗီဒီယိုကို ပေးပို့ ခဲ့တဲ့အတွက်   အိပ်တဲ့အခါ   အဆုတ်ကို   ဖိပြီးမအိပ်ဖို့နဲ့    အဆုတ်ရဲ့ လုပ်ဆောင်ချက်တွေကို    အားကောင်းစေဖို့    မှောက်အိပ်ခဲ့ပါတယ်။ ဒါကြောင့် အိပ်မောကျချိန်အနည်းငယ်မှာပဲ ပက်လက်အနေအထား ဖြစ်ပြီး    ကျန်တဲ့အချိန်တွေမှာ  ပက်လက်အနေအထား  မဖြစ်အောင် သတိထားနေတဲ့အတွက် အောက်ဆီဂျင်ကျတာ၊ ချောင်းဆိုးတာတွေ မဖြစ်တော့ဘူး။
အစားအသောက်ကတော့ အရသာပျက်နေတဲ့အတွက် စားချင်စိတ်  မရှိတာ များတယ်။ ဒါပေမယ့် တစ်ရက်ကို ကြက်ဥ နှစ်လုံး၊ ငှက်ပျော သီး  နှစ်လုံးနဲ့  ထမင်းကို ဝင်နိုင်သမျှ စားခဲ့တယ်။ ရေနွေးကျိုသောက် တယ်။ အိမ်ကပေးတဲ့ အစားအသောက်တွေကို တစ်ခါသုံးဇွန်းနဲ့ စားသုံးပြီး  စားစရာလာပို့တဲ့သူကိုလည်း ကိုယ့်ဆီက ဘာပစ္စည်းမှ ပြန်မပေးပါဘူး။ စားသောက်ပြီးကျန်တဲ့ ဘူးခွံ၊ ထမင်းကျန်၊ ဟင်းကျန်တွေကို အမှိုက် အိတ်ထဲထည့်ပြီး ငါးရက်ကြာ တစ်ခါသိမ်းပါတယ်။ အိမ်ကလူတွေနဲ့ စကားပြောချင်ရင်လည်း ဖုန်းနဲ့ပဲစကားပြောတယ်။ ဘယ်သူနဲ့မှ ထိတွေ့ ဆက်ဆံမှုမရှိတဲ့အတွက် အိမ်သားတွေကို ရောဂါကူးစက်မှုမရှိဘဲ ၁၀ ရက်မြောက်နေ့မှာ ပြန်စစ်ကြည့်တော့ Negative ပြန်ဖြစ်ခဲ့ပါတယ်။
အခုအချိန်မှာ လူတွေက Mask တပ်တာကို အလေ့အထရနေကြပြီ ဖြစ်ပေမယ့် လက်ဆေးကြဖို့ကို ဝန်လေးနေကြတုန်းပါပဲ။ ကျွန်တော် ကတော့ ကိုဗစ်ဖြစ်ပြီးကတည်းက လက်ဆေးဖို့ကို မပျင်းတော့ဘူး။  တစ်ခုခုကိုင်ပြီးတိုင်း လက်ဆေးဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးထားခဲ့ တာကြောင့်    ကိုဗစ်-၁၉  ရောဂါ   ကူးစက်ခံခဲ့ရပေမယ့်    ရောဂါကို သိပ်မခံစားခဲ့ရဘူး။ 
ကိုသစ္စာ (ဌာနဆိုင်ရာဝန်ထမ်း)
ကျွန်တော်  ဆေးဆိုင်ကနေ ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိစစ်ဆေးတဲ့ Test Kit သွားဝယ်ပြီး စစ်ဆေးတဲ့အခါ ကိုဗစ်-၁၉ Positive ဖြစ်နေတာ ကို သိခဲ့ရတယ်။ အဲဒီလိုသိရတဲ့အခါ ဌာနက တာဝန်ရှိသူတွေနဲ့ ဆက်သွယ် ပြီး   နေပြည်တော်စည်ပင်ရိပ်သာ-၂   မှာ   ၁၀  ရက်    Quarantine ဝင်ရောက်ခဲ့ပါတယ်။
Quarantine Centre စရောက်ရောက်ချင်း ကျွန်တော့်ကို ဆရာဝန်နဲ့ ဆရာမတွေက   အကိုက်အခဲပျောက်ဆေးနဲ့  အားဆေး  ၁၀  ရက်စာ ပေးပါတယ်။   Quarantine Centre ဝင်ရောက်နေတဲ့ ၁၀ ရက်တာ ကာလပတ်လုံး နံနက်နဲ့ ညနေတိုင်း ဆားအာလုပ်ရည်ကျင်းပါတယ်။ ရေနွေးကြမ်းနဲ့   ပေးထားတဲ့   ဆေးတွေကို   ပုံမှန်သောက်ပါတယ်။ လူအသွားအလာနည်းတဲ့နေရာမှာ လမ်းပုံမှန်လျှောက်ပြီး အသက်ရှူ လေ့ကျင့်ခန်းလုပ်ပါတယ်။  ကာကွယ်ဆေး  နှစ်ကြိမ်  ထိုးနှံထားတဲ့ အတွက် လောလောဆယ်အထိတော့ အနည်းငယ် မောတာကလွဲလို့ ထူးခြားတဲ့ ခံစားမှုမျိုးမရှိပါဘူး။ ဒါဟာကာကွယ်ဆေး  ထိုးနှံထားလို့  ရောဂါရဲ့ ဘေးဒုက္ခပေးမှု သက်သာရတယ်လို့ ဆိုနိုင်ပါတယ်။ Quaran-tine Centre ကနေ ထွက်တဲ့အခါ Home Quarantine  ဆက်လက် ဝင်ရောက်ရပါတယ်။ Home Quarantine ရက်ပြည့်တဲ့အခါ  ရောဂါပိုး  ရှိ၊ မရှိ Test Kit နဲ့ နှစ်ကြိမ် စစ်ဆေးတဲ့အခါ Negative ဖြစ်နေ တာကို တွေ့ရလို့ ဝမ်းသာရတယ်။ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံခွင့် ရခဲ့တာကို ကျေးဇူးတင်မိတယ်။ ကာကွယ်ဆေးထိုးနှံခြင်းရဲ့ အကျိုးကျေးဇူးကြောင့် သာ ဆက်လက်အသက်ရှင်ရတယ်လို့ ဆိုနိုင်ပါတယ်။ 
ဦးမောင်မောင်ဦး (ဌာနဆိုင်ရာဝန်ထမ်း)
ကိုဗစ်-၁၉ ရောဂါ ကူးစက်တာကို လည်ပင်းစနာတာကနေ သတိ ထားမိတယ်။ အဲဒီနေ့က မိုးနည်းနည်းမိလိုက်တော့ အဖျားဝင်တယ်။  ဒါကြောင့် မသင်္ကာတာနဲ့ အလုပ်ကို နားလိုက်တယ်။ နောက်နေ့ ဆေးရုံ သွားပြီး   စစ်လိုက်တော့   Covid  Positive  ဖြစ်နေတာ  တွေ့တယ်။ ကျွန်တော်က   ကာကွယ်ဆေးထိုးထားတဲ့အတွက်    ကိုဗစ်ဖြစ်တော့ ရောဂါရဲ့လက္ခဏာကို   ပြင်းပြင်းထန်ထန်   မခံစားရဘူး။    တစ်ရက်၊ နှစ်ရက်တော့ဖျားတယ်။  ကျွန်တော် ၁၁ ရက် Quarantine ဝင်ခဲ့ရပြီး  Home Quarantine က ခုနစ်ရက် နေခဲ့ရတယ်။ Quarantine ဝင်နေတဲ့ အချိန်မှာ ကိုဗစ်ကာကွယ်ဆေးထိုးထားလို့လားတော့မသိဘူး ထူးထူး ခြားခြား မခံစားခဲ့ရဘူး။ ကာကွယ်ဆေးမထိုးနှံရသေးတဲ့ သူတွေကတော့ ဖျားတာ ကြာတယ်၊ အောက်ဆီဂျင်ထိုးကျတယ်၊ မောတယ်၊ ကျပ်တယ်၊ နုံးတယ်။ ဆေးထိုးပြီးသားသူတွေကတော့ အောက်ဆီဂျင် ကျပေမယ့် တအားကြီး ကျမသွားဘူးဆိုတာ တွေ့ရတယ်။ 
ကိုဗစ်ကာကွယ်ဆေး မထိုးရသေးတဲ့ အသက် ၁၈ နှစ်ပြည့်ပြီး  သူတိုင်းအနေနဲ့    အခွင့်အရေးရရင်ရသလို   ကာကွယ်ဆေး  ထိုးနှံစေ ချင်ပါတယ်။ ဆေးထိုးထားလိုက်ရင် ကိုဗစ်ပိုးဝင်ခဲ့ရင်လည်း ခံစားရတဲ့ နှုန်းက မထိုးရသေးတဲ့သူတွေထက် အများကြီးသာတယ်။ အောက်ဆီဂျင် တွေ ထိုးမကျနိုင်ဘူး၊ အသက်ရှူမကျပ်တော့ဘူး။ ကိုဗစ်ကဖြစ်တာနဲ့ မောမယ်၊ နုံးမယ်၊ ပျော့မယ်၊ အန်မယ်၊ ရက်ရှည်ဖျားမယ် စတဲ့လက္ခဏာ တွေကို တစ်ပြိုင်နက်တည်း ခံစားရတော့ ဆေးမထိုးထားရင်တော့ ခံစားရတာမလွယ်ဘူး။  ကျန်တာက ကိုယ်တိုင်အစားအသောက် ပုံမှန် စား၊ အိပ်ချိန်မှန်မှန်အိပ်၊ အားကစားပုံမှန်လုပ်တော့   ပုံမှန်အတိုင်း     ပြန်ကောင်းသွားတယ်။ ဒါကြောင့် လူတိုင်း  ကာကွယ်ဆေးထိုးစေချင် တယ်။  တချို့ကျတော့ ဆီးချို၊ သွေးချို၊ ရောဂါအခံတွေရှိတော့ ဆေးထိုး ရမှာကို ကြောက်ကြတယ်။ ဆေးရဲ့ သက်ရောက်မှုကို ကြောက်ကြတဲ့ အတွက် မထိုးချင်တဲ့ သူတွေလည်းရှိမှာပဲ။
ဒေါ်မြမြသိန်း (ကျန်းမာရေးဝန်ထမ်း)
ကျွန်မတို့က   လူသူအသွားအလာများတဲ့    ရထားဘူတာတွေမှာ တာဝန်ကျတဲ့အခါ လူအများနဲ့ထိတွေ့မှုရှိပါတယ်။ နှာခေါင်းတွေပိတ်၊ နှာတွေစေးလာပြီး နည်းနည်းဖျားလာတာနဲ့ ကိုယ့်ကိုယ်ကိုယ် သံသယ ဖြစ်လာတယ်။   အဲဒါကြောင့်  ဆေးရုံအုပ်ကြီးကို  ပြောပြပြီး   ကိုဗစ် စစ်တဲ့အခါ ဇူလိုင် ၈ ရက်နေ့မှာ Positive အဖြေထွက်ပါတယ်။ အဖြေ  ထွက်တဲ့အချိန်မှာ ဆေးရုံအုပ်ကြီးက ဆေးရုံမှာ တက်ရောက်ကုသ ရမယ်လို့ပြောတာနဲ့   လိုအပ်တဲ့ပစ္စည်းတွေကိုယူပြီး    လယ်ဝေးမြို့ ခုတင်-၁၀၀ ဆေးရုံကို ရောက်ရှိပါတယ်။ 
အဲဒီကနေတစ်ဆင့် ကိုဗစ်လူနာတွေထားတဲ့ စင်တာကို ရောက်ပါ တယ်။   ကိုဗစ်စင်တာကို   ရောက်ရောက်ချင်း      ဆရာဝန်တွေက သွေးပေါင်ချိန်နဲ့ သွေးတွင်းအောက်ဆီဂျင် တိုင်းပေးပြီး သောက်ရမယ့် ဆေးတွေကို  ခုနစ်ရက်စာ  ပေးပါတယ်။  ချောင်းဆိုးတာတော့ နှစ်ရက် လောက် ဖြစ်ပြီး အနံ့စပျောက်ပါတယ်။ စင်တာမှာ မနက်စောစောမှာ  နေပူဆာလှုံတယ်။ သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေလုပ်တယ်။ အသက်ရှူလေ့ကျင့်ခန်းလုပ်တယ်။ ရေကိုတော့ တစ်ရက်ခြားချိုးပါတယ်။ နောက်ပြီး အိပ်ရေးဝအောင်အိပ်တယ်။ အစားကို ပုံမှန်စားပြီး အားဆေး တွေသောက်တဲ့အခါ သုံးရက်အတွင်း အနံ့ပြန်ရလာပါတယ်။ ပြင်းထန် တဲ့ ဝေဒနာခံစားလိုက်ရတာတော့ မရှိပါဘူး။
ကိုဗစ်ကို တိုက်ထုတ်နိုင်တာကတော့ ကိုဗစ်ကာကွယ်ဆေးနှစ်ကြိမ်  ထိုးထားတဲ့ အတွက်ကြောင့် ရောဂါပြင်းထန်စွာ မခံစားလိုက်ဘူးလို့ ကျွန်မထင်ပါတယ်။ ကိုဗစ် ရောဂါပျောက်ကင်းပြီး ၂၂ ရက်မြောက်မှာ Antibody   စစ်တဲ့အခါ   Antibody    ရလဒ်ကောင်းကောင်းထွက်တဲ့ အတွက် ပျော်ပါတယ်။   ကိုဗစ်ကာကွယ်ဆေးထိုးထားတဲ့  သူတွေက  ကိုဗစ်ရောဂါ   ကူးစက်ခံရရင်တောင်   ဆိုးဆိုးရွားရွား    မခံစားရဘူး။ ဖျားတာတော့  ဖျားမယ်။ ချောင်းအနည်းငယ်ဆိုးမယ်။ ကျွန်မကတော့ အနံ့ပျောက်တာတောင်    သုံးရက်ပဲကြာပါတယ်။     ကျွန်မနေခဲ့ရတဲ့ စင်တာမှာ ကိုဗစ်လူနာ ၁၈ ဦး ရှိပါတယ်။ ကိုဗစ်ကာကွယ်ဆေး မထိုး ရသေးဘဲ ကိုဗစ် ကူးစက်ခံထားရတဲ့ လူနာတွေကိုလည်း တွေ့ရတယ်။ 


သူတို့မှာ အသက်ရှူကျပ်ပြီး အောက်ဆီဂျင်ပေးရတဲ့အထိ ဖြစ်ပါတယ်။ ကိုဗစ်ပျောက်ကင်းပြီး  ကိုယ့်ကိုယ်ကိုယ် အဆုတ်ရင်ခေါင်း ဓာတ်မှန် ရိုက်ကြည့်တဲ့အခါ  အဆုတ်ထဲကို   ကိုဗစ်ပိုး  လုံးဝမဝင်သွားဘူးဆိုတဲ့  အဖြေထွက်လာတာကတော့       ကိုဗစ်ကာကွယ်ဆေးထိုးထားတဲ့  ကောင်းကျိုးလက္ခဏာပဲ   ဖြစ်ပါတယ်။  ဒါကြောင့်  ပြည်သူတိုင်းကို  အခွင့်အရေးရရင်  ကိုဗစ်ကာကွယ်ဆေးထိုးကြဖို့ အမြဲတမ်းတိုက်တွန်း ဖြစ်ပါတယ်။ ကိုဗစ်ကာကွယ်ဆေးထိုးဖို့ မကြောက် ကြပါနဲ့။   ယုံကြည်မှု ရှိရှိနဲ့ထိုးကြပါ။ နိုင်ငံတော်ကနေ ဆေးထိုးတဲ့လုပ်ငန်းစဉ်တွေ    လုပ်ပေး နေတဲ့အချိန်မှာ ပြည်သူဘက်ကလည်း ပူးပေါင်းပြီး ကာကွယ်ဆေးကို ထိုးပေးကြပါလို့ တိုက်တွန်းချင်ပါတယ်။ 
ကိုဗစ်ကာကွယ်ဆေးထိုးထားတဲ့အတွက် ကျွန်မကိုယ်တိုင် ကိုဗစ် ကူးစက်ခံခဲ့ရတာတောင်    ခံနိုင်ရည်ရှိပြီး  အမြန်ပျောက်ကင်းလို့ လုပ်ငန်းခွင်မှာ ပြန်လည်တာဝန်ထမ်းဆောင်နေပါပြီ။ ကျွန်မတို့ကတော့ အခုအချိန် လုပ်ငန်းခွင်မှာ အလုပ်နှစ်ဆ ပိုလုပ်နေရတဲ့အတွက် စိတ်ရော၊ လူရောပင်ပန်းပါတယ်။ကျွန်မတို့ ဒီအလုပ်ကို ဝါသနာလည်းပါတယ်၊ ချစ်လည်းချစ်တဲ့အတွက်  ပြည်သူအတွက်ကို  ပေးဆပ်မယ်လို့  ခံယူ ထားပါတယ်။ 
မအေးသက်ခိုင်(ကျန်းမာရေးဝန်ထမ်း)
ကိုဗစ်ကူးစက်ခံရပြီး ပျောက်ကင်းလာတာ တစ်လရှိပါပြီ။ ကျွန်မက ကိုဗစ်လူနာတွေကို  ၂၄  နာရီ အလှည့်ကျစောင့်ကြည့်ပေးရပါတယ်။ လူနာတွေနဲ့ ထိတွေ့မှုရှိတဲ့အတွက် နှာစေးပြီး ဖျားပါတယ်။ အဖျားက နည်းနည်းကျပြီး ချောင်းဆိုးနေတဲ့အတွက် စစ်ကြည့်လိုက်တဲ့အခါ Positive   ထွက်ပါတယ်။  Positive  အဖြေထွက်တဲ့အချိန်မှာလည်း စိတ်ဓာတ်ကျ၊ စိတ်အားငယ်တာတွေတော့ မရှိပါဘူး။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားတွေ စားတယ်။ အိပ်ရေးဝအောင် အိပ်တယ်။  သင့်တင့် တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်တယ်။ ကိုယ်ဝါသနာပါတဲ့ ကျန်းမာ ရေးစောင့်ရှောက်ပေးရတဲ့အလုပ်နဲ့   ပြည်သူတွေရဲ့  ကျန်းမာရေးကို တတ်နိုင်တဲ့ဘက်ကနေ   ပေးဆပ်မယ်လို့   ခံယူထားပြီး  ရောဂါကို တိုက်ထုတ်ခဲ့တာပါ။ အခုဆိုရင် ရောဂါပျောက်ကင်းလို့ တာဝန်တွေကို ပြန်လည်ထမ်းဆောင်နေပါပြီ။ 
ကိုဗစ်ရောဂါ ကူးစက်ခံရပေမယ့်လည်း ကိုဗစ်ကာကွယ်ဆေးထိုး ထားတဲ့အတွက် ဆေးရဲ့အာနိသင်ကြောင့် ပြင်းထန်စွာ ခံစားလိုက် ရတာတော့ မရှိဘူး။   သာမန်လက္ခဏာလေးတွေပဲ  ဖြစ်တယ်။  ကျွန်မ နေခဲ့တဲ့ ကိုဗစ်စင်တာမှာ ကိုဗစ်ကာကွယ်ဆေးကိုလည်း မထိုးထားတဲ့ အပြင် ဆီးချို၊ သွေးတိုးရောဂါအခံရှိတဲ့  လူနာတွေမှာ  ပြင်းထန်စွာ ခံစားရတာကို  တွေ့ရပါတယ်။  တချို့ဆိုရင်  အသက်ဆုံးရှုံးရတဲ့အထိ တွေ့ရပါတယ်။ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးထားရင် ရောဂါကူးစက်ခံခဲ့ ရရင်လည်း ရောဂါရဲ့ ၈၀ ရာခိုင်နှုန်း ကာကွယ်ပေးကြောင်း သိရပါတယ်။ ကိုဗစ်ကာကွယ်ဆေးကို အခွင့်အရေးရရင်ထိုးကြပါလို့ တိုက်တွန်း လိုပါတယ်။                                တွေ့ဆုံမေးမြန်း - ဟန်မင်း