
ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာ အစီအစဉ်
ထက်လျှံ
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ စက်တင်ဘာ ၃ ရက် ည ၈ နာရီ သတင်းအပြီးတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာ အစီ အစဉ်ကို ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။
အစီအစဉ်မှူး။ ။ နိုင်ငံတစ်ဝန်း ကိုဗစ် - ၁၉ တတိယလှိုင်း ဖြစ်ပွားနေတာနဲ့ ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ ကျန်းမာရေးဌာန ကျန်းမာရေးအသိပညာမြှင့်တင် ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာ သန်းနိုင် စိုးနဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။
ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ဆောင်ရွက်နေမှုတွေကို ပြောကြား ပေးပါဦး။
ဒေါက်တာသန်းနိုင်စိုး ။ ။ ယနေ့ တင်ပြဆွေးနွေး သွားမယ့် အကြောင်း အရာက ကိုဗစ် တတိယလှိုင်းကာလမှာ ကြုံခဲ့ရတဲ့ အနေအထားနဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဆောင် ရွက်ချက်တွေကို အကျဉ်းချုံးပြီး တင်ပြသွားမှာ ဖြစ်ပါတယ်။
ကူးစက်ရောဂါနှိမ်နင်းရေး သဘောတရားအရ ရောဂါကို တက်သည်ထက် တက်မလာနိုင်အောင် အားလုံးပါဝင်ပူးပေါင်းဆောင်ရွက်ပြီး ရောဂါ ကွင်းဆက်ပြတ်တောက်အောင် ဖိအားပေးရပါ တယ်။ ဖိထားတဲ့အင်အားကောင်းတာနဲ့အမျှ ရောဂါ ဖြစ်ပွားမှုတွေ အရှိန်အဟုန်နဲ့တက်နေတာက ဦးကျိုးကျလာပါမယ်။ ထောင်တက်နေတဲ့ ဂရပ်ကြီး က ဦးကျိုးကျပြီး ပြားလာပါမယ်။ ပြားတာကနေ ပြီး ဆက်ပြီးဖိရင် အောက်ကိုစိုက်ပြီးကျလာမယ့် နောက်ဆုံး ပြားပြားဝပ်သွားမှာ ဖြစ်ပါတယ်။ ဒီလို ပြားပြားမဝပ်ခင်ကာလမှာ ဖိထားတဲ့အားတွေကို ရုတ်တရက်လျှော့ချလိုက်ရင် အောက်ကို စိုက်နေ တာကနေ အရှိန်အဟုန်နဲ့ပြန်ကန်ပြီး တက်တဲ့ သဘောလည်းရှိပါတယ်။ ဒါက ကူးစက်ရောဂါ ထိန်းချုပ်တဲ့ နိယာမတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် အခုလိုရောဂါဖြစ်ပွားနှုန်း ကျဆင်းလာပေမယ့် သတိကြီးကြီးထားစောင့်ကြည့်ပြီး ကာကွယ်ရေး နည်းလမ်းတွေ ဆက်လက်လိုက်နာကြဖို့ လိုအပ် တာဖြစ်တဲ့အကြောင်း ရှေးဦးစွာတင်ပြလိုပါတယ်။
ဆက်လက် ဆွေးနွေးမယ့်အကြောင်းအရာက ကျန်းမာရေးဝန်ကြီးဌာနအပါအဝင် တစ်ကမ္ဘာ လုံးမှာရှိတဲ့ ကျန်းမာရေးဆိုင်ရာ အဖွဲ့အစည်းတွေ အနေနဲ့ ထုတ်ပြန်ထားရှိတဲ့ ကိုဗစ် - ၁၉ ရောဂါနဲ့ ပတ်သက်တဲ့အချက်တွေဖြစ်ပါတယ်။ ကိုဗစ် - ၁၉ ရောဂါ စဖြစ်တဲ့အချိန်ကတည်းက ကိုဗစ်-၁၉ ရောဂါရဲ့ အားနည်းချက်တွေ၊ ကိုဗစ် - ၁၉ ရောဂါ ဘာကိုကြိုက်လဲ၊ ဘာကိုကြောက်လဲ ထုတ်ပြန် ထားရှိတဲ့ အချက်တွေ ဖြစ်ပါတယ်။
ကိုဗစ် - ၁၉ ရောဂါက သူကြိုက်တာတွေလုပ်ရင် သူက ပွားသထက် ပိုပြီးပွားများလာမယ့် အနေ အထားပါ။ ကိုဗစ် - ၁၉ ရောဂါပိုးရဲ့ အားနည်းချက် တွေ တစ်နည်းအားဖြင့် သူကြောက်တဲ့အရာတွေကို ပြည်သူတစ်ဦး၊ တစ်ယောက်ချင်းစီက သိဖို့လိုပါ တယ်။ ဒါမှ တစ်ဦးတစ်ယောက်ချင်းစီက ကိုဗစ်- ၁၉ ရောဂါ ကြောက်တာတွေကိုသိပြီး ကျွန်တော်တို့ စုပေါင်းပြီး သူ့ကိုအနိုင်ယူနိုင်မှာပါ။
ကိုဗစ် - ၁၉ ရောဂါကြောက်တဲ့အရာ နံပါတ် တစ်က လူတွေ Mask တပ်ရင် ကြောက်ပါတယ်။ လူတွေ Mask တပ်ရင် ဘာလို့ကြောက်လဲဆိုတော့ လူတွေ Mask တပ်ထားရင် ခုနပြောတဲ့ ရောဂါပိုး တွေက တစ်ယောက်နဲ့တစ်ယောက်နဲ့ အလွယ်တကူ ကူးစက်လို့မရဘူး။ ရောဂါပိုးပါဝင်တဲ့ အစက်အမှုန် တွေက ရောဂါရှိသူ သာမန်အသက်ရှူထုတ်ချိန်မှာ အနီးပတ်ဝန်းကျင် ငါးပေကျော်၊ ချောင်းဆိုးလိုက်ရင် တစက္ကန့်ကို ၃၃ ပေ အရှိန်နဲ့ထွက်ပြီး အနီးပတ်ဝန်း ကျင် ခြောက်ပေခွဲကျော်၊ နှာချေလိုက်တဲ့အချိန်မှာ တစ်က္ကန့်ကို ၁၆၄ ပေ အရှိန်နဲ့ထွက်ပြီး အနီးပတ်ဝန်း ကျင် ၁၉ ပေခွဲ ကျော်ကျော်အထိကို သူက ရောက်နိုင် ပါတယ်။ နှာချေလိုက်ရင် အရှိန်နဲ့ ပိုပြီးထွက်ပါတယ်။ ဒါပေမယ့် Mask တပ်ထားရင် အစက်အမှုန်အများစု က Mask ထဲမှာပဲရှိမယ်၊ တစ်ဖက်လူဆီကို ရောက်ဖို့ အလွန်ခက်ခဲသွားမယ်၊ တစ်ဖက်လူက Mask တပ်ထားပြီး ကာကွယ်နေမယ်ဆိုရင် ကူးစက် ဖို့ အလွန်နည်းသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုဗစ်ကြောက်တဲ့အရာ နံပါတ် ၁ က Mask တပ်ခြင်း ဖြစ်ပါတယ်။
နံပါတ် ၂ အချက်က ကိုဗစ် - ၁၉ ရောဂါက လူတွေ စနစ်တကျလက်ဆေးရင် ကြောက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ခုနက အသက်ရှူထုတ်လိုက် ရင် ကူးတာမျိုးက တစ်ဖက်လူရဲ့ နှာခေါင်း၊ ပါးစပ်ထဲ ကို တိုက်ရိုက်ဝင်စေတာပါ။ နှစ်ဖက်စလုံး Mask တပ်ထားတာနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ လိုက်နာရမယ့် ကျင့်ဝတ်တွေကို လိုက်နာတာ၊ ဖြစ်နိုင်ရင် Face Shield ကိုပါ တပ်ထားတာတွေက တဖက်လူဆီကို ဆက်လက်ကူးစက်ဖို့ နည်းသွား စေပါတယ်။ နောက်ထက် ကူးစက်နိုင်တဲ့နည်းလမ်း က စကားပြောတဲ့အခါ၊ နှာချေ၊ ချောင်းဆိုးတဲ့အခါ ထွက်လာတဲ့ အစက်အမှုန်တွေက အနီးပတ်ဝန်းကျင် မှာရှိတဲ့ အရာဝတ္ထုတွေမှာ ကပ်တင်နေတတ်ပါတယ်။ ဒီအရာဝတ္ထုတွေမှာ ကပ်တင်နေတဲ့ အစက်အမှုန် တွေကို တခြားတစ်ယောက်ကကိုင်မိပြီး မိမိရဲ့ နှာခေါင်း၊ ပါးစပ်၊ မျက်လုံးကို လက်မဆေးဘဲ မတော်တဆ ဆက်ကိုင်မိလိုက်ရင် ဒီပိုးက ဝင်သွား မှာ ဖြစ်ပါတယ်။ ဒီပိုးရဲ့ အားနည်းချက်က သူ့ခန္ဓာ ကိုယ်အခွံမှာ အဆီလွှာရှိတယ်။ ဒီအဆီလွှာက ဆပ်ပြာမော်လီကျူးနဲ့ တွေ့တဲ့အခါ မခံနိုင်ပါဘူး။ ဆပ်ပြာမော်လီကျူးက အဆီလွှာကို ထိုးဖောက်ပြီး ရေနဲ့လောင်းချလိုက်တဲ့အခါ ခွဲချလိုက်သလို ဖြစ်တဲ့ အတွက် ဗိုင်းရပ်စ်ကို အပိုင်းပိုင်းအစစကို ပျက်စီး သွားစေပါတယ်။ ဒါပေမယ့် လက်ဆေးတဲ့အခါ လျှို့ဝှက်ချက်က အနည်းဆုံး စက္ကန့် ၂၀ ကြာအောင် စနစ်တကျ နှံ့နှံ့စပ်စပ် ဆေးဖို့လိုပါတယ်။
နောက်သူကြောက်တာတစ်ခုက လူတွေ တစ်ယောက်နဲ့တစ်ယောက် တတ်နိုင်သမျှ ခပ်ခွာခွာ (ခြောက်ပေလောက်) နေမယ်ဆိုရင် တစ်ယောက်နဲ့ တစ်ယောက် သူက ဆက်တိုက်ကူးနိုင်ဖို့ အခွင့် အလမ်း အတော်နည်းသွားမယ်။ Mask တပ်တာ၊ လက်ဆေးတာနဲ့ ခပ်ခွာခွာနေတာကို တွဲလိုက်ရင် ဗိုင်းရပ်စ် ဝင်ရောက် ကူးစက်နိုင်မယ့်အခွင့်အလမ်း မရှိသလောက်နည်းသွားပါတယ်။ ဒီဗိုင်းရပ်စ်က တစ်ဦးကနေ တခြားသူတစ်ဦးကို ကူးချင်ပေမယ့် လူချင်းနေရာကွာခြားနေတဲ့အခါ ဘယ်လိုမှ ဝင်ပြီး ကူးလို့မရတော့တဲ့ အနေအထားဖြစ်ပါတယ်။ အဲဒီအချိန်မှာ ရောဂါရှိတဲ့သူရဲ့ ခုခံအားစနစ်ကနေ ဒီဗိုင်းရပ်စ်ကို သတ်ဖြတ်လိုက်ရင် ဗိုင်းရပ်စ်က အဲဒီ ရောဂါရှိတဲ့သူရဲ့ ခန္ဓာကိုယ်ထဲမှာ သေဆုံးသွားမယ်။ ဒါကလည်း ၁၀ ရက်၊ ၁၁ ရက်ဆို တခြားသူကို ကူးနိုင်တဲ့အခွင့်အလမ်းမရှိလောက်အောင် နည်း သွားပြီ။ ဒီ ခြောက်ပေအကွာ ခပ်ခွာခွာနေတာကို လည်း ကိုဗစ် - ၁၉ က တော်တော်ကြောက်ပါတယ်။
နောက်နံပါတ် ၄ အနေနဲ့ ကိုဗစ်-၁၉ က လေဝင်လေထွက် ကောင်းတဲ့နေရာတွေကို ကြောက် ပါတယ်။ လေဝင်လေထွက်ကောင်းရင်၊ အထူးသဖြင့် မျက်နှာချင်းဆိုင်ပြတင်းတံခါးတွေ ဖွင့်ထားတာ မျိုး ဖြတ်ဝင် လေဝင်လေထွက် (Cross ventilation) ကောင်းရင် လူတစ်ဦးကနေ တစ်ဦးထံ ဝင်ရောက် ကူးစက်ဖို့ခက်ခဲလို့သူက ကြောက်ပါတယ်။
နံပါတ် ၅ က လူတွေသတိရှိရင် ကြောက်ပါတယ်။ ဘာကြောင်လဲဆိုတော့ လူတွေရဲ့ သတိတရားက ကာကွယ်ထားမယ်၊ ခုနပြောခဲ့တဲ့ ကာကွယ်ရေး နည်းလမ်းတွေကို လူတွေက စနစ်တကျ ကျင့်သုံး မယ်၊ သတိရှိမယ်ဆိုရင် ဗိုင်းရပ်စ်က ကြောက်ပါ တယ်။ ဗိုင်းရပ်စ်ရဲ့ သဘောက အနံ့၊ အရသာ မရှိဘူး၊ ရုပ်အဆင်းမမြင်ရဘူး။ နားနဲ့ မကြားရဘူး။ ဗိုင်းရပ်စ် ဝင်သွားတာကို ထိတွေ့ပြီးသိတဲ့ အာရုံလည်းမရှိ ဘူး။ ကျွန်တော်တို့ ခန္ဓာကိုယ်မှာ တည်ဆောက် ထားတဲ့ အာရုံခံတဲ့ အစိတ်အပိုင်းတွေ အကုန်လုံးကို သူက ကျော်ဖြတ်နိုင်တယ်။ သူရှိနေမှန်း၊ မရှိနေမှန်း မသိရတဲ့ အနေအထားပါ။ ဒါပေမယ့် သူ့ကို ရှိမှန်း သိတာက ကျွန်တော်တို့ခေါင်းထဲက အသိဉာဏ်ပညာ ဖြစ်ပါတယ်။ အသိဉာဏ်ပညာတရားနဲ့ သတိထား ပြီး ကာကွယ်ရေးနည်းလမ်းတွေ စနစ်တကျလိုက်နာ တာကို သူကကြောက်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
နံပါတ် ၆ က စနစ်တကျ ကာကွယ်ထိန်းချုပ်ရေးနည်းလမ်းတွေနဲ့ ကူးစက်ရောဂါထိန်းချုပ်ရေး အတွက် ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်း သူအတော်ကြောက်ပါတယ်။ အားလုံးစုပေါင်းပါဝင် ပြီး စနစ်တကျ ကာကွယ်ရေးနည်းလမ်းတွေကို လိုက်နာခြင်း၊ ကာကွယ်ဆေးထိုးခြင်း ဒီဟာတွေ ပူးပေါင်းဆောင်ရွက်တာကို ဗိုင်းရပ်စ်က အတော် ကြောက်ပါတယ်။
နောက်ဆုံး နံပါတ် ၇ ဗိုင်းရပ်စ်အကြောက်ဆုံး အရာက လက်ရှိ ဆေးသိပ္ပံပညာရပ်အနေနဲ့ ဒီဗိုင်းရပ်စ်ကို သိနိုင်တာ၊ သူ့ရဲ့သဘောသဘာဝနဲ့ အားနည်းချက်တွေကိုသိရတာ ဆေးသိပ္ပံပညာရပ် ကြောင့် သိရခြင်းဖြစ်ပါတယ်။ နောက်တစ်ခုက ဆေးသိပ္ပံပညာရပ်ရဲ့ အသီးအပွင့်တွေနဲ့ ပေါ်ထွက် လာတဲ့ ကာကွယ်ဆေးတွေ၊ ကုသဆေးလိုမျိုးတွေ၊ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေ ဒါတွေကို ဗိုင်းရပ်စ်က ကြောက်ပါတယ်။ ဗိုင်းရပ်စ်ရဲ့ အားနည်း ချက်တွေနဲ့ ဗိုင်းရပ်စ်ကြောက်တဲ့အရာတွေကို သိရင် ကာကွယ်ရေးတွေ များများလုပ်ရင် ဒီဗိုင်းရပ်စ်ကို လူသားတွေအနေနဲ့ မနိုင်စရာ မရှိပါဘူးဆိုတာကို ပြောကြားလိုပါတယ်။
ဗိုင်းရပ်စ်ကြိုက်တဲ့အရာတွေ ရှိပါတယ်။ ဒါတွေ က အစားအသောက်ကို စုရုံးစားသောက်ကြတာ မျိုးကို အလွန်ကြိုက်ပါတယ်၊ စုရုံးစားသောက်ရင် Mask လည်း ချွတ်ရတယ်၊ စကားလည်း နီးနီးကပ်ကပ် ပြောကြမယ်၊ တစ်ဦးနှင့်တစ်ဦး မျှဝေစားသောက် ကြမယ်ဆိုတော့ သူ့အကြိုက်ဖြစ်ပါတယ်၊ နောက် တစ်ခုက မဖြစ်မနေ လူစုလူဝေးနဲ့ လုပ်ကိုင်နေရတဲ့ ဆေးရုံ၊ ဈေး၊ ဘဏ်တို့ကို သူကြိုက်ပါတယ်။ ဒီလို နေရာမျိုးတွေမှာ ကာကွယ်ရေးနည်းလမ်းတွေ အားနည်းသွားတာနဲ့ သူက ဝင်ဖို့စောင့်နေပါတယ်။
နောက်တစ်ခုက အကာအကွယ်တွေမယူဘဲ ခရီးသွားတာတွေက တစ်နေရာကနေတစ်နေရာ ပြန့်ဖို့အတွက် လွယ်ပါတယ်။ တစ်နိုင်ငံပြီး တစ်နိုင်ငံ ပျံ့နှံ့သွားတာက ဒီလိုမျိုး အကာအကွယ်တွေကို စနစ်တကျမသုံးဘူး။ တစ်နေရာကတစ်နေရာ ခရီး သွားတဲ့အခါ ကွာရန်တင်း စနစ်တကျမဝင်ဘူး၊ စနစ် တကျ ဓာတ်ခွဲစစ်ဆေးတာတွေ မလုပ်ဘူးဆိုရင် ဒါမျိုးတွေကိုကြိုက်ပါတယ်။ နောက်တစ်ခု သူကြိုက် တာက လူတွေအနေနဲ့ ကာကွယ်ရေးနည်းလမ်းတွေ ကို လိုက်နာကျင့်သုံးချင်ပေမယ့် ကာကွယ်ရေး ပစ္စည်းတွေမရှိတာမျိုး၊ ကာကွယ်ဆေးထိုးတာ အားနည်းတာမျိုးတွေကို ကြိုက်တယ်။ နောက် ဗိုင်းရပ်စ်အကြိုက်ဆုံးက မည်သူမဆို ကိုဗစ် စည်းကမ်းတွေကို ဖောက်တယ်ဆိုရင် သူ့အနေနဲ့ ဝင်မှာ ဖြစ်ပါတယ်။
လူတိုင်း ကိုဗစ် - ၁၉ ရောဂါရဲ့ ကြောက်ရတာနဲ့ ကြိုက်တတ်တာတွေကို သိမယ်ဆိုရင် ကိုဗစ် - ၁၉ ရောဂါသည် အရမ်းစိုးရိမ်ထိတ်လန့်ပြီး ကြောက်နေ ရမယ့် ရောဂါမဟုတ်ဘူး၊ သတိထားပြီး ကာကွယ် ရမယ်။ ကာကွယ်လို့လည်းရတယ်၊ သူ့မှာ အားနည်း ချက်တွေ အများကြီးရှိတယ်ဆိုတာကို တစ်ဦး တစ်ယောက်ချင်းအနေနဲ့ သိရှိထားဖို့လိုပါတယ်။ အားလုံးကိုယ်စီ သိရှိလိုက်နာကြမယ်ဆိုရင် အခု တတိယလှိုင်းလည်း မြန်မြန်ပြီးဆုံးမယ်။ နောက်ထပ် လှိုင်းတွေကိုလည်း ကာကွယ်နိုင်မှာဖြစ်ပါတယ်။
နိုင်ငံတော်အဆင့်ရဲ့ ဦးဆောင်မှုနဲ့ လမ်းညွှန်မှု၊ အားပေးမှုတွေက တတိယလှိုင်း ကျဆင်းလာရေး မှာ အရေးကြီးဆုံးလို့ ပြောလို့ရပါတယ်။ ကျန်းမာရေး ဝန်ကြီးဌာနဆိုတာ အစိုးရဝန်ကြီးဌာနတစ်ခု ဖြစ်ပါ တယ်။ နိုင်ငံတော်က ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီအနေနဲ့ တောက်လျှောက်လမ်းညွှန်မှုတွေပေးတယ်၊ ပံ့ပိုး ပေးတယ်။ နိုင်ငံတော်က ဖွဲ့စည်းပေးတဲ့ ကိုဗစ် - ၁၉ ထိန်းချုပ်တုံ့ပြန်ရေးကော်မတီတွေက ဗဟိုအဆင့် ကနေ တိုင်းဒေသကြီး/ပြည်နယ်၊ မြို့နယ်၊ ရပ်ကွက်/ ကျေးရွာအထိ အဆင့်ဆင့်ရှိပါတယ်။ တတိယလှိုင်း ကျဆင်းလာဖို့အတွက် ဦးဆောင် လမ်းညွှန်ပေးမှုတွေ ပူးပေါင်းဆောင်ရွက်မှုတွေ၊ ပေါ်လစီဆိုင်ရာ အားပေး ထောက်ကူမှု ပံ့ပိုးပေးမှုတွေက အပြည့်အဝ ရရှိပါ တယ်။ နှီးနွှယ်ဝန်ကြီးဌာနတွေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေ၊ အလှူရှင်တွေ၊ စေတနာ့ ဝန်ထမ်းတွေ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ အဓိက အရေးကြီးဆုံးဖြစ်တဲ့ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင် မှုတွေ အများကြီးတွေ့ရပါတယ်။ နောက်မိတ်ဆွေ နိုင်ငံတွေဖြစ်တဲ့ ကာကွယ်ဆေးတွေ လှူဒါန်း ရောင်းချပေးတဲ့နိုင်ငံတွေရှိပါတယ်၊ အိမ်နီးချင်းနိုင်ငံ တွေကနေ ဆေးဝါးတွေ တင်သွင်းပေးတာတွေ၊ အောက်ဆီဂျင်တွေ ပေးပို့ပေးတာတွေ၊ အလှူရှင် နိုင်ငံ တွေလည်း အများ ကြီးရှိပါတယ်။ တတိယလှိုင်း ကျဆင်းလာရေးမှာ ကျေးဇူးတင်ရမယ့်သူ အားလုံး ကို ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။
(ဆက်လက်ဖော်ပြပါမည်)