စွန့်ကြဲပေးကမ်းလှူဒါန်းခြင်းသည် မင်္ဂလာမည်၏။

Type

မိမိထက် ဂုဏ်အားဖြင့်နိမ့်သူ၊ ပစ္စည်းဥစ္စာချို့တဲ့သူ၊ အသက်အားဖြင့်ငယ်သူများကို ပေးသည့်အခါ စွန့်ကြဲသည်၊ ပေးကမ်းသည်ဟု သုံးပါသည်။ မိမိ မိတ်ဆွေ၊ သူငယ်ချင်း၊ ဆွေမျိုး၊ မိမိနှင့် ဂုဏ်တူသူများအတွက်ဆိုလျှင် ပေးကမ်းသည်ဟုသာ သုံးပါသည်။ မိမိထက် ဂုဏ်အားဖြင့်ကြီးသူ၊ အသက်အားဖြင့်ကြီးသူများကို ပေးသည့်အခါ လှူဒါန်းသည်ဟု သုံးပါသည်။ ထိုနည်းတူ သာသနာထွန်းကားပြန့်ပွားရန်လည်းကောင်း (ဥပမာ၊ ကျောင်း၊ သင်္ကန်း၊ ဆွမ်း၊ ဆေး လှူခြင်း) လူအများအကျိုးရှိရန်အတွက် လည်းကောင်း၊ (ဥပမာ၊ ရေတွင်း၊ ရေကန်၊ လမ်း လှူခြင်း) လှူသည်ကို လှူဒါန်းသည်ဟု သုံးပါသည်။ မင်းအစိုးရများက ပေးခြင်း၊ တရားဓမ္မများ ဟောကြားဆုံးမပေးခြင်းကို ချီးမြှင့်ထောက်ပံ့သည်ဟု သုံးပါသည်။ စွန့်ကြဲပေးကမ်းခြင်း၊ ပေးကမ်းခြင်း၊ လှူဒါန်းခြင်း၊ ချီးမြှင့်ထောက်ပံ့ခြင်းတို့သည် ဒါနဉ္စ ဖြစ်ပါသည်။
ဒါန သုံး မျိုး
ပထမ ဒါနကို   ဟီနဒါန ဟု  ခေါ်ပါ သည်။ မိမိပြုလိုက်သည့် အလှူကြောင့် ရရှိမည့်   နာမည်သတင်းကျော်စောမှု၊ ဂုဏ်ပကာသန၊ လူအများက ကောင်းချီး ပေးမှု  သို့မဟုတ်   အကျိုးကျေးဇူးရလိုမှု တစ်ခုခုကြောင့် လှူတန်းသည့် အလှူကို ဟီနဒါနဟု ဆိုရပါမည်။ ဤအလှူမျိုး သည်     ယခုခေတ်စကားနှင့် ဆိုလျှင် အဂတိတရားနှင့်ငြိသည့်  အလှူဟုပင် ပြော၍ရပါသည်။ မိမိအကျိုးကိုမျှော်၍ ပေးကမ်းလျှင်   အဂတိတရားလိုက်စား သည်ဟု    ဆိုရမည်သာ  ဖြစ်ပါသည်။ တစ်ချိန်က  ဖြစ်ခဲ့တာများလည်း ရှိပါ သည်။   အာဏာရှိသူ၊    ရာထူးရှိသူက အလှူအတန်းပြုလုပ်သည့်အခါ အကျိုး ကို မျှော်ကိုး၍  ပါဝင်လှူဒါန်းသည်များ ရှိခဲ့ပါသည်။ ဟီနဒါနသည် မစင်ကြယ် သောအလှူ ဖြစ်ပါသည်။
ပစ္စုပ္ပန်လောကီ  စည်းစိမ်ကောင်း ကျိုးချမ်းသာကို မျှော်မှန်းပြီး  လှူသည့် အလှူကို မဇ္ဈိမဒါနဟု ဆိုပါသည်။
မိမိလှူလိုက်သော  ဝတ္ထု၊  ပစ္စည်း အပေါ်တွင်  တွယ်တာ၊  တောင့်တသည့် စိတ်တို့   မဖြစ်ပေါ်အောင်  သတိတရား လက်ကိုင်ထား၍ သံသရာမှ   လွတ်မြောက် အောင် မျှော်ကိုး၍ လှူသည့် အလှူကို ပဏိတဒါန ဟု ဆိုပါသည်။
ပေးကမ်း       လှူဒါန်းသည့်အခါ စေတနာသည် အလွန်အရေးကြီးပါသည်။ ဝတ္ထုပစ္စည်း နည်းသည် များသည်ထက် လည်းကောင်း၊ တန်ဖိုးနည်းသည် များ သည်ထက်လည်းကောင်း   စေတနာက ပိုအရေးကြီးပါသည်။   “ညောင်စေ့ လောက် လှူသော်လည်း  ညောင်ပင်ကြီး လောက် ရသည်။ ညောင်ပင်ကြီးလောက် လှူသော်လည်း ညောင်စေ့လောက်သာရ သည်” ဆိုသော အဆိုသည် စေတနာ၏ အရေးပါပုံကို  ဖော်ပြနေပါသည်။  ငါးရာ့ ငါးဆယ်နိပါတ်တော်တွင်လည်း လှူဖွယ် ဝတ္ထုထက်   လှူလိုသော   စေတနာသာ ပဓာနဖြစ်သည်နှင့်    ပတ်သက်၍   ဗုဒ္ဓ မြတ်စွာဘုရားရှင်က ဒုဒ္ဒဒဇာတ်ကို ဟော ပါသည်။    ဘုရားရှင်လက်ထက်တွင် သာဝတ္ထိမြို့မှ သူကြွယ်သားနှစ်ယောက် သည် နှစ်ယောက်ပေါင်း၍ ဘုရားအမှူး ရှိသော သံဃာများအား  ခုနစ်ရက်တိုင် ဆက်ကပ်လှူဒါန်းရာတွင်  ဦးဆောင်သူ ဒါယကာသည် “အရှင်ဘုရား၊ ဤအလှူ တွင် အချို့ကများစွာပါဝင်၍  အချို့က အနည်းငယ်သာ ပါဝင်နိုင်ပါသည်။ သူတို့ အားလုံးသည်   ဤအလှူ၏  အကျိုးကို  အညီအမျှရကြပါသလား” ဟု လျှောက် ထားသောအခါ       ဗုဒ္ဓဘုရားရှင်က    အောက်ပါ     အတိတ်ဇာတ်ကြောင်းကို ဟောပါသည်။
ဇာတ်တော်မှာ - 
ဗာရာဏသီပြည်တွင်    ဗြဟ္မဒတ် မင်းကြီး ထီးနန်းစိုးစံစဉ် ဘုရားလောင်း သည် ပုဏ္ဏားမျိုးဖြစ်သည်။ အရွယ်ရောက် သောအခါ ရဟန်းပြု၍  ဟိမဝန္တာတော တွင်နေသည်။ ချဉ်၊  ဆား  မှီဝဲလိုသော အချိန် တပည့်များနှင့်  မင်းဥယျာဉ်တွင် နေထိုင်သည်။ နှစ်ရက်မြောက်သောနေ့ တွင် မြို့တွင်းသို့ ဆွမ်းခံဝင်ရာ ဒါယကာ များသည်  သဒ္ဒါတရားထက်သန်စွာဖြင့် ဆွမ်းများ လောင်းလှူသည်။  အသင်းအဖွဲ့ များ စုစည်း၍လည်း အလှူကြီးပေးကြ သည်။  နောက်ဆုံးနေ့တွင်   ဦးဆောင် ဒါယကာသည် အလှူ၏အကျိုးကို အညီ အမျှ ပြုပေးလေသည်။ ထိုအခါ  ဘုရား လောင်းရသေ့ကြီးက “ဒါယကာ၊ ကြည်ညို သဒ္ဓါစေတနာရှိခဲ့လျှင်  ဒါနသည်  နည်း သည်ဟူ၍ မရှိ”  ဆိုကာ အနုမောဒနာ ပြုလေသည်။
အောင်မြင်မှုရရှိရန်         ပေးကမ်း လှူဒါန်းရပါမည်။ လောကနိယာမအရ များများပေးမှ များများ ပြန်ရပါသည်။ ယူသူထက်     ပေးကမ်းသူဖြစ်အောင် ကြိုးစားရပါမည်။ ပေးကမ်းခြင်းအတွက် သာ ဂုဏ်ပြုလေ့ရှိပြီး ယူသည့်အတွက် ဂုဏ်ပြုခံရခြင်း  မရှိသည်ကို သတိပြုသင့် ပါသည်။ လူငယ်အများစုကလည်း မိမိမှာ ဥစ္စာဓန  ကြွယ်ဝမှသာ  လှူနိုင်တန်းနိုင် မည်ဆိုသည့်အတွေးကို   မရှိစေချင်ပါ။ ပစ္စည်းဥစ္စာပေးကမ်းမှ အလှူဒါနမြောက် သည် မဟုတ်ပါ။ မိမိအချိန်ကို ပေးလှူ၍ ရပါသည်။  မိမိလုပ်အားကို    ပေးလှူ၍ ရပါသည်။ မိမိသွေးကို လိုအပ်သူများကို လှူ၍ ရပါသည်။ မိမိ မျက်ကြည်လွှာကို လှူ၍ ရပါသည်။
ပရဟိတစိတ်ထား
ယနေ့ခေတ်တွင် လူငယ်တော်တော် များများ ပရဟိတလုပ်ငန်းတွေ လုပ်လာ ကြသည်ကို ဝမ်းမြောက်ဖွယ်  တွေ့ရပါ သည်။ ပရဟိတလုပ်ငန်းများ  လုပ်ခြင်း သည် ကောင်းပါသည်။ သို့သော် ပရဟိတ လုပ်ငန်းလုပ်ရန်အတွက် အလှူခံသည် ကိုတော့  အားမပေးလိုပါ။   လူငယ်များ အနေဖြင့် ကျောင်းနေစဉ်တွင် မိမိကိုယ် မိမိထူးချွန်အောင်သာ    စာကို  ကြိုးစား သင်စေလိုပါသည်။ မိမိက ထူးချွန်အောင် မြင်လာလျှင်   လူသားကောင်းကျိုးကို အများကြီး  လုပ်နိုင်ပါသည်။ လူငယ်များ ပရဟိတလုပ်ငန်း မလုပ်ရဟု  ဆိုလိုခြင်း မဟုတ်ပါ။ ကျောင်းပိတ်ရက်၊ ကျောင်း အားရက်များတွင်  လုပ်အားပေးခြင်း၊ ပညာဒါနပေးခြင်းတို့    ဆောင်ရွက်နိုင် ပါသည်။
ဖေ့စ်ဘွတ်ကို       တည်ထောင်သူ မတ်ဇူကာဘတ်သည် (Mark Zuck-erberg) သည် ၁၉၈၄ ခုနှစ်တွင် မွေးဖွား သူဖြစ်ပါသည်။   မတ်ဇူကာဘတ်သည် ကမ္ဘာ့အချမ်းသာဆုံး  ပုဂ္ဂိုလ်များ စာရင်း တွင်  ငါးယောက်မြောက် ဖြစ်ပါသည်။ အမေရိကန်ဒေါ်လာ   ၇၁  ဘီလီယံ ချမ်းသာပါသည်။  ၂၀၁၅  ဒီဇင်ဘာလ ၁ ရက်နေ့တွင်   မတ်ဇူကာဘတ်နှင့်ဇနီး ပရစ်ဆီလာချမ်းတို့    သမီးလေးရရှိပါ သည်။  သမီးလေး   မွေးသည့်နေ့တွင် ဖေ့စ်ဘွတ်ပိုင်ဆိုင်မှု၏ ၉၉ ရာခိုင်နှုန်းကို လှူမည်ဟု  မတ်ဇူကာဘတ်တို့   ဇနီး မောင်နှံက ကြေညာခဲ့ပါသည်။ လှူဒါန်း မည့်   ငွေပမာဏသည်   အမေရိကန် ဒေါ်လာ ၄၅ ဘီလီယံရှိပါသည်။ ကျန်းမာ ရေး၊ ပညာရေး၊ သိပ္ပံနှင့် ပတ်သက်သည့် သုတေသနလုပ်ငန်းများ၊   စွမ်းအင်နှင့် ပတ်သက်သည့် သုတေသနလုပ်ငန်းများ အတွက် လှူမည်ဟု ကြေညာခဲ့ပါသည်။ အမေရိကန်ဒေါ်လာ   ၄၅  ဘီလီယံ၏ ပမာဏကို နှိုင်းယှဉ်ပြရလျှင် မြန်မာနိုင်ငံ ရှိ    ဘဏ်များတွင်   အပ်နှံထားသော စုစုပေါင်း ငွေပမာဏသည်  အမေရိကန် ဒေါ်လာ ၁၂ ဘီလီယံခန့်သာ ရှိပါသည်။ မတ် ကြေညာခဲ့သည့်အတွက် မိုက်ကရို ဆော့ဖ်    တည်ထောင်သူ    သူဌေးကြီး ဘီလ်ဂိတ်ကလည်း      မတ်နှင့်အတူ လိုက်ပြီးလှူပါမည်ဟု ကတိကဝတ် ပြုခဲ့ ရပါသည်။  ကောင်းမှုတစ်ခု   စေတနာ ကောင်းသည့်အတွက်   ကောင်းမှုများ ဆက်တိုက် ဖြစ်ပေါ်လာခြင်းဖြစ်ပါသည်။ ထူးဆန်းသည်မှာ   မတ်သည် အေသီရစ်စ် (Atheist) ဟု မိမိကိုယ်မိမိ   ခံယူထား သူဖြစ်ပါသည်။ အေသီရစ်စ် ဆိုသည်မှာ ဘာသာတစ်ခုခုကို  ကိုးကွယ်ခြင်းမရှိသူ ဖြစ်ပါသည်။       မတ်ဇူကာဘတ်သည် ဘုရားမရှိသော်လည်း    တရားရှိသူဟု ဆိုရပါမည်။   ဤကဲ့သို့   အလှူကြီးကို လှူဒါန်းနိုင်ခြင်းမှာ မတ်ဇူကာဘတ်သည် ထူးချွန်အောင်မြင်သူဖြစ်၍ ဖြစ်ပါသည်။
လူငယ်များ    မိမိကိုယ်မိမိ  ထူးချွန် အောင်မြင်အောင် ကြိုးစားစေလိုပါသည်။ ထူးချွန်အောင်မြင်သူ    ဖြစ်လာလျှင် လောကကို ပိုမိုအလှဆင်နိုင်ပါမည်။
ဖိုးပီးစစ် (Four Pieces)  ဆိုသည့် မဂ္ဂဇင်းကြီးကလည်း    ကမ္ဘာပေါ်မှာ မြန်မာနိုင်ငံသည်  အလှူအတန်းလုပ်သည့် နေရာတွင် သုံးနှစ်ဆက်တိုက် ပထမနေရာ  တွင် ရပ်တည်ကြောင်း ဖော်ပြခဲ့ပါသည်။ လှူဒါန်းရတဲ့      အကြောင်းရင်းသည် ဘာသာရေးနှင့်    ဆက်နွှယ်နေမှုများ ရှိသည်။    နောင်ဘဝပိုမိုကောင်းရန် အတွက်ကို  သည်ဘဝမှာ   လှူဒါန်းကြ ခြင်းဖြစ်သည်ဟု   ရေးသားခဲ့ပါသည်။ ကမ္ဘာပေါ်တွင်   မြန်မာနိုင်ငံက   အလှူ အတန်းနှင့်   ပတ်သက်ပြီး  နံပါတ်တစ် ရသည်က  ဝမ်းသာစရာသတင်းပါ။ မရှိ ဆင်းရဲသားများကို ပေးကမ်းခြင်း၊ အများ အကျိုးကိုဖြစ်စေသော    အလှူများ (ဥပမာ။ ဆေးရုံ၊ စာသင်ကျောင်း၊ လမ်း တံတား...) ကိုလည်း   ပိုမိုလှူဒါန်းသင့်ပါ သည်။  ရေတွင်း၊ ရေကန်များကိုလည်း လှူဒါန်းသင့်ပါသည်။ နွေကာလများတွင် ရေရှားပါးသည့် အရပ်ဒေသများသို့ ရေ လှူခြင်းသည်လည်း  အလွန်အကျိုးများ ပါသည်။
ရေလှူရခြင်းကြောင့် အောက်ပါ ရေ အကျိုးဆယ်ပါးကို မတောင်းဘဲ ရပါ သည်။
၁။     လျင်မြန်ခြင်း၊ 
၂။     ဂုဏ်သတင်းကျော်ဇောခြင်း၊ 
၃။     စင်ကြယ်ခြင်း၊ 
၄။     မွတ်သိပ်မှုကင်းခြင်း၊ 
၅။     အခြွေအရံများခြင်း၊ 
၆။     အသက်ရှည်ခြင်း၊ 
၇။     အဆင်းလှခြင်း၊ 
၈။     ခွန်အားကြီးခြင်း၊ 
၉။     ဉာဏ်ပညာကြီးခြင်း၊ 
၁၀။ ချမ်းသာခြင်းတို့  ဖြစ်ပါသည်။
နိဂုံးချုပ်အနေနှင့် “ဒါနဉ္စ” စွန့်ကြဲ ပေးကမ်းလှူဒါန်းခြင်းသည်  မင်္ဂလာမည် ၏ ဟု မင်္ဂလာတရားတော်က ဆိုပါသည်။ ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ စေတနာသဒ္ဒါဖြင့် မိမိတတ်နိုင်သည့်အရာ ကို   စွန့်ကြဲပေးကမ်း  လှူဒါန်းမှသာ မင်္ဂလာတရားတော်နှင့်     ညီပါမည်။ စွန့်ကြဲပေးကမ်းလှူဒါန်းသူသည် မင်္ဂလာ တရားတော်နှင့်အညီ ချမ်းသာအောင်မြင် သူ ဖြစ်လာပါမည်။
“မှတ်သားစရာ”
အောင်မြင်မှုရရှိရန်   ပေးကမ်း လှူဒါန်းရပါမည်။ လောကနိယာမအရ များများပေးမှ များများပြန်ရပါသည်။ ယူသူထက်   ပေးကမ်းသူဖြစ်အောင် ကြိုးစားရပါမည်။

 

ကျမ်းကိုး 
၁။     ဇာတ်တော်    ငါးရာ့ငါးဆယ်။ မာဏဝ ပြုစုသည်။ 
၂။     ဒါနဒိ ဒီပနီ။ 
    လယ်တီ ဆရာတော်။
 

ကျော်ကျော်လှိုင်