
လှထွန်း (သမဝါယမ)
သမဝါယမလုပ်ငန်းသည် တစ်ဦး၊ တစ်စု၊ တစ်ဖွဲ့၏ အတ္တအကျိုးအတွက် ဦးတည်ဆောင်ရွက်နေသော စီးပွားရေးလုပ်ငန်းမျိုးမဟုတ်ပေ။ အများအကျိုးကို သယ်ပိုးဆောင်ရွက်နိုင်ရန် ဥပဒေ၊ နည်းဥပဒေများ ပြဋ္ဌာန်းလျက် မူဘောင်အတွင်းမှ ဆောင်ရွက်ရသော လူမှုစီးပွားရေးလုပ်ငန်း အမျိုးအစားဖြစ်၍ နိုင်ငံတော် အစီအစဉ်ဖြင့် ဝန်ကြီးဌာနဖွဲ့စည်းလျက် ပံ့ပိုးကူညီလမ်းညွှန်မှုပေးနေခြင်းဖြစ်သည်။ ၁၉၀၅ ခုနှစ်မှစ၍ မြန်မာနိုင်ငံတွင် ပြည်သူများ၏ ဆင်းရဲဒုက္ခမှ ကယ်တင်ရန် သမဝါယမပေါ်ပေါက်လာခြင်းဖြစ်ရာ ယခုဆိုလျှင် နှစ်ပေါင်း ၁၁၆ နှစ်တိုင်ခဲ့ပြီ ဖြစ်သည်။
မူဘောင်အတွင်းမှသာ ဆောင်ရွက်
သမဝါယမအသင်းများသည် တွေ့မြင်သမျှသော စီးပွားရေးလုပ်ငန်းများကို အထိန်းအကွပ်မဲ့ အမြတ် ရရှိရေးအတွက် ဆောင်ရွက်ခွင့်မရှိပေ။ အသင်းစတင် ဖွဲ့စည်းစဉ်ကပင် ရေးဆွဲအတည်ပြုထားသော “အသင်းစည်းကမ်း” စာအုပ်ပါ စီးပွားရေးလုပ်ငန်း အမျိုးအစားမူဘောင်အတွင်းမှသာ ဆောင်ရွက်ခွင့် ရှိပါသည်။ အသင်းနယ်နိမိတ်မှ အများပြည်သူတို့၏ လူမှု- စီးပွားရေးအကျိုးကို ရှေ့ဆောင်ရွက်ရသော စီးပွားရေး လုပ်ငန်းမျိုးဖြစ်၍ အတည်ပြုပြဋ္ဌာန်း ထားပြီးဖြစ်သည့် “ အသင်းစည်းကမ်း” ပါ ကုန် ထုတ်၊ ကုန်သွယ်ဝန်ဆောင်လုပ်ငန်း အမျိုးအစား ကိုသာ ဆောင်ရွက်ရခြင်းဖြစ်သည်။
သမဝါယမလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဥပဒေကို နိုင်ငံတော်မှ အတည်ပြုပြဋ္ဌာန်းပေးခြင်း၊ နည်းဥပဒေကို ဝန်ကြီးဌာနမှ ပြဋ္ဌာန်းပေးခြင်း၊ အသင်းတစ်သင်း၏ “အသင်းစည်းကမ်း” အား သမဝါယမဦးစီးဌာနမှ အတည်ပြုပြီးမှသာ သမဝါယမ လုပ်ငန်းများကို စတင်ဆောင်ရွက်ခွင့် ရှိမည်ဖြစ် သည်။ ယနေ့ မြန်မာနိုင်ငံရှိ သမဝါယမအသင်းများ သည် ယခင် ၁၉၇၀ ပြည့်နှစ် သမဝါယမအသင်းဥပဒေ ကို ပယ်ဖျက်ပြီး အပြည်ပြည်ဆိုင်ရာ သမဝါယမမူနှင့် ညီညွတ်စွာ ရေးဆွဲထားသော ၁၉၉၂ ခုနှစ် သမဝါယမ အသင်းဥပဒေ၊ ၂၀၁၃ ခုနှစ် သမဝါယမ နည်းဥပဒေများနှင့်အညီ အသင်းအမျိုးအစား အလိုက် မိမိတို့၏ အသင်းနယ်နိမိတ်အတွင်းမှ ပြည်သူများ၏ လူမှုအကျိုးစီးပွားအတွက် ဆောင် ရွက်နေကြသော အသင်းများသာ ဖြစ်ကြသည်။
လွဲမှားစွာ သိမြင်နေကြ
ပြည်သူအချို့မှာ သမဝါယမလုပ်ငန်းများအပေါ် ယနေ့တိုင် အမြင်မရှင်းလင်းနိုင်ကြဘဲ အဆိုးမြင် ဝါဒဖြင့် ဝေဖန်မှုပြုနေကြခြင်းမှာ ယခင်သမဝါယမ (မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ လက်ထက် သမဝါယမများ)နှင့် ယနေ့ သမဝါယမ (အပြည်ပြည် ဆိုင်ရာ သမဝါယမမူများနှင့်အညီ ဆောင်ရွက်နေ သော သမဝါယမများ) ၏ မူဝါဒနှင့် လုပ်ငန်းစဉ်များ အတူတူပင်ဖြစ်သည်ဟု လွဲမှားစွာ သိမြင်နေကြခြင်း ကြောင့်ဖြစ်ပါသည်။ အလျဉ်းသင့်၍ ယခင်သမဝါယမ နှင့် ယနေ့သမဝါယမများ၏ ဦးတည်ရည်ရွယ်ချက်ကို အကျဉ်းတင်ပြရပါက ယခင်သမဝါယမများသည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ မူဝါဒနှင့်အညီ “ကုန်သွယ်ရေးဖြင့် မတရားစီးပွားရှာစားသော ကြားလူကို သမဝါယမစီးပွားရေးနည်းလမ်းဖြင့် ဖယ်ရှားပြီး သာယာဝပြောသော နိုင်ငံတော် တည်ဆောက်ရန်” ယနေ့ သမဝါယမအသင်းများ၏ ဦးတည်ချက်မှာ “ ပြည်သူများ၏ ဆင်းရဲနွမ်းပါးမှု လျော့ကျရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးကို ဆောင် ရွက်ရင်းမှ နိုင်ငံတော်ဖွံ့ဖြိုးမှုအား သမဝါယမ စီးပွားရေးနည်းလမ်းဖြင့် တစ်ဖက်တစ်လမ်းမှ ကူညီရန်” များ ဖြစ်နေကြ၍ ဦးတည်ချက်နှစ်ရပ် တို့ မတူညီကြပါ။
အင်အားအပြည့် ကူညီလျက်ရှိ
ကမ္ဘာ့နိုင်ငံပေါင်း ၁၀၀ ကျော်ရှိ သမဝါယမ အသင်းများသည် နိုင်ငံနှင့် ပြည်သူများ၏ လူမှုဘဝ ဆိုင်ရာလိုအပ်ချက်များကို သမဝါယမနည်းလမ်းများ ဖြင့် တစ်ဖက်တစ်လမ်းမှ အင်အားအပြည့် ကူညီ လျက်ရှိနေကြပြီဖြစ်ပါသည်။ ဆင်းရဲနွမ်းပါးနိုင်ငံများ ၌သာ သမဝါယမလုပ်ငန်းများ ရှိနေကြသည် မဟုတ်ပါ။ အင်အားကြီးနိုင်ငံများဖြစ်သော အိန္ဒိယ နိုင်ငံတွင် သမဝါယမအသင်းပေါင်း ခြောက်သိန်း ကျော်ရှိပြီး တရုတ်နိုင်ငံတွင် ငါးသိန်းကျော်၊ အမေရိကန်နိုင်ငံ၏ ပြည်သူ ၄၀ ရာခိုင်နှုန်းမှာ သမဝါယမအသင်းသားများ ဖြစ်နေကြပြီး၊ ဂျပန် နိုင်ငံ၏ ငါးကုန်ထုတ်လုပ်ငန်းနှင့် လယ်ယာလုပ်ငန်း ၏ ရာနှုန်းပြည့်နီးပါးမှာ သမဝါယမများ၏ လက်ထဲ တွင် ရှိနေကြသည်ကို ကမ္ဘာ့ကုလသမဂ္ဂနှင့် ICA (ခေါ်) အပြည်ပြည်ဆိုင်ရာ သမဝါယမအဖွဲ့ချုပ်တို့ ထံမှ တစ်ဆင့်သိရှိရသည်။ ကမ္ဘာ့သမဝါယမ စတင် ပေါ်ပေါက်လာသော အင်္ဂလန်နိုင်ငံနှင့် ဂျာမနီ၊ ပြင်သစ်တို့တွင် နိုင်ငံတကာအဆင့်မြင့် သမဝါယမ ဘဏ်ကြီးများ တည်ရှိနေပြီး နိုင်ငံနှင့်ပြည်သူတို့၏ အကျိုးကို သယ်ပိုးနေကြသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ကြပြီဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း သမဝါယမအသင်းများ၏ အခြေခံစွမ်းအားဖြင့် တည်ဆောက်ထားသော CBPCL ဘဏ် (ခေါ်) သမဝါယမဘဏ်ကြီးတစ်ဘဏ် နိုင်ငံတော်အဆင့်မီ ရှိနေပြီး မြန်မာနိုင်ငံမှ သမဝါယမအသင်းများ အတွက် ပံ့ပိုးကူညီပေးလျက်ရှိပြီး ဖြစ်သည်။
ကမ္ဘာ့နိုင်ငံအသီးသီးတွင် ပြည်သူနှင့် နိုင်ငံ တို့အား သမဝါယမနည်းလမ်းအရ အကျိုးပြုနေကြ သည့် သမဝါယမအသင်းများ ဖွံ့ဖြိုးမှုရှိနေစေရန် နိုင်ငံတော်အစိုးရများက အင်အားအလျောက် ပံ့ပိုး ကူညီမှုများ ရှိနေကြပါသည်။ ၂၀၁၈ ခုနှစ် အာရှဒေသ သမဝါယမဖွံ့ဖြိုးမှု(ဆွေးနွေးပွဲ)ကို တရုတ်နိုင်ငံ စီချွန်ပြည်နယ် ချန်ဒူးမြို့၌ ကျင်းပစဉ် စာရေးသူနှင့် ကိုယ်စားလှယ်တစ်ဦးတို့ တက်ရောက်ခဲ့ကြသည်။ လုပ်ငန်းစီမံမှုမှလွဲ၍ ကုန်ကျစရိတ်များအားလုံးကို ပြည်နယ်အစိုးရက ကျခံပေးခဲ့ပြီး မြို့တော်ဝန် ကိုယ်တိုင် ဂုဏ်ပြုစကားလာရောက် ချီးမြှင့်ခဲ့ခြင်း မှာ တရုတ်နိုင်ငံ အုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် တရုတ်နိုင်ငံရှိ သမဝါယမလုပ်ငန်းများအပေါ် အလေးထား အားပေးမှုရှိနေသည့် ပြယုဂ်တစ်ခု အဖြစ် ခံယူမိပါသည်။
အလေးထားအားပေး
မြန်မာနိုင်ငံတွင် သမဝါယမလုပ်ငန်းများကို အလေးထားအားပေးမှုပြုနိုင်ရန် နိုင်ငံ့ခေါင်းဆောင် ၏ လမ်းညွှန်မှုဖြင့် သမဝါယမဝန်ကြီးဌာနအား ပြန်လည် ဖော်ဆောင်ပေးသည်ကို တွေ့မြင်ရပါ၍ သမဝါယမလောကသားများမှ ဝမ်းမြောက်ပီတိနှင့် အတူ ကျေးဇူးတင်ရှိကြပါသည်။ နိုင်ငံတော်မိန့်ခွန်း များတွင်လည်း သမဝါယမစကားရပ်ကို မကြာခဏ ထည့်သွင်းလျက် အလေးထားဖော်ပြမှုရှိသည်ကို တွေ့မြင့်ရပါ၍ သမဝါယမဝန်ကြီးဌာနမရှိဘဲ ငါးနှစ် တာခရီးကို လျှောက်လှမ်းခဲ့ရသော မြန်မာနိုင်ငံ သမဝါယမအင်အားစုများအတွက် အထူးအားရ စရာပင်ဖြစ်ပါသည်။ သမဝါယမဦးစီးဌာနများနှင့် သမဝါယမအသင်းများတွင် ကျရာတာဝန်များကို အသင်းသားနှင့်ပြည်သူများအတွက် အကျိုးဖော် ဆောင်နေကြသော သမဝါယမ လောကသားအားလုံး က ပူပူနွေးနွေး သမဝါယမဝန်ကြီးဌာန၏ လမ်းညွှန် ပံ့ပိုးမှုနှင့်အတူ ပြည်သူနှင့် နိုင်ငံ့အကျိုးကို တိုးမြှင့် ဖော်ဆောင်ရန် စိတ်အားထက်သန်လျက်ရှိပါ ကြောင်း ရေးသားလိုက်ရပါသည်။ ။
- Log in to post comments