မီဒီယာအဆိပ်သင့်မှုနှင့် သတင်းတု၊ သတင်းမှားထောင်ချောက်က ရုန်းထွက်စေချင်

Type

မြင့်မြတ်

------

 

နိုင်ငံတစ်နိုင်ငံမှာ အေးချမ်းတည်ငြိမ်ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် တရား ဥပဒေစိုးမိုးဖို့      လိုပါတယ်။    တရားဥပဒေစိုးမိုးရေးကို အဓိက ခြိမ်းခြောက်တဲ့အရာဟာ အကြမ်းဖက်လုပ်ရပ်တွေပါပဲ။ 


အကြမ်းဖက်တိုက်ဖျက်ရေးမှာ အဖျက်အမှောင့် မီဒီယာရဲ့ သက်ရောက်မှုဟာ စိန်ခေါ်မှုတစ်ခုဖြစ်နေပါတယ်။ အကြောင်းက ယနေ့ခေတ်အကြမ်းဖက်အဖွဲ့တွေဟာ သူတို့ရဲ့အကြမ်းဖက်လုပ်ငန်း စဉ်တွေအတွက်       မီဒီယာကို   ကောင်းကောင်းချုပ်ကိုင်နိုင်ကြ၊ လွှမ်းမိုးနိုင်နေကြလို့ပဲဖြစ်တယ်။ လူအများဆီအရောက် ဆက်သွယ် ရေးကြားခံ ချန်နယ်တစ်ခုအဖြစ် သတင်းအချက်အလက်တွေကို ဖြန့်ဝေပို့ဆောင်ပေးရတဲ့ မီဒီယာတစ်ခုဟာ မလိုလားအပ်ဘဲ အကြမ်း ဖက်အဖွဲ့အစည်းတွေရဲ့ ထိန်းချုပ်မှုအောက် ရောက်ရပြီဆိုရင် အကြမ်း ဖက်မီဒီယာအဖြစ် သတ်မှတ်ခံရနိုင်ပါတယ်။ 


ဒီလိုအဖြစ်မျိုး မကျရောက်စေဖို့နဲ့ တိုင်းပြည်ရဲ့ စတုတ္ထမဏ္ဍိုင် အဖြစ် ဂုဏ်ယူစရာ သတ်မှတ်ခံထားရတဲ့ မီဒီယာတွေကတစ်ဆင့် လက်ဆင့်ကမ်းလိုက်တဲ့ သတင်းတွေအပေါ်မှာ ပြည်သူတွေအနေနဲ့ ချင့်ချိန်နှိုင်းဆအကဲဖြတ်နိုင်စေဖို့ ရည်ရွည်ချက်နဲ့ ယခုဆောင်းပါးကို ရေးသားရခြင်းဖြစ်ပါတယ်။ 


အမုန်းတရားတွေကြီးထွားစေတဲ့မီဒီယာရဲ့သက်ရောက်မှု 


 လူ့အဖွဲ့အစည်းကြီးတစ်ခုအပေါ်မှာ မီဒီယာရဲ့သက်ရောက်မှုက အလွန်ကြီးမားပါတယ်။ ၂၀၀၄ ခုနှစ်မေလအတွင်း    အမေရိကန် တပ်တွေ အီရတ်ကိုသိမ်းပိုက်အပြီး   အီရတ်နိုင်ငံမှာ နစ်ခ်ဘတ် (Nickberg) ဆိုတဲ့ အမေရိကန်ဓားစာခံတစ်ယောက်ကို အကြမ်းဖက် သမားတွေက ရက်ရက်စက်စက် ခေါင်းဖြတ်သတ်လိုက်တဲ့လုပ်ရပ်ကို TV ကတစ်ဆင့် ကမ္ဘာ့ပြည်သူတွေ မြင်လိုက်ရတဲ့အခါ အံ့ဩတုန်လှုပ် ချောက်ချားသွားခဲ့ကြရတယ်။ 


ဒါပေမဲ့ ဒီလို သွေးသံတရဲရဲနဲ့ အကြမ်းဖက်သမားတွေရဲ့လုပ်ရပ် တွေဟာ ယနေ့ခေတ် TV နဲ့ အင်တာနက် လူမှုကွန်ရက်တွေမှာ မမြင် ချင်ပေမယ့် အလွယ်တကူ မြင်နေကြားနေရပြီဖြစ်ပါတယ်။ အကြမ်းဖက် သမားတွေကိုယ်တိုင်က မီဒီယာကတစ်ဆင့် ကမ္ဘာကြီးကသိအောင်၊ မြင်အောင် တမင်ချပြနေတယ်ဆိုတာ သိစေချင်လို့ဖြစ်ပါတယ်။ 


တချို့ဖြစ်စဉ်တွေမှာ အကြမ်းဖက်သမားတွေနဲ့ မီဒီယာဟာ အချိန်ကိုက်ပြီး တစ်သားတည်း လှုပ်ရှားသွားတာကို တွေ့နေရပါ တယ်။ တစ်ခါတစ်ရံ သာမန်မှုခင်းလေးတစ်ခုဆိုပေမယ့် ဆိုရှယ်လူမှု စာမျက်နှာတွေနဲ့ ဖေ့စ်ဘွတ်ကတစ်ဆင့်  ပျံ့နှံ့သွားတဲ့သတင်းတွေ ကြောင့် ကြီးမားတဲ့ပဋိပက္ခအသွင် ဆောင်သွားပြီး လူ့အဖွဲ့အစည်း တွေအကြား ရှင်းရခက်တဲ့အမုန်းတရားနဲ့   လက်စားချေမှုတွေ၊ အာဃာတတရားတွေ ကြီးထွားသွားခဲ့တဲ့  အတွေ့အကြုံတွေဟာ သင်ခန်းစာယူစရာအဖြစ်  ရှိနေသေးတယ်ဆိုတာကို   သတိပြုရမှာ ဖြစ်ပါတယ်။ 
သတင်းတု သတင်းမှားနဲ့   လုပ်ကြံသတင်းတွေရဲ့ရည်ရွယ်ချက်   ဆိုတာ..
သတင်းတု (fake)၊ သတင်းမှား (misinformation) နဲ့ ရည်ရွယ် ချက်ပါတဲ့ လုပ်ကြံသတင်း (disinformation) တွေရဲ့ထိုးနှက်တိုက်ခိုက် မှုအန္တရာယ်က မြန်မာမှာတင်မက တစ်ကမ္ဘာလုံးမှာလည်း ရင်ဆိုင်နေ ကြရတာဖြစ်ပါတယ်။     ဝက်ဘ်ဆိုက်ထောင်ထားတဲ့   မီဒီယာတွေ၊ ဖေ့စ်ဘွတ်အကောင့်ဖွင့်ထားတဲ့မီဒီယာတွေ၊   အကောင့်တုတွေ များပြား လာတာလည်းပါတယ်။


ဒီကြားထဲ အချို့မီဒီယာတွေရဲ့သဘောကိုကလည်း ပေးတာယူ ကျွေးတာစား ခိုင်းတာလုပ်အဆင့်မှာသာ ရှိနေတာကိုလည်း တွေ့နေရ ပါတယ်။ သူတို့မှာ ဘာမျိုးချစ်စိတ်၊  နိုင်ငံချစ်စိတ်၊ ကိုယ့်လူမျိုး၊ ကိုယ့်အမျိုးဆိုတဲ့စိတ်မရှိ၊ ဘာအခြေခံစည်းမျဉ်းမှလည်းမလိုက်နာ၊ ဘာပဲပျက်စီးပျက်စီး ဂရုမစိုက်၊ သူတို့အတွက်က နိုင်ငံရေးအကျိုး အမြတ် ထင်ပေါ်လိုမှုနဲ့ စီးပွားဥစ္စာငွေကြေးအကျိုးအမြတ် တစ်ခုခုကို ရှေ့တန်းတင်တတ်ကြတာပဲဖြစ်တယ်။ 
တစ်ဖက်နဲ့တစ်ဖက်   အထင်လွဲအောင်  အမုန်းပွားအောင် အာဃာတတရားအခြေခံ၊  ဘက်လိုက်ပြီး  မုန်းတီးရေးဝါဒဖြန့်တတ် တယ်။ တစ်ဖက်နဲ့တစ်ဖက် ဆက်ဆံရေးအဆင်မပြေအောင် သွေးခွဲ တတ်တယ်။ လူအများစိတ်ဝင်စားမှုကိုအခြေခံပြီး  အမှန်ကို အမှား၊ အမှားကိုအမှန်ဖြစ်အောင် သတင်းမှားတွေ   လွှင့်တတ်ကြတယ်။ မီဒီယာကျင့်ဝတ်၊ လူ့ကျင့်ဝတ်ဆိုတာမရှိဘူး။ အသိဉာဏ်နုံနဲ့သူတွေကို ရွေးပြီး မှိုင်းတိုက်တတ်ကြတယ်။  

မရိုးသားတဲ့မီဒီယာတွေရဲ့သဘောသဘာ၀ 

အချို့မရိုးသားတဲ့ မီဒီယာတွေရဲ့သဘောက ခံစားလွယ်ပြီး အကဲ ဆတ်တဲ့ လူအုပ်စုကို ဦးတည်အသုံးချ ရှေ့တန်းတင်တယ်။ များသော အားဖြင့် လူငယ်တွေ၊ အမျိုးသမီးငယ်တွေ၊ ကလေးသူငယ်တွေ၊ သံဃာ တော်တွေကို အသုံးချတတ်တယ်။ လူငယ်ဆိုတာ ခံစားလွယ်တယ်လေ။ အနာဂတ်ရဲ့ခေါင်းဆောင်တွေဆိုပြီး မြှောက်ပေးတယ်၊ သွေးထိုးတယ်။ စေတနာမမှန် ကောက်ကျစ်တဲ့ နိုင်ငံရေးသမားမျိုးနဲ့တွေ့ရင် အဲဒီနိုင်ငံ ရေးသမားမျိုးတွေက မီဒီယာကိုအားကိုးပြီး ဆင်ခြင်တုံတရားကလည်း အားနည်း၊ ဆက်စပ်ပြီးမစဉ်းစားတတ်တဲ့သူတွေဆိုရင် သူတို့လိုချင်တဲ့ အနေအထားရောက်အောင် ပထမပုံဖော်တတ်တယ်၊ နောက် ပုံသွင်း တယ်။ သူလိုချင်တဲ့ အနေအထားတစ်ခုဆိုတာ နိုင်ငံရေး၊ ဘာသာရေး၊ ပညာရေး၊ ယဉ်ကျေးမှုတစ်ခုခုဖြစ်နိုင်တယ်။ 


မူလအနေအထားကနေ သွေဖည်သွားအောင်၊  တိမ်းစောင်းသွား အောင် နှစ်ရှည်လများ ကြိုတင်ဖန်တီးပုံဖော်ထားခြင်းကိုဆိုတယ်။ သူတို့လိုချင်တဲ့ စရိုက်တစ်ခုခုကို ရိုက်သွင်းထားတာ။ ဒီနေရာမှာ မီဒီယာ နဲ့ လူမှုကွန်ရက်တွေဟာ သော့ချက်ပါပဲ။ တချို့ မီဒီယာနဲ့လူမှုကွန်ရက် က ဖော်ပြချက်တွေဟာ တကယ့်မြေပြင်အခြေအနေတွေနဲ့ ကွဲလွဲမှုတွေ ရှိနေတတ်တယ်။ 

တကယ့်မြေပြင်မှာ အဆုံးအရှုံးနဲ့ ရင်ဆိုင်နေရတဲ့အခါ ကိုယ့် ဘက်တော်သားတွေ စိတ်ဓာတ်မကျအောင်၊ စိတ်ဓာတ်မပျက်ပြား အောင် Psy-war ဆိုက်ဝါးလုပ်တာတွေ၊  ဝါဒဖြန့်ချိတာတွေကို အသွင်ယူ ပုံဖျက်ပြီး ပြည်သူတွေနားဝေတိမ်တောင်ဖြစ်အောင် လုပ်တယ်ဆိုရင် ဒါဟာ မရိုးသားမှုပဲဖြစ်တယ်။     ဘယ်လိုမှဆက်စပ်လို့မရတဲ့ ကာလံဒေသံမတူတဲ့အဖြစ်အပျက်တွေကို ဖြတ်၊  ညှပ်၊ ကပ်လုပ်ပြီး ရောချပုံမှားရိုက်တတ်ကြတယ်။  
ကိုယ့်ဘက်တော်သားတွေ စိတ်ဓာတ်တက်ကြွအောင် ဆိုက်ဝါး လုပ်တယ်ဆိုဦးတော့ အပြစ်မဲ့ပြည်သူတွေ အများကြီးပေးဆပ်ရမယ့် ဘေးကိုတော့ ရှောင်သင့်ပါတယ်။ သတင်းတွေကို အဆမတန်ပုံကြီးချဲ့ ကြတယ်။ တစ်ဆိတ်ကိုတစ်အိတ်လုပ်ပြီး ချဲ့ကားကြတယ်။ သတင်း လိမ်တွေနဲ့ အရူးဘုံမြှောက်ကြတယ်။ အချို့မီဒီယာတွေရဲ့ သတင်းတု သတင်းမှားတွေကြောင့် အပြစ်မဲ့ပြည်သူတွေ သေကျေနေကြရတာ လိပ်ပြာလုံပါရဲ့လား။ လုပ်ကြံလီဆယ်မှုတွေနဲ့ လူတွေသတ်ကြ၊ လူတွေသေကြရတာ ကိုယ့်ပယောဂ ပါဝင်နေတယ်ဆိုရင် ကိုယ့်တာဝန် မကင်းသလို ကိုယ်ခံယူရမယ့် အပြစ်ဒဏ်ဟာ ကြီးလေးပါတယ်။ တရားသဘောအရလည်း ယခုဘဝတွင်သာမက နောင်ဘဝ နောင် သံသရာတစ်လျှောက် အပါယ်ငရဲ ဝဋ်ဆင်းရဲဆီ အတူတူလားရောက်ကြ မှာပဲဖြစ်ပါတယ်။   
ရပ်တည်ချက်တူ၊ အသွင်တူမဖြစ်ရန်လို 


နောက်ကွယ်က ကြိုးကိုင်နေတဲ့ အဖျက်အဖွဲ့အစည်းတွေဟာ မထူးဇာတ်ခင်းပြီး အလုံးစုံပျက်သုဉ်းရေးကို ဦးတည်လာတဲ့အခါ မီဒီယာနဲ့ အရှိန်အဝါကြီးတဲ့ influencer တွေကို ပါးစပ်ငှား၊ ကလောင်ငှား အသုံးချခိုင်းစားလာပါတော့တယ်။ အလိုတော်ရိ မီဒီယာသမားတွေက လည်း ရဲရဲတောက်မြှောက်ပင့်ရေးသား၊ လူတွေကို ပျားရည်နဲ့ ဝမ်းချ အချိုသတ် ၊ အလိမ္မာနည်းနဲ့သွေးဆောင်ကာ လူငယ်တွေကို အကြမ်း ဖက် အဖျက်အမှောင့်တွေလုပ်စေပြီး လမ်းမှားကို ပို့ကြပြန်ပါတယ်။ နောက်ကွယ်က စေခိုင်းသူရော၊ မီဒီယာ၊ အကြမ်းဖက်သူတွေရောဟာ ပုလင်းတူဘူးဆို့ ရပ်တည်ချက်တူ အသွင်တူ အတူတူပါပဲ၊ တစ်ဖက် စွန်းရောက်မုန်းတီးရေးဝါဒတွေ အတင်းအဓမ္မသွတ်သွင်းပြီး လူထုကို အယုံသွင်း လူထုကို အရူးလုပ်တာခြင်းအတူတူ  ဘုန်းကြီးရူးနဲ့ လှေလူး တွေပါပဲ။     

လူရဲ့သဘောကိုက အယုံလွယ်တယ်။ ဖြစ်နိုင်လား၊ မဖြစ်နိုင် ဘူးလား၊ ဖြစ်သင့်လား၊ မဖြစ်သင့်ဘူးလား၊ ကိုယ်ကြိုက်တာထက် အများနဲ့ရောတည့်ရဲ့လား၊ သေသေချာချာစဉ်းစားရပါမယ်။ ကိုယ့် အသိဉာဏ်နဲ့ကိုယ် စူးစမ်းဆင်ခြင်စိတ်နဲ့  ဗဟုသုတလည်းများဖို့  လိုတယ်။ အများလက်ခံတိုင်းလည်း ကိုယ်ကလက်ခံဖို့ လိုချင်မှလိုပါ မယ်။ သတင်းမှားကို လက်ခံမိသူဟာ အလိုလိုကျဆုံးသွားသလိုပါပဲ။ သတင်းမှားကြောင့် ကိုယ့်ဆုံးဖြတ်ချက်တွေလည်း တလွဲဖြစ်သွား နိုင်တယ်ဆိုတာ သတိပြုရပါမယ်။ 


ကိုယ့်ကြောင့် အရာရာမရှုပ်ထွေးသွားပါစေနဲ့၊ ကိုယ့်ကြောင့် လူ့အဖွဲ့အစည်း မပျက်စီးပါစေနဲ့လို့ မိမိကိုယ်မိမိ သတိပေးနေရပါမယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ဘာဆိုတာ သိထားသင့်သလို အကြောင်းအရာ အလုံးစုံကိုလည်း သေသေချာချာမသိထားရင်  တစ်ဖက်ဖက်ကို မျက်စိစုံမှိတ် နားကိုပိတ် ဆွဲဆောင်ရာဆီပါသွားပါလိမ့်မယ်။ 
                                                
တာ၀န်ယူတာ၀န်ခံမှုရှိတဲ့ မှန်ကန်တဲ့မီဒီယာတစ်ခုဆိုတာ...

 
အချို့သောမီဒီယာသမားတွေရဲ့နိုင်ငံနဲ့ပြည်သူအပေါ် သစ္စာရှိမှုနဲ့ တာဝန်ယူ၊ တာဝန်ခံမှုဆိုတာ ဘယ်ရောက်သွားပြီလဲ။ တာဝန်ယူ တာဝန်ခံမှုရှိတဲ့ တကယ့်မီဒီယာသမားကောင်းတွေလည်း တွေ့ဖူးပါ တယ်။ သတင်းမီဒီယာစံနှုန်းတွေကို အတိအကျလိုက်နာတဲ့ ဖြောင့်မတ် မှန်ကန်တဲ့ မီဒီယာတစ်ခုဟာ     ဒီမိုကရေစီရဲ့အခြေခံစံနှုန်းဖြစ်တဲ့ လွတ်လပ်စွာဖော်ထုတ်ရေးသားခွင့်နဲ့    အခြေခံလူ့အခွင့်အရေးကို အလွဲသုံးစားပြုလို့မရပါဘူး၊  မှန်ကန်ဖြောင့်မတ်တဲ့ မီဒီယာဆိုတာ ကိုယ်တင်တဲ့သတင်း ရာနှုန်းပြည့်မှန်တယ်ဆိုတာ တာဝန်ယူနိုင်ရ ပါမယ်။ မှန်ရမယ့်အပြင် အများပြည်သူအတွက် အကျိုးလည်းရှိရမယ်။ အသုံးလည်းတည့်ရပါမယ်။ သတင်းကမှန်တယ်ဆိုဦးတော့ အများ အတွက် အကျိုးမရှိရင် mal- information ဖြစ်လို့ ရှောင်ရှားရပါမယ်။ မိမိတင်တဲ့သတင်းမှားနေရင်တောင်   အမှန်သိရင် ပြန်တင်ရဲတဲ့ တာဝန်ခံမှုမျိုးရှိရပါမယ်။ 


ယနေ့ခေတ်မီဒီယာလောကမှာ ပြည်သူကို တကယ်အကျိုးပြု မယ်လို့ ခံယူထားတဲ့ ဓမ္မဓိဋ္ဌာန်ကျတဲ့မီဒီယာတွေလည်းရှိသလို နိုင်ငံနဲ့ ပြည်သူ့အကျိုးစီးပွားကနေ သွေဖည်နေတဲ့ မီဒီယာတွေလည်း ရှိနေပြန်တယ်။  ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းမှာ   ကောင်း ကောင်းလိုက်ပါနိုင်တဲ့    မီဒီယာတွေလည်းရှိပါတယ်။ မီဒီယာထံ သတင်းပေးသူဟာ အချက်အလက်မှန်ကန်တိကျသေချာတဲ့ သတင်း ကိုသာ ပေးဖို့လိုသလို မီဒီယာအနေနဲ့လည်း ကိုယ်လက်ခံရရှိတဲ့ သတင်းအချက်အလက်ဟာ  မှန်ကန်ရဲ့လား၊ သေချာတိကျရဲ့လား စိစစ်ပြီးမှလက်ခံဖို့နဲ့       ပြည်သူကို    အကောင်းဆုံးအသိပေးဖို့ လိုပါတယ်။ 
ပြည်သူအတွက် အကျိုးမရှိ အသုံးမဝင်တဲ့ သတင်းအချက်အလက်၊ ဓာတ်ပုံ ဗီဒီယိုတွေဆိုရင် လျှော့ချကန့်သတ်ရမယ့် တာဝန်ရှိတယ်ဆိုတာ မမေ့အပ်ပါဘူး။  အချို့သောမီဒီယာတွေကြောင့် အကြမ်းဖက်မှုတွေဖြစ် ရတယ်ဆိုရင် ထိုမီဒီယာတွေအနေနဲ့ အကြမ်းဖက်မှုရဲ့ သားကောင်ဖြစ်ရ သူတွေ၊ ဓားစာခံဖြစ်ရသူတွေသူတို့ရဲ့ အဖျက်ဆီးခံရတဲ့ လူ့ဂုဏ်သိက္ခာ အတွက် တာဝန်ယူရမှာ ဖြစ်ပါတယ်။ 


ပိုင်းခြားဝေဖန်စိစစ်သုံးသပ်နိုင်စွမ်းကို လေ့ကျင့်ရမယ့်အချိန်အခါကောင်း 


အကောင်းနဲ့အဆိုး အမှန်နဲ့အမှားကြားမှာ ပြည်သူတွေအနေနဲ့ လည်း ဖြစ်ပေါ် သမျှ သတင်းတွေကို ချင့်ချိန်ယုံကြည် သုံးသပ်စေချင်ပါ တယ်။ ဆင်ခြင်တုံတရားနဲ့ ပိုင်းခြားဝေဖန် စိစစ်တတ်စေချင်ပါတယ်။ ကျောင်းသားတွေ၊ လူငယ်တွေ၊ ဝန်ထမ်းတွေအတွက်ဆိုရင်လည်း မိမိ ပတ်ဝန်းကျင်အနှံ့မှာ သတင်းတု၊ သတင်းမှား ကောလာဟလတွေ ဝါဒ ဖြန့်ချိမှုတွေနဲ့သာ ပြည့်နှက်နေတာကြောင့်  ဒီကာလဟာ မိမိရဲ့ ပိုင်းခြား ဝေဖန်စိစစ်နိုင်စွမ်းကို လေ့ကျင့်အားထုတ်ဖို့ အကောင်းဆုံးအချိန်ပါပဲ။ နုံတဲ့၊ အတဲ့သူ အဖြစ်မခံပါနဲ့။ မရည်ရွယ်ဘဲ မိမိကိုယ်တိုင် သတင်းမှား တွေ ဖြန့်မိတာမျိုးလည်း မပြုမိအောင်  သတိထားရှောင်ရှားဖို့ လိုပါ တယ်။ 
ဒါ့ကြောင့် သတင်းမီဒီယာနဲ့ပတ်သက်တဲ့ ဗဟုသုတတွေ တိုးပွား အောင် အစဉ်လေ့ကျင့်သင်ကြားကြပါ။ များများစဉ်းစားပေးရင် များများ အသိဉာဏ်တိုးပါတယ်။ အသိဉာဏ်ကို လက်တွေ့နဲ့ပေါင်းလိုက်ရင် ပညာဖြစ်ပါတယ်။ ဘယ်လိုအရင်းအမြစ် အစုံကလာတဲ့ သတင်းအချက် အလက်ပဲဖြစ်ဖြစ် မျှမျှတတနဲ့များများဖတ်ပါ၊  မှတ်ပါ၊၊ အထူးသဖြင့် တိကျခိုင်မာမှုရှိတဲ့အဖွဲ့အစည်းတွေကလာတဲ့    သတင်းတွေကို ပိုအလေးထားလက်ခံရပါမယ်။ အထောက်အထားတွေကို သေချာ စုဆောင်းရပါမယ်၊၊ သတင်းရဲ့ ရည်ရွည်ချက်ကဘာလဲ၊ ခေါင်းစဉ်တစ်ခု နဲ့တင် မဆုံးဖြတ်ပါနဲ့။ အဖန်တလဲလဲစိစစ်ပါ၊ ထပ်ခါထပ်ခါ စုံစမ်းပါ၊ လက်တွေ့နဲ့ယှဉ်ပြီး ဆက်စပ်နှိုင်းယှဉ်ပါ၊ သေချာမှန်ကန်မှ အတည် ပြုပါ။ ရိုးသားစွာနဲ့ အပြုသဘော သုံးသပ်အဖြေရှာပါ။ ရလဒ်အနေနဲ့ မိမိရဲ့ ပိုင်းခြားဝေဖန်နိုင်စွမ်းဟာ သိက္ခာရှိရှိနဲ့ အမှန်တကယ် တိုးတက် လာပါလိမ့်မယ်ဆိုတာ ပြောရဲပါတယ်။ 


ဒါမှလည်း အမှားနဲ့အမှန်ကိုခွဲခြားဆုံးဖြတ်နိုင်တဲ့ လူတော် လူကောင်း၊ အားကိုးရတဲ့    နိုင်ငံ့သားကောင်းတွေပေါများလာမှာ   ပေါ့။ အားလုံးကို မီးရှို့သူ မီးမွှေးသူမဖြစ်စေလိုဘဲ  အငြိမ်းဓာတ်ပေးစွမ်း သူသာ ဖြစ်စေချင်ပါတယ်။ လူ့အဖွဲ့အစည်းအေးချမ်းသာယာရေးမှာ ရိုးသားစွာနဲ့ အမှန်ကိုသာလက်ဆင့်ကမ်းသူ၊ အလင်းဆောင်သူတွေသာ ဖြစ်စေချင်ပါတယ်။ယနေ့လူငယ်လူရွယ်တွေအနေနဲ့ ဂုဏ်သိက္ခာ  မြင့်မားတဲ့အဖွဲ့အစည်းနဲ့ ကိုယ့်နိုင်ငံတော်အတွက် ဖွံ့ဖြိုးတိုးတက်မှုကို တည်ဆောက်ချင်တယ်ဆိုရင် ပိုပြီးတော့ ပညာတတ်တဲ့ ပညာရှိတွေ ဖြစ်စေချင်ပါတယ်၊ ဆင်ခြင်တုံတရား ပိုရှိစေချင်ပါတယ်၊ ကျင့်ဝတ် သိက္ခာကိုပိုမြင့်မားစေချင်ပါတယ်။ 
စာရေးသူရဲ့ရည်ရွည်ချက်ကတော့ အကြမ်းဖက်မှုနဲ့ သွေးထိုး လှုံ့ဆော်မှုတွေကင်းပြီး ယုံကြည်မှုအားကောင်းတဲ့ မီဒီယာလွတ်လပ် ခွင့်နဲ့အတူ နိုင်ငံတော်ရဲ့ပုံရိပ်ကို မြှင့်တင်ပေးနိုင်မယ့် နိုင်ငံ့သားကောင်း တွေ ဖြစ်စေရန် ဆန္ဒနဲ့ စေတနာသာလျှင် အဓိကဖြစ်ပါတယ်။     ။