စေတနာ့ဝန်ထမ်း ကြိုးပမ်းထမ်းရွက်

စေတနာ့ဝန်ထမ်းဆိုသည်မှာ  အခကြေးငွေ၊  အကျိုးအမြတ် တစ်စုံတစ်ရာမျှ မယူဘဲ  တစ်စုံတစ်ယောက်အတွက်ဖြစ်စေ၊  အများအတွက်ဖြစ်စေ အနစ်နာ ခံ၍  အချိန်ပေးဆောင်ရွက်နိုင်သူကို   ခေါ်ဆိုသည်။    တစ်နည်းဆိုလျှင် ကောင်းမြတ်သောစေတနာဖြင့် အမှုကိစ္စဝန်တစ်ခုကို အခမဲ့ထမ်းဆောင်ခြင်း ဖြစ်သည်။ စေတနာ့ဝန်ထမ်းလုပ်ငန်းကို နိုင်ငံတကာတွင် Volunteer အဖြစ် ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ကြပြီး မြန်မာနိုင်ငံတွင် လူမှုရေးလုပ်ငန်းများ အဖြစ် ဆောင်ရွက်နေသည်ကို တွေ့ရမည်ဖြစ်သည်။
 
စေတနာ့ဝန်ထမ်းလုပ်ငန်းကို အရပ်ဘက်လူမှုရေးလုပ်ငန်းဖြစ်သည်ဟု  ထင်မြင်နိုင်ဖွယ်ရှိသော်လည်း      အစိုးရ၏ဌာနအဖွဲ့အစည်းလုပ်ငန်းများ ဘက်၌လည်း စေတနာ့ဝန်ထမ်းလုပ်ငန်းများ လက်တွဲလုပ်ကိုင်ကြသည်များ ရှိပါသည်။  စေတနာ့ဝန်ထမ်းအဖွဲ့များသည်  အခကြေးငွေမယူဘဲ အများ ပြည်သူနှင့်သက်ဆိုင်သော  အစိုးရလုပ်ငန်းများတွင်  ပါဝင်ကူညီကြပါသည်။ ထင်ရှားသောအဖွဲ့အစည်းများမှာ  ကြက်ခြေနီတပ်ဖွဲ့နှင့် အရန်မီးသတ်တပ်ဖွဲ့ ဖြစ်ပြီး  အစိုးရအဖွဲ့အစည်းများနှင့်အတူ  လက်တွဲပူးပေါင်းဆောင်ရွက်ပါသည်။
 
စေတနာ့ဝန်ထမ်းများသည် အရပ်ဘက်လုပ်ဆောင်မှုများ၌ဖြစ်စေ၊ ပရဟိတလုပ်ငန်းများတွင်ဖြစ်စေ၊ လူသားချင်းစာနာမှုဆိုင်ရာလုပ်ငန်းများတွင်ဖြစ်စေ၊  အများပြည်သူဝန်ဆောင်မှု၊  ကူညီမှုလုပ်ငန်းများတွင်ဖြစ်စေ မျှော်လင့်ခြင်းတစ်စုံတစ်ရာမရှိဘဲ       ဝိုင်းဝန်းကူညီလုပ်ဆောင်နေကြပြီ ဖြစ်သည်။  အများပြည်သူနှင့်သက်ဆိုင်သည့် လူမှုကူညီစောင့်ရှောက်မှုပေးရေး၊ အကြောင်းကိစ္စတစ်ခုအတွက်     ရောက်ရှိလာသည့်        လူထုအဆင်ပြေ ချောမွေ့စေရေးလုပ်ငန်းများကို      အစိုးရအဖွဲ့အစည်းတစ်ခုတည်းက ဆောင်ရွက်ခြင်းဖြင့်  ထိရောက်နိုင်မည်မဟုတ်ဘဲ  ထိုသို့စေတနာ့ဝန်ထမ်း အသင်းအဖွဲ့များ၏  ပါဝင်ဆောင်ရွက်မှုဖြင့်   လုပ်ငန်းများအဆင်ပြေအောင် ဆောင်ရွက်ကြရမည် ဖြစ်သည်။ 
 
စေတနာ့ဝန်ထမ်းလုပ်ငန်းများသည်  အများပြည်သူနှင့်ပတ်သက်သည့် ဌာနအဖွဲ့အစည်းများနှင့်သက်ဆိုင်ပြီး    လက်ရှိအနေအထား၌    ပညာရေး၊ ကျန်းမာရေး၊  ကယ်ဆယ်ရေးလုပ်ငန်းများတွင်  အထူးလိုအပ်လျက်ရှိသည်။ မကြာသေးမီရက်ပိုင်းက   ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ  ခရိုင်  ခြောက် ခရိုင်နှင့် မြို့နယ်ပေါင်း ၂၆ မြို့နယ်တွင်  ရပ်ရွာအခြေပြု  စေတနာ့လူမှုဝန်ထမ်း သမားများ  လေ့ကျင့်သင်တန်းပေးရေးအတွက်  ဖျာပုံမြို့နယ်နှင့်  ဒေးဒရဲ မြို့နယ်များတွင် စတင်ဆောင်ရွက်ကြသည်ကို  တွေ့ရသည်။  ထိုသို့လေ့ကျင့် သင်တန်းပေးခြင်းကို အကြိမ်ပေါင်း ၁၅၈ ကြိမ် ဖွင့်လှစ်မည်ဖြစ်ရာ စိတ်ဝင် စားသူ၊ ဝါသနာပါသူ စေတနာ့ဝန်ထမ်းလူငယ်များ ပေါ်ထွက်လာမည်ဖြစ်၍ လူငယ်များအတွက်လည်းကောင်း၊ ၎င်းတို့၏ရပ်ရွာအတွက်လည်းကောင်း အကျိုးများစွာ ဖြစ်ထွန်းစေမည်ဖြစ်သည်။
 
ကိုယ်ဝန်ဆောင်မိခင်များနှင့်  ၎င်းတို့မှ  မွေးဖွားလာသော  အသက် နှစ်နှစ်အောက် ကလေးသူငယ်များကို  ငွေကြေးထောက်ပံ့ပေးခြင်းအစီအစဉ် တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ရပ်ရွာအခြေပြု စေတနာ့ဝန်ထမ်းသမားများ  ပူးပေါင်းဆောင်ရွက် ကြမည်ဖြစ်သည်။  အဆိုပါ အစီအစဉ်သည်  ရန်ပုံငွေကန့်သတ်ချက်ကြောင့်  တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်    ဆောင်ရွက်ရန်မှာ      မလွယ်ကူသဖြင့်    ဒေသအလိုက်၊   ကဏ္ဍအလိုက်  ခွဲခြားဆောင်ရွက်နေကြသည်။  ယခု အစီအစဉ်တွင် ရပ်ရွာဆီသို့အရောက်သွား၍    လူမှုရေးအထောက်အပံ့ပေးနိုင်ရေး၊   အကျိုးခံစားခွင့်ရှိသူများအား စာရင်းသွင်းမှတ်ပုံတင်ရေး၊ အာဟာရ ဆိုင်ရာ၊ တစ်ကိုယ်ရေသန့်ရှင်းရေးဆိုင်ရာနှင့် မိသားစုအသိပညာပေးရေး လုပ်ငန်းများကို ဆောင်ရွက်ကြမည်ဖြစ်သည်။
 
ထိုအစီအစဉ်ကို  အစိုးရ၏  ခွင့်ပြုဘဏ္ဍာရန်ပုံငွေနှင့်  ကမ္ဘာ့ဘဏ်၏ သက်သာသောချေးငွေများဖြင့် တစ်နိုင်ငံလုံးလွှမ်းခြုံနိုင်အောင် လက်တွေ့ ဆောင်ရွက်မည်ဖြစ်သည်။ ရှေးဦးအရွယ် ကလေးသူငယ်ဘဝမှစ၍ ခန္ဓာကိုယ် ကျန်းမာသန်စွမ်းခြင်းနှင့်    ဦးနှောက်ဖွံ့ဖြိုးတိုးတက်ခြင်းတို့နှင့်ပြည့်စုံပြီး နိုင်ငံနှင့်လူ့အဖွဲ့အစည်းတစ်ခုလုံး   ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ လူ့စွမ်းအားအရင်းအမြစ်များပေါ်ထွန်းလာရေးအတွက်   အရေးပါသောအစီအစဉ်ဖြစ်၍ အဆိုပါအစီအစဉ်တွင်  ပါဝင်ကြရမည်ဖြစ်သလို  နိုင်ငံနှင့်  ပြည်သူအတွက် အကျိုးများသော  စေတနာ့ဝန်ထမ်းလုပ်ငန်းတိုင်းတွင်  လက်တွဲပါဝင်ကြဖို့ လိုမည် ဖြစ်သည်။
သို့ဖြစ်ရာ     ယခုအခါ       ပြည်သူများ၏     ပူးပေါင်းပါဝင်မှုအားသည် အရာရာတွင်   အဓိကကျလျက်ရှိသည်။  စေတနာ့ဝန်ထမ်းဆောင်ရွက်ခြင်းသည် ပြည်သူက  ပြည်သူကို ကူညီဆောင်ရွက်ပေးခြင်းဖြစ်သည်။ ပြည်သူများ၏ အနီးပတ်ဝန်းကျင်တွင်ရှိသည့် အများအကျိုးဆောင်ရွက်လိုသော ပြည်သူများ က မိမိအကျိုးထက် အများအကျိုးကို  ပိုမိုဖြစ်ထွန်းစေမည့် စေတနာ့ဝန်ထမ်း လုပ်ငန်းများတွင်  နိုင်ငံတော်နှင့်အတူလက်တွဲ၍   ပူးပေါင်းဆောင်ရွက်ခြင်း ဖြင့်  ပိုမိုကောင်းမွန်သောလူ့အဖွဲ့အစည်း၊  ငြိမ်းချမ်းသာယာဝပြောသောနိုင်ငံ ဖြစ်လာမည်ဟု ယုံကြည်ပါသည်။         ။