မျက်မှောက်ခေတ် ကမ္ဘာ့နိုင်ငံရေးနှင့် စီးပွားရေးအခင်းအကျင်းတွင် ယဉ်ကျေးမှုကဏ္ဍသည် ရှေ့တန်းသို့ရောက်ရှိလာသည်ဟု ပညာရှင် တို့က ဆိုကြသည်။ ကမ္ဘာ့နိုင်ငံများအချင်းချင်း ပခုံးချင်းယှဉ်ကြရာတွင် အင်အား(Power)က စကားပြောသည်။ ကမ္ဘာ့နိုင်ငံရေးသည် အင်အားနိုင်ငံရေး (Power Politics)ပင်ဖြစ်ရာ ပြီးခဲ့သည့် ၂၀ ရာစု ခေတ်တွင် Hard Power ဟု ခေါ်သည့် အမာထည်အင်အား (စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး)တို့က ပို၍ အရေးပါခဲ့ပြီး ယခု ၂၁ ရာစုခေတ်တွင် မူ Soft Power ဟု ခေါ်သည့် အပျော့ထည်အင်အား (ယဉ်ကျေးမှု၊ လူမှုရေး၊ အတွေးအခေါ်များ)က ပို၍ အရေးကြီးလာသည်။ ၂၀ ရာစု ဝါဒရေးရာ အားပြိုင်မှုများ၏နေရာတွင် ၂၁ ရာစုခေတ်သို့ ရောက်သော အခါ ယဉ်ကျေးမှုရေးရာ အားပြိုင်မှုတို့ ဝင်ရောက်လာသည်။ နိုင်ငံ တစ်နိုင်ငံ၏ ယဉ်ကျေးမှုသည် ယင်းနိုင်ငံ၏ ပြည်တွင်းအရေးအရာ တို့ကို ကျော်လွန်၍ ပြင်ပကမ္ဘာမှ လူ့အဖွဲ့အစည်းများ၊ အခြားနိုင်ငံ တို့နှင့် ဆက်ဆံရေးတို့အထိ အရေးတယူ အလေးအနက်ပြုလာကြ ရသည်ဟုလည်း ပညာရှင်တို့က ဆိုသည်။
ကမ္ဘာ့နိုင်ငံများအားလုံးသည် ကိုးကွယ်ယုံကြည်ရာ ဘာသာနှင့် ပထဝီဝင်ဒေသများအလိုက် ယဉ်ကျေးမှုကိုယ်စီ၊ ကွဲပြားခြားနားသော အမျိုးသားရေး စရိုက်လက္ခဏာကိုယ်စီတို့ရှိကြရာ မတူညီသော ယဉ်ကျေးမှုချင်း ထိပ်တိုက်တိုးပြီး ပဋိပက္ခများဖြစ်ပေါ်လာမည် ဖြစ်သည်ဟု တွေးဆသူရှိသလို မတူခြားနားသော ယဉ်ကျေးမှုချင်း အပြန်အလှန်တုံ့လှယ်ကာ တိုးတက်ဖြစ်ထွန်းမည်ဟူ၍ တွေးဆ သူလည်းရှိခဲ့သည်။ မတူညီသည့် ယဉ်ကျေးမှုချင်း ထိပ်တိုက်တိုး သည့် အယူအဆရော မတူညီသည့် ယဉ်ကျေးမှုချင်း တုံ့လှယ်သည့် အယူအဆပါ မှန်ကန်ကြောင်း၊ မှားယွင်းမှုမရှိကြောင်း ကမ္ဘာ့ဖြစ်ရပ် များမှ သာဓကများကို ထုတ်နုတ်ပြသမှုများလည်းရှိရာ ခြားနား သည့် ယဉ်ကျေးမှုများအကြား ပဋိပက္ခကို ဖြစ်ပေါ်စေမည်လား၊ သဟဇာတကို ရှေးရှုမည်လားဟူသည့် လူတို့၏ ဆင်ခြင်တုံတရား နှင့် ဉာဏ်အမြော်အမြင်တို့အပေါ်တွင် မူတည်နေသည်ဟု ဆိုရမည် ဖြစ်သည်။
မြန်မာနိုင်ငံသည် ရှည်လျားသည့် သမိုင်းကြောင်းရှိပြီး မြန်မာ့ ယဉ်ကျေးမှုသည် ဗုဒ္ဓဘာသာကို အခြေခံသည်ယဉ်ကျေးမှုဖြစ်သည်။ ၎င်းယဉ်ကျေးမှု (Culture) ကို အခြေခံပြီး အမျိုးသားရေးစရိုက် လက္ခဏာ (National Characteristics) ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ‘‘မိမိတို့နိုင်ငံတွင် လူဦးရေ ၅၅ သန်းခန့်ရှိပြီး အများစုမှာ ဗုဒ္ဓဘာသာ ကို ကိုးကွယ်ကြကြောင်း၊ ထို့ကြောင့် ဗုဒ္ဓအဆုံးအမ၏ ယဉ်ကျေးမှု အောက်တွင် မြန်မာ့ယဉ်ကျေးမှုစရိုက်လက္ခဏာ များစွာရှိကြောင်း၊ ရှေးရိုးစွဲခြင်းမဟုတ်ဘဲ နိုင်ငံတစ်ခုကို တည်ဆောက်ရာတွင် အမျိုးသားရေးစရိုက်လက္ခဏာ (National Characteristics) ကို ပထမဆုံး ထည့်သွင်းစဉ်းစားဆောင်ရွက်ရန် အရေးကြီးကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ အိမ်စောင့်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အိမ်စောင့်အစိုးရ အဖွဲ့အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၁)၌ အမှာစကားပြောကြား ရာတွင် ထည့်သွင်းပြောကြားခဲ့သလို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ဦးတည်ချက် (၉)ရပ်တွင်လည်း တိုင်းရင်းသားလူမျိုး အပေါင်းတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး ဦးတည်ချက်တစ်ရပ်ပါရှိသည်။
အမျိုးသားစရိုက်လက္ခဏာများကို ထိန်းသိမ်းစောင့်ရှောက်ခြင်း သည် ကမ္ဘာ့နိုင်ငံအသီးသီးတို့တွင်လည်း နိုင်ငံ၏ အင်အားတစ်ရပ် အဖြစ် တည်ဆောက်နေကြခြင်းဖြစ်သည့်အလျောက် မြန်မာနိုင်ငံတွင် လည်း မိမိတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှုကို ခေတ်နှင့်လျော်ညီစွာ မြှင့်တင်သွားကြရမည်ဖြစ်သည်။ တစ်ဖက်တွင်လည်း မိမိတို့၏ ယဉ်ကျေးမှုကို ဖျက်ဆီးမှုများ၊ တိုင်းတစ်ပါးယဉ်ကျေးမှု ထိုးဖောက် လွှမ်းမိုးမှုများကို ကာကွယ်တားဆီးကြရမည်ဖြစ်သည်။ ရှေးရိုးစွဲ၊ တရားသေ၊ အလုံပိတ်သည့်နည်းဖြင့် မိမိတို့၏ ယဉ်ကျေးမှုကို ဖွံ့ဖြိုး တိုးတက်စေနိုင်မည် မဟုတ်ကြောင်းကိုလည်း သတိပြုဆင်ခြင်ကာ ကမ္ဘာကြည့်ကြည့်မြင်၍ မြန်မာ့ယဉ်ကျေးမှုနှင့် အမျိုးသားစရိုက် လက္ခဏာကို မြှင့်တင်နိုင်ကြ ရမည်ဖြစ်ပါကြောင်း။ ။