
ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (The United Nations Educational, Scientific and Cultural Organization - UNESCO) က ၁၉၆၆ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့တွင် ကျင်းပသည့် (၁၄) ကြိမ်မြောက် UNESCO ညီလာခံ၌ နှစ်စဉ်စက်တင်ဘာလ ၈ ရက်နေ့ကို နိုင်ငံတကာစာတတ်မြောက်ရေးနေ့ (Internatio- nal Literacy Day) အဖြစ် သတ်မှတ်ကြေညာခဲ့သည်။ UNESCO အဆိုအရ ကမ္ဘာ့လူဦးရေ ၇၈၁ သန်းခန့် သည် အခြေခံစာကိုပင် ရေးနိုင်၊ ဖတ်နိုင်စွမ်းမရှိ သေးဟု ဆိုသည်။ တောင်အာရှနှင့် အနောက်အာရှ ဒေသတွင် အရွယ်ရောက်သူ စာတတ်မြောက်မှုနှုန်း သည် အနိမ့်ဆုံးဖြစ်ပြီး ပြည်သူ ၅၈ ဒသမ ၆ ရာခိုင် နှုန်းသာ စာတတ်ကြသည်။
ကမ္ဘာ့လူဦးရေ၏ ၁၇ ရာခိုင်နှုန်းသာကျန်ရှိ
အာဖရိကဒေသသည် ၅၉ ဒသမ ၇ ရာခိုင် နှုန်းရှိပြီး အာရပ်ဒေသသည် ၆၂ ဒသမ ၇ ရာခိုင်နှုန်း ရှိသည်။ ကမ္ဘာ့စာတတ်မြောက်မှုအနိမ့်ဆုံးနိုင်ငံ များမှာ ဘာကီနာဖာဆို (၁၂ ဒသမ ၈ ရာခိုင်နှုန်း)၊ နိုင်ဂျာ (၁၄ ဒသမ ၄ ရာခိုင်နှုန်း)နှင့် မာလီ (၁၉ ရာခိုင်နှုန်း) တို့ဖြစ်ကြသည်။ ၂၀၃၀ ပြည့်နှစ်အထိ ကမ္ဘာတစ်ဝန်းရှိ လူငယ် ၂၀ ရာခိုင်နှုန်းနှင့် အရွယ် ရောက်သူ ၃ဝ ရာခိုင်နှုန်းခန့်သည် စာဖတ်နိုင်လိမ့် မည်မဟုတ်ကြောင်း သိရသည်။ ကမ္ဘာ့ပြည်သူများ သည် စာတတ်မြောက်မှုနှုန်း မြင့်တက်လာလျက် ရှိသည်။ ၁၈၂၀ ပြည့်နှစ်တွင် ကမ္ဘာ့လူဦးရေ၏ ၁၂ ရာခိုင်နှုန်းသာ စာဖတ်တတ်ပြီး လက်ရှိအချိန်တွင် စာမတတ်သူဦးရေသည် ကမ္ဘာ့လူဦးရေ၏ ၁၇ ရာခိုင်နှုန်းသာ ကျန်ရှိတော့သည်ဟု သိရသည်။
လူတစ်ဦးသည် စာဖတ်တတ်၊ ရေးတတ်၊ အခြေခံကိန်းဂဏန်းများကို တွက်ချက်တတ်လျှင် စာတတ်မြောက်သည်ဟု ယေဘုယျအားဖြင့် ဆိုနိုင် သည်။ စာတစ်စောင်ကို ဖတ်ရှုပြီးနောက် ခွဲခြား စိတ်ဖြာနိုင်ခြင်း၊ နားလည်သဘောပေါက်ခြင်းနှင့် အဓိပ္ပာယ်ကောက်ယူနိုင်ခြင်းတို့ကို ဆောင်ရွက်နိုင် မည်ဆိုလျှင်လည်း စာတတ်မြောက်သည်ဟု ဆိုနိုင် သည်။ တစိုက်မတ်မတ် ကြိုးပမ်းအားထုတ်ခြင်း၊ အသိပညာဗဟုသုတ တိုးပွားအောင် လေ့လာ အားထုတ်မှုနှင့် လူမှုဆက်ဆံရေးနယ်ပယ်ကျယ်ပြန့် လာအောင် တည်ဆောက်ခြင်းတို့လည်း ပါဝင်လျက်ရှိ သည်။ ကမ္ဘာတစ်ဝန်း နှစ်စဉ်စက်တင်ဘာလ ၇ ရက် နေ့မှစတင်၍ ၈ ရက်နေ့အထိ စာတတ်မြောက်ရေး လှုပ်ရှားမှုများ ဆောင်ရွက်လျက်ရှိကြသည်။
မြန်မာနိုင်ငံတွင်လည်း ခေတ်အဆက်ဆက်တွင် စာတတ်မြောက်ရေးလှုပ်ရှားမှုများကို အမျိုးသားရေး အသွင်ဖြင့် အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့ကြသည့် လူထုပညာရေးသင်တန်းများ၊ အခြေခံစာ တတ်မြောက်ရေးသင်တန်းများ၊ အခြေခံပညာမူလ တန်းကျောင်းမရှိသောဒေသများတွင် ဘုန်းတော်ကြီး သင်ပညာရေးကျောင်းများဖွင့်လှစ်ပြီး စတင် သင်ကြားမှုများဖြင့် ကြိုးပမ်းဖော်ဆောင်ခဲ့သဖြင့် ၁၉၆၃ ခုနှစ်တွင် စာတတ်မြောက်မှုနှုန်းသည် ၅၇ ရာခိုင်နှုန်းအထိ ပြန်လည်မြင့်တက်လာခဲ့သည်။
၁၉၆၄ ခုနှစ် နွေရာသီတွင် မိတ္ထီလာမြို့နယ် အရှေ့စံပြကျေးရွာ၌ အခြေခံစာတတ်မြောက်ရေး ဖြစ်သည့် အရေး၊ အဖတ်၊ အတွက်တို့ တတ်မြောက်ရန် စတင်စမ်းသပ်သင်ကြားပေးခဲ့သည်။
ရန်ကုန် ဆရာအတတ်သင်သိပ္ပံကျောင်းမှ ကျောင်းသားလေးဦးသည် ထိုကျေးရွာရှိ ကျောင်းနေ အရွယ်လွန် စာမတတ်သူများအား အခြေခံစာတတ် မြောက်မှုဖြစ်သည့် အရေး၊ အဖတ်၊ အတွက်တို့ကို တတ်မြောက်ကျွမ်းကျင်အောင် သင်ကြားပေးနိုင်ခဲ့ သည်။ မြန်မာနိုင်ငံတွင် “အ” သုံးလုံးအစ “မိတ္ထီလာ” ကဟုဆိုသောစကားကို လူထုနှုတ်ဖျားတွင် သမိုင်းဝင် ပြောစမှတ်ပြုခဲ့ရသည်။
လူထုလှုပ်ရှားမှုအသွင်ဖြင့်
၁၉၆၆ ခုနှစ်တွင် စာတတ်မြောက်ရေးဗဟို ကော်မတီဖွဲ့စည်း၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြန့်ကြက်ဆောင်ရွက်ခဲ့သည်။ စာတတ်မြောက်ရေး လှုပ်ရှားမှုများကို တစ်နိုင်ငံလုံးရှိ ပြည်သူများက အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူပြီး လူထုလှုပ်ရှားမှုအသွင်ဖြင့် အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့ကြသဖြင့် ယူနက်စကိုအဖွဲ့ကြီးက ၁၉၇၁ ခုနှစ်တွင် “မိုဟာမက်ရီဇာပါလာဗီ” ဆုကို လည်းကောင်း၊ ၁၉၈၃ ခုနှစ်တွင် “နိုမာ” ဆုကို လည်းကောင်း၊ ထိုက်တန်စွာပေးအပ်ချီးမြှင့်ခဲ့သည်။
မြန်မာနိုင်ငံသည် ကိုယ့်ထီးကိုယ့်နန်း ကိုယ့် ကြငှန်းနှင့် တည်တံ့စွာရပ်တည်နိုင်ခဲ့သော ရှေးခေတ် ဘုရင်များလက်ထက်က စာတတ်မြောက်မှုနှုန်း မြင့်မားခဲ့သည်။ ထိုခေတ်က ဘုန်းတော်ကြီးသင် စာပေသင်ကြားမှု အကျိုးကျေးဇူးများကြောင့် စာတတ်မြောက်မှုနှုန်းသည် ၈၅ ရာခိုင်နှုန်းအထိပင် ရှိခဲ့သည်။ သို့သော် ကိုလိုနီလက်အောက်မှ လွတ်လပ် ရေးပြန်လည်ရရှိသည့်အချိန်အခါတွင်မူ နိုင်ငံ၏ စာတတ်မြောက်မှုနှုန်းသည် ၃၅ ရာခိုင်နှုန်းအထိ ထိုးကျသွားခဲ့ခြင်းသည် ဝမ်းနည်းဖွယ်ရာဖြစ်ရပ်ပင် ဖြစ်သည်။
မျက်မှောက်ကာလတွင် သိပ္ပံနှင့်နည်းပညာ တိုးတက်မှုအရှိန်ကြောင့် လကမ္ဘာသို့တိုင် လူသားများ ခြေချနိုင်သော်လည်း ကမ္ဘာမြေပေါ်တွင် စာမတတ် မြောက်သူ ကျန်ရှိနေဆဲဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်တစ်ရပ်ထားရှိပြီး ထိရောက်အောင်မြင် အောင် ကြိုးပမ်းဆောင်ရွက်သွားကြရမည် ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုကို သက်ဆိုင်ရာ နိုင်ငံ၏ စာတတ်မြောက်မှုနှုန်းဖြင့် တိုင်းတာလေ့ရှိ သည်။ ၂၁ ရာစုကို ပညာခေတ်ဟုခေါ်တွင်နေကြပြီး စာဖတ်တတ်ရန်သာမက မြန်မာ့အရေးနှင့် ကမ္ဘာ့ ရေးရာ ဗဟုသုတအဖြာဖြာကို လေ့လာသိရှိ တွေးခေါ် မြော်မြင်နိုင်သည်အထိ အကျိုးဖြစ်ထွန်းမှုရှိပေသည်။ စာတတ်မြောက်ခြင်းသည် လူသားများအတွက် စွမ်းအားတစ်ရပ်ဖြစ်ရာ လူတိုင်းစာတတ်မြောက်ရန် အရေးပါသကဲ့သို့ စာတတ်သူတိုင်း မိမိတတ်ပြီး သည့်စာ မမေ့စေရေး အရေးကြီးသည်။
မြန်မာ့လူ့ဘောင်အဖွဲ့အစည်း ပေါ်စကပင် မြန်မာတို့၏စာပေသည် ကျောက်စာများ၊ ပုရပိုက် စာများဖြင့် စာပေရေးသားမှု ပုံသဏ္ဌာန်အဆင့်ဆင့် ပုဂံ၊ အင်းဝ၊ တောင်ငူ၊ ညောင်ရမ်းမှသည် ယနေ့ ကာလတိုင် တိုးတက်ပြောင်းလဲလာခဲ့သည်။ မြန်မာ စာပေသမိုင်းသည် မြန်မာတို့၏ဇာတိမာန်၊ အရည် အသွေး၊ အတွေးအခေါ် အသိပညာဆိုင်ရာမြင့်မားမှု ပြယုဂ်များပင် ဖြစ်သည်။ အမျိုးသမီးများ စွမ်းရည် မြင့်မားရေးအတွက် စာတတ်မြောက်ခြင်းက အဓိကကျသည့် အခန်းကဏ္ဍကပါဝင်နေကြောင်း မီးမောင်းထိုးပြထားသည်။ စာတတ်မြောက်ခြင်း သည် အမျိုးသမီးတို့၏ ဘဝလူနေမှုအဆင့်အတန်း ကိုသာမက ၎င်းတို့၏မိသားစု၊ ရပ်ရွာလူ့အဖွဲ့ အစည်းကိုပါ ပြောင်းလဲစေနိုင်သည်။ အမျိုးသမီး များ စာတတ်မြောက်ရေးသည် အဓိကတွန်းအား ပေးမှုခံရသော လုပ်ငန်းတစ်ရပ်ဖြစ်လာသည်။ စာပေတတ်မြောက်ခြင်းဖြင့် ဘဝအလင်းထိန်လင်း စေမည်ဖြစ်သည်။
စာအုပ်စာပေများသာဖြစ်
စာတတ်မြောက်ခြင်းနှင့် စာပေဖတ်ရှုခြင်း သည် လူသားများအတွက် စွမ်းအားတစ်ရပ်ဖြစ်ပေ ရာ လူတိုင်းစာတတ်မှ စာဖတ်နိုင်မည်။ ဖတ်ရန်စာ များလည်း စာကြည့်တိုက်တွင် အသင့်ရှိပေသည်။ လူတစ်ဦးချင်းမှ မိသားစုနှင့် ပတ်ဝန်းကျင် လူမှု ဆက်ဆံရေးကို စာပေတန်ခိုးဖြင့် တိုးတက်ဖြစ်ထွန်း စေနိုင်သည်။ စာပေမှ အသိပညာဗဟုသုတများ ရရှိစေသဖြင့် တွေးခေါ်မြော်မြင်မှုကို မြင့်မားစေပြီး မိမိကိုယ်မိမိ ယုံကြည်မှုအပြည့်အဝရရှိစေသည်။ စာတတ်မြောက်ရေးကို လျစ်လျူရှုပြီး စာပေနှင့် ဝေးကွာသူတို့က ဒုက္ခဆင်းရဲတွင်းကျသည့်ဘဝမျိုး တွင် စမ်းတဝါးဝါးလျှောက်လှမ်းရင်း လမ်းပျောက်ရ သကဲ့သို့ မှောင်မိုက်သောဘဝတွင် အလင်းပျောက် ပေလိမ့်မည်။ ဘဝအလှဖန်ဆင်းရှင်မှာ ပညာမီးရှူး တိုင်မှ လင်းထိန်ဖြာထွက်လာသည့် စာအုပ်စာပေ များသာဖြစ်ပေသည်။
ကမ္ဘာ့ကုလသမဂ္ဂ စစ်တမ်းကောက်ယူချက် အရ အနောက်နိုင်ငံများ၌ စာတတ်မြောက်သူ ဦးရေမှာ ၉၀ ရာခိုင်နှုန်း ဖြစ်သည်။ စာတတ် မြောက်မှု ၁၀၀ ရာခိုင်နှုန်းရှိသည့် အနောက်နိုင်ငံ ၁၅ နိုင်ငံပင်ရှိသည်။ အနောက်နိုင်ငံများတွင် အခြေခံပညာသင်ယူတတ်မြောက်ပြီးသည့် အရေ အတွက်မှာ ၉၈ ရာခိုင်နှုန်းရှိသည်။ အမေရိကန် နိုင်ငံတွင် လူတစ်သန်းလျှင် သိပ္ပံပညာရှင် လေးထောင်နှုန်းရှိသည်။ ဂျပန်နိုင်ငံတွင် လူတစ် သန်းလျှင် သိပ္ပံပညာရှင် ငါးထောင်နှုန်းရှိသည်။ အမေရိကန်နိုင်ငံတွင် တက္ကသိုလ်ပေါင်း ၅၇၅၈ ကျောင်းရှိနေသည်။ အိန္ဒိယနိုင်ငံတွင် တက္ကသိုလ် ကျောင်းပေါင်း ၈၄ဝ၇ ကျောင်းရှိနေသည်။ ပညာမဲ့ လျှင် စိတ်ဓာတ်ခွန်အားချည့်နဲ့စေသည်။ ခေတ်မီ နည်းပညာ အသုံးမပြုနိုင်လျှင် အနာဂတ်ကာလ ဖွံ့ဖြိုးတိုးတက်မှုမှာ နည်းပညာအဆင့်အတန်း မြင့်မားသူများအတွက်သာ တစ်ဖက်စောင်း ဖြစ်သွားနိုင်သည်။
စာတတ်မြောက်ရေး သမိုင်းဝင်လှုပ်ရှားမှု
မြန်မာနိုင်ငံ၏ စာတတ်မြောက်ရေး သမိုင်း ဝင်လှုပ်ရှားမှုကြီးသည် ၁၉၆၄ ခုနှစ်မှ ၁၉၈၈ ခုနှစ် အထိ ၂၄ နှစ်တာကာလအတွင်း တက္ကသိုလ် ကျောင်းသား ကျောင်းသူ သုံးသိန်းခန့်က လုပ်အား ပေးခဲ့ကြကာ ပြည်သူပေါင်း နှစ်သန်းလေးသိန်း ကျော် စာတတ်မြောက်သွားခဲ့သည်။ ၁၉၄၈ ခုနှစ်မှ ၁၉၆၄ ခုနှစ်ကာလတွင် ၃၅ ရာခိုင်နှုန်းမှ ၁၉၆၃ ခုနှစ်တွင် ၅၇ ရာခိုင်နှုန်းအထိ မြင့်တက်လာ၏။ ၁၅ နှစ်အတွင်း ၂၂ ရာခိုင်နှုန်း တိုးတက်လာသည့် အကြောင်း ထိုစဉ်က ပညာရေးကောင်စီက လူထု ပညာရေးသင်တန်းနှင့် “အ” သုံးလုံးကျေသင်တန်း များဖွင့်ခဲ့ခြင်း၊ တပ်မတော်တွင် “အ” သုံးလုံး သင်တန်းဖွင့်လှစ်ခြင်း၊ ဘုန်းတော်ကြီးကျောင်း ပညာရေးစီမံကိန်း ချမှတ်ဆောင်ရွက်ခဲ့ခြင်းတို့ ကြောင့်ဖြစ်သည်။
၁၉၆၄ ခုနှစ်၌ စာတတ်မှုနှုန်းသည် ၅၇ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့သည်။ “တစ်အိမ်လုံး စာတတ်ဖို့ တစ်ရပ်လုံးကူညီ”၊ “စာမတတ်သူတို့ ဝိုင်းကူ” စသော ကြွေးကြော်သံဆောင်ပုဒ်များဖြင့် အားပေးခဲ့ရာ ၁၉၈၈ ခုနှစ်တွင် ၈၀ ဒသမ ၀၄ ရာခိုင်နှုန်းအထိ တိုးတက်လာကြသည်။ ရပ်ရွာ ပညာပဒေသာဌာနများ၏ အားဖြင့်လည်း စာတတ် မြောက်ရေးကို စွမ်းဆောင်နိုင်သည်။ အခြေခံ စာတတ်မြောက်ရေး၏ ရည်ရွယ်ချက်မှာ လက်ရေး မူ (သို့မဟုတ်) ပုံနှိပ်မူကို ကောင်းစွာဖတ်နိုင်၊ ရေးနိုင်၊ တွက်နိုင်ရန်ဖြစ်သည်။ သတင်းစာ၊ ဂျာနယ်ဖတ်ခြင်း၊ ဆိုင်းဘုတ်ခေါင်းစဉ်များ ဖတ် ခြင်းဖြင့် စာတိုငညိုထုံး နှလုံးမူသင့်သည်။ ရပ်ရွာ ပညာပဒေသာဌာနများတွင်လည်း ဆည်းပူးရာ၏။ အဆင့်အတန်းအမျိုးမျိုးကို သင်ယူရရှိရာဌာနသည် ရပ်ရွာပညာပဒေသာဌာနများဖြစ်သည်။ ဤဌာန များ တိုးချဲ့ဖွင့်လှစ်ခြင်းဖြင့် ၂၁ ရာစု စာတတ်မြောက် ရေးကို အထောက်အကူပြုနေမည်သာ ဖြစ်သည်။
ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်မည့်မြန်မာနိုင်ငံသည် လူတိုင်းအတွက် ပညာရေးအစီအစဉ်ကို ဦးလည် မသုန်ထမ်းရွက်၍ စာတတ်မြောက်ရေးကို အောင်မြင် အောင်ဆောင်ရွက်ရန် အထူးလိုအပ်သည်ဖြစ်ရာ ၂၀၀၁ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်တွင် ကျင်းပသော ကုလသမဂ္ဂအထွေထွေညီလာခံကြီးက ၂၀၀၃ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ ဆယ်စုနှစ်ကို ကုလသမဂ္ဂ စာတတ် မြောက်ရေး ဆယ်စုနှစ်အဖြစ် သတ်မှတ်ခဲ့သည်။ လူတိုင်းစာတတ်မြောက်ရေးကို အခြေခံအကျဆုံး ပညာရေးအဖြစ် အလေးအနက်ခံယူခဲ့သည်။ ကုလ သမဂ္ဂ၏ ဆယ်စုနှစ်စာတတ်မြောက်ရေးကို ဝိုင်းဝန်း ကူညီရာရောက်မည်ဟု နှလုံးသွင်းခဲ့သူတို့၏ စေတနာက ၂၁ ရာစု စာတတ်မြောက်ရေးကို ကမ္ဘာ တစ်ဝန်း အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်မှု ပြယုဂ်ဖြစ်တော့သည်။
၁၉၈၈ ခုနှစ် အခြေခံစာရင်းဇယားများအရ မြန်မာနိုင်ငံ၏ သက်ကြီးစာတတ်မြောက်မှုနှုန်းမှာ ၈ဝ ဒသမ ၈၄ ရာခိုင်နှုန်းရရှိခဲ့သည်။ ၁၉၉ဝ ပြည့်နှစ် တွင် ထိုင်းနိုင်ငံ ဂျွန်တီယံမြို့၌ လူတိုင်းအတွက် ပညာရေးဆိုင်ရာ ကမ္ဘာ့ညီလာခံကို ကျင်းပပြီးနောက် သက်ကြီးစာတတ်မြောက်ရေးလုပ်ငန်းကို ပညာရေး စီမံကိန်းအသွင်ဖြင့် ရေးဆွဲဆောင်ရွက်ခဲ့သည်။ ၁၉၉၆ ခုနှစ်မှစ၍ မြန်မာနိုင်ငံပညာရေးသုတေသန အဖွဲ့ ဦးစီးဌာနက ဦးဆောင်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးအလိုက် မိမိဒေသ၏ လိုအပ်ချက် နှင့်အညီ စာတတ်မြောက်ရေးလုပ်ငန်းစီမံချက်များကို ရေးဆွဲဆောင်ရွက်ခဲ့သည်။ ၁၉၉၆ ခုနှစ်မှစ၍ လူတိုင်းအတွက် ပညာရေးစီမံကိန်းရေးဆွဲချမှတ် ဆောင်ရွက်မှုကြောင့် ၂ဝဝဝ ပြည့်နှစ်၌ သက်ကြီး စာတတ်မြောက်မှုနှုန်း ၉၁ ရာခိုင်နှုန်းအထိ မြင့်မားလာခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် သက်ကြီးစာတတ် မြောက်မှုနှုန်းမှ ၉၅ ဒသမ ၀၈ ရာခိုင်နှုန်း ရရှိခဲ့သည်။
စာသင်ဝိုင်းပေါင်း ၂၀၁၅ ခု
တက္ကသိုလ်ရှစ်ခုမှ စေတနာ့ဝန်ထမ်း စာတတ် မြောက်ရေးလုပ်အားပေးကျောင်းသား ကျောင်းသူ များသည် ကြီးကြပ်သူများလိုက်ပါလျက် ၂၀၁၃ ခုနှစ် ဧပြီ ၁ ရက်မှ မေ ၁၅ ရက်အထိ ၄၅ ရက်တာ ကာလအတွင်း ကရင်ပြည်နယ်တွင် ဘားအံမြို့နယ်၊ မွန်ပြည်နယ်တွင် မုဒုံမြို့နယ်နှင့် ကျိုက်ထိုမြို့နယ်၊ ချင်းပြည်နယ်တွင် တီးတိန်မြို့နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီးတွင် ချောင်းဦးမြို့နယ်၊ ရေဦးမြို့နယ်နှင့် တမူးမြို့နယ်၊ မကွေးတိုင်းဒေသကြီးတွင် ငဖဲမြို့နယ် နှင့် ရေစကြိုမြို့နယ်များသို့ သွားရောက်၍ နွေရာသီ စာတတ်မြောက်ရေးလုပ်ငန်းတွင် ပါဝင်ဆောင်ရွက် ကြသည်။ ပညာရေးဝန်ထမ်းများနှင့် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ စာရင်း ပြုစုမှုအရ စာသင်ဝိုင်းပေါင်း ၂၀၁၅ ခုတွင် သင်ယူ သူစုစုပေါင်း ၂၂၄၁၇ ဦးရှိခဲ့သည်။
မြန်မာနိုင်ငံတွင် တစ်ချိန်က စာတတ်မြောက်မှု မရှိသူတို့အပေါ် “စာပေမတတ် ကြက်ခြေခတ်” ဟု ခိုင်းနှိုင်းပြောဆိုလေ့ရှိရာမှ ယခုအခါ လက်ကိုင်ဖုန်း မသုံးတတ်ခြင်းမှအစပြု၍ ကွန်ပျူတာ၊ အင်တာနက် မသုံးတတ်သည့် အနေအထားမျိုးကို “ဒစ်ဂျစ်တယ် စာမတတ်မှု”ဟု နှိုင်းယှဉ်ပြောဆိုလာရသည်။ ဒစ်ဂျစ်တယ်စာတတ်မြောက်မှုဟူသည် ဒစ်ဂျစ်တယ် ပစ္စည်းများကို အသုံးပြုကာ ဒစ်ဂျစ်တယ်နည်းပညာ ဖြင့် ရှာဖွေခြင်း၊ စုစည်းခြင်း၊ သဘောပေါက်စေခြင်း၊ ခွဲခြမ်းစိတ်ဖြာခြင်း၊ သတင်းအချက်အလက်ပိုင်းဆိုင်ရာ ကို ထိရောက်စွာ အသုံးပြုခြင်းဖြစ်သည်။ သတင်းနှင့် နည်းပညာခေတ်တွင် လူတိုင်းက တိကျမှန်ကန်သည့် သတင်းအချက်အလက်များကို အလွယ်တကူရရှိနိုင် သည်။ ပုံမှန်မီဒီယာထက်သာလွန်၍ အွန်လိုင်းပေါ် ရှိသတင်းများကို ကိုယ်နှင့်မကွာ ဖတ်ရှုနိုင်လာသည်။
နည်းပညာတိုးတက်မှု မြန်ဆန်နေသည့် ယနေ့ကာလတွင် သုံးစွဲသူတိုင်းက ဒစ်ဂျစ်တယ် ဆိုင်ရာ တတ်သိနားလည် အကျွမ်းဝင်ရေးကို မဖြစ်မနေ လေ့လာဆည်းပူးကြရသည်။ ဒစ်ဂျစ် တယ် စာတတ်မြောက်ရေးလှုပ်ရှားမှုများကို ဝိုင်းဝန်းလုပ်ဆောင်လာကြရသည်။ နေ့စဉ်နှင့်အမျှ ဖြစ်ထွန်းနေသည့် အဆင့်မြင့်နည်းပညာရပ်ဆိုင်ရာ လုပ်ငန်းမှန်သမျှကို လုပ်ဆောင်လာနိုင်မည်ဖြစ်ပြီး ထိုနည်းပညာများကို မည်သို့မည်ပုံအသုံးပြုရမည် ကို သိရှိခြင်းကပင်လျှင် ဒစ်ဂျစ်တယ်စာတတ် မြောက်ခြင်းဖြစ်သည်ဟု လက်ခံလာကြရသည်။
ကမ္ဘာ့နိုင်ငံအသီးသီး၏ စာတတ်မြောက်နှုန်း ကို နှိုင်းယှဉ်တင်ပြရလျှင် လူဦးရေထူထပ်သော နိုင်ငံများ၊ ပြည်တွင်းငြိမ်းချမ်းရေးလိုအပ်နေသော နိုင်ငံများ အာဖဂန်နစ္စတန်၊ တောင်ဆူဒန်၊ ဆိုမာ လီယာ၊ စားနပ်ရိက္ခာအကျပ်အတည်းနှင့် ကြုံတွေ့ နေရသည့် အာဖရိကနိုင်ငံများ အီသီယိုးပီးယား တို့တွင် စာတတ်မြောက်နှုန်းသည် ၅၀ ရာခိုင်နှုန်း အောက်တွင်သာရှိကြောင်းနှင့် လူ့စွမ်းအားအရင်း အမြစ် ဖွံ့ဖြိုးသောနိုင်ငံများ (အင်ဒိုရာနိုင်ငံ၊ ဖင်လန်နိုင်ငံ၊ လင်ချီစတိုင်း၊ လူဇင်ဘတ်၊ နော်ဝေ နိုင်ငံ) တို့၏ စာတတ်မြောက်မှုနှုန်းများမှာ ၁ဝဝ ရာခိုင်နှုန်းအပြည့် ပိုင်ဆိုင်မှုရှိကြောင်း လေ့လာ သိရှိရသည်။
သက်ကြီးစာတတ်မြောက်ရေးနှင့် စာဖတ် ခြင်းအလေ့အထသည် ဆက်စပ်နေ၏။ လေ့လာ တတ်မြောက်ပြီးသောစာပေများကို မေ့ပျောက် မသွားစေရန် စာဖတ်ခြင်းအလေ့အထများ ရှင်သန် နေသင့်ပါသည်။ စာဖတ်ဝိုင်း၊ စာကြည့်အသင်းများ ထူထောင်ပြီး စာဖတ်ခြင်းအလေ့အထများ ပြုလုပ် ပေးမည်ဆိုပါက သက်ကြီးစာတတ်မြောက်မှုသည် ပိုမိုထိရောက်မှုရှိလာမည်ဖြစ်ပါကြောင်း ရေးသား လိုက်ရပါသည်။ ။
- Log in to post comments