ကျောင်းဝန်းကျင်ကောင်းများ ဖြစ်ထွန်းရေး

မြန်မာနိုင်ငံတွင် ကျောင်းသား ကျောင်းသူ၊ လူငယ်လူရွယ်များ၏ လူဦးရေ ပမာဏသည် လူငယ်အားလုံး၏ထက်ဝက်ခန့်ရှိသည်။ လူငယ်လူရွယ် များသည် တိုင်းပြည်အနာဂတ်အတွက် အားထားရမည့် မျိုးဆက်သစ်များ ဖြစ်၍ ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးရမည်ဖြစ်သည်။
 
ပညာသင်ကြား လူငယ်လူရွယ်များမှာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးတွင် အမွေခံကောင်းများဖြစ်၍ ပညာတတ်မြောက်ထူးချွန်ရေးအတွက် သာမက စိတ်ဓာတ်၊ စာရိတ္တ၊ ကျန်းမာကြံ့ခိုင်မှု စသည့် ဘက်စုံဖွံ့ဖြိုးတိုးတက်မှု ရှိအောင် စဉ်ဆက်မပြတ် ဖန်တီးဖော်ဆောင်ပေးနေသည်။ မတ်လ ၂ ရက် နေ့က ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ တက္ကသိုလ်၊ ကောလိပ် များတွင် သက်ရွယ်အဆင့်တူ  ကျန်းမာရေးပညာပေးအစီအစဉ် စတင် ဆောင်ရွက်ခဲ့သည်။
 
အဆိုပါအစီအစဉ်သည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ လမ်းညွှန် ချက်ကို အကောင်အထည်ဖော်သည့်အစီအစဉ်ဖြစ်သလို တစ်နိုင်ငံလုံးရှိ ကျောင်းသား ကျောင်းသူ၊ လူငယ်လူရွယ်များစုဝေးရာဖြစ်သည့် ကျောင်းများ၊ တက္ကသိုလ်၊ ကောလိပ်များနှင့်       ပြည်သူလူထုအနီးပတ်ဝန်းကျင်တွင် စိတ်ဓာတ်၊ စာရိတ္တ၊ ကျန်းမာကြံ့ခိုင်စေရန် ဖော်ဆောင်ပေးခြင်းဖြစ်သည်။ မျက်မှောက်ကာလတွင် ကျောင်းသား ကျောင်းသူ၊ လူငယ်လူရွယ်များ ပတ်ဝန်းကျင်တွင် မူးယစ်ဆေးဝါးအန္တရာယ်ကင်းဝေးစေရေး၊ ဆေးလိပ်နှင့် အရက်ကင်းစင်စေရန် အဓိကလိုအပ်လျက်ရှိသည်။ 
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က  မူးယစ်ဆေးဝါးအန္တရာယ် ကင်းစင် ပပျောက်ရေး၊ ဆေးလိပ်၊ ဆေး ရွက်ကြီးနှင့် ကွမ်းယာသုံးစွဲမှု ကင်းစင်ပပျောက် ရေး၊ အရက်အလွန်အကျွံသောက်သုံးခြင်းနှင့် နောက်ဆက်တွဲအန္တရာယ်များ လျှော့ချရေး၊ ကျန်းမာရေးနှင့်ညီညွတ်သည့် လူနေမှုဘဝပုံစံများ လိုက်နာ ကျင့်သုံးရေး၊ ယာဉ်အန္တရာယ်နှင့် လမ်းအန္တရာယ်တို့ကြောင့် ထိခိုက်ဒဏ်ရာ ရရှိမှု လျော့နည်းပပျောက်ရေး၊ မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ  အသိ ပညာဗဟုသုတများကို ထည့်သွင်းသင်ကြားပေးနိုင်ရေးနှင့် ဂိမ်းအလွန် အကျွံစွဲလမ်းမှုပပျောက်ရေးဟူသည့် လမ်းညွှန်ချက် (၇) ရပ်ကို ချမှတ်ပေး ထားရာ ယင်းအချက်များသည် လူငယ်လူရွယ်များ အသက်ရှည်ကျန်းမာ ဘေးဘယာကင်းဝေးမည့် လိုက်နာရမည့်အချက်များဖြစ်သည်။
 
အရက်သေစာနှင့် မူးယစ်ဆေးကဲ့သို့   စွဲလမ်းစေတတ်သောအရာများ ကင်းဝေးရေး  ကျောင်းသား ကျောင်းသူများအား အသိပညာပေးရာတွင် အခြေခံပညာကျောင်းများ၌  ပညာသင်ကြားနေကြသော  လူဦးရေ  ၁၀ သန်းခန့်ရှိသည့်  ကျောင်းသား၊  လူငယ်များကိုလည်း  စတင်အသိပညာ ထည့်သွင်းပေးခြင်းဖြင့် ပိုမိုအခြေခံခိုင်မြဲသည့် လူငယ်ပတ်ဝန်းကျင်ကောင်း တစ်ရပ်ကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်သည်။ လမ်းညွှန်ချက် (၇) ရပ်တွင် အဓိကသက်ဆိုင်သည့် သက်ရွယ်ဆင့်တူ ပညာပေးမှုကဏ္ဍများကို ခွဲခြား ဆောင်ရွက်ခြင်းဖြင့် ပိုမိုထိရောက်သော ဝန်းကျင်ကောင်းများ ဖြစ်ထွန်းစေ မည်ဟု ယုံကြည်ပါသည်။
ပထမဦးစားပေး အစီအစဉ် (၁)မှာ မူးယစ်ဆေးဝါးပင် ဖြစ်သည်။ မူးယစ် ဆေးဝါးသုံးစွဲခြင်းသည် ကိုယ်ခန္ဓာတစ်ခုလုံး ထိခိုက်ပျက်စီးခြင်း၊ ဉာဏ်ရည် ထုံထိုင်းခြင်း၊ စိတ်ရောဂါများဖြစ်ပွားခြင်း၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး ဘက်ပေါင်းစုံ ထိခိုက်ပျက်စီးခြင်းကို ခံစားရမည်ဖြစ်၍ အလေး ထားဆောင်ရွက်ရမည် ဖြစ်သည်။ ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် အရက်သေစာ သုံးစွဲခြင်းသည် ရေတိုကျန်းမာရေးထိခိုက်ပြီး ရေရှည်တွင် ရောဂါစွဲကပ် စေသဖြင့် ဒုတိယဦးစားပေးဆောင်ရွက်သင့်သည်။ မျက်မှောက်ကာလတွင် လူငယ်လူရွယ်တိုင်း မိုလ်ဘိုင်းဖုန်းမှတစ်ဆင့် အသုံးပြုလေ့ရှိသည့် ဂိမ်းအလွန် အကျွံစွဲလမ်းမှုသည် ကိုယ်လက်လှုပ်ရှားမှုနည်းပါးခြင်း၊ ပညာရေး၊ ကျန်းမာ ရေး၊ လူမှုရေးတို့ ထိခိုက်လာနိုင်သောကြောင့် အခြားကောင်းမွန်သော ဘက်တွင် စိတ်ဝင်စားမှုမြင့်တက်လာအောင် ဖန်တီးပေးသင့်သည်။ ကျောင်း သား ကျောင်းသူများ နေ့စဉ်နှင့်အမျှ ကျောင်းတက်ရာ၌ ယာဉ်အန္တရာယ် ကင်းဝေးရေးကို ဦးစားပေးရမည်ဖြစ်ပြီး လူငယ်လူရွယ်များဖြစ်၍ မျိုးဆက်ပွား ကျန်းမာရေးကိုလည်း အသိပညာဗဟုသုတပေးကြရမည်ဖြစ်သည်။
 
သို့ဖြစ်ရာ ကျောင်းသား ကျောင်းသူများအတွက် ဤအစီအစဉ်များသည် နိုင်ငံတော်၏စီမံချက်များဖြစ်ပြီး အနာဂတ်တာဝန်ကို ပခုံးပြောင်း တာဝန် ယူကြရမည့် ကျောင်းသား ကျောင်းသူ၊       လူငယ်လူရွယ်များအားလုံး ဘေးအန္တရာယ်ကင်းဝေးပြီး ကျန်းမာကြံ့ခိုင်ခြင်း၊ စိတ်ဓာတ်နှင့် အကျင့်စာရိတ္တ ခိုင်ကျည်မြဲမြံခြင်း အကျိုးကျေးဇူးများရရှိမည့် အစီအစဉ်များ အောင်မြင် အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။      ။