စည်းကမ်းကိုယ်စီ လိုက်နာပါမှ ကပ်ရောဂါဘေး ကင်းဝေးနိုင်မည်

 

 

ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်းသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် များစွာကျဆင်းသွားပြီဖြစ်သည်။ သို့ရာတွင် ဒေသအလိုက် ခွဲခြား ကြည့်ပါက ကူးစက်မှုနှုန်းမလျော့ဘဲ တန်းနေဆဲ၊ အချို့ဒေသတွင် ကူးစက်မှုမြင့်မားနေဆဲဖြစ်သည့်အတွက်  သတိ၊  ဝီရိယ၊  လုံ့လ ဥဿာဟတို့ လျှော့၍မရသေးဟု ဆိုရမည်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း မြင့်တက်မှုကို ထိန်းချုပ်နိုင်ရန် အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟို အဖွဲ့ ဖွဲ့စည်း၍ ပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး၊ ပြည်ပမှ ကာကွယ်ဆေးများ ဝယ်ယူရရှိနိုင်ရေး၊ ကာကွယ်ရေးပစ္စည်း များပြည့်စုံစွာ   တစ်နိုင်ငံလုံးဖြန့်ကြက်နိုင်ရေး  ဘက်ပေါင်းစုံမှ ဆောင်ရွက်ခဲ့မှု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၏ ပြည်သူ များ ကိုဗစ်-၁၉ ဆိုင်ရာ စည်းကမ်းချက်များ လိုက်နာစေရန် ဆောင် ရွက်ခဲ့မှု၊ ပြည်သူများ၏ လိုက်နာပူးပေါင်းဆောင်ရွက်မှုများကြောင့် ကူးစက်မှုနှုန်းများ ယခုကဲ့သို့ ကျဆင်းလာခဲ့ရခြင်းဖြစ်သည်။ 
ကျန်းမာရေးစောင့်ရှောက်မှုစနစ် ခေတ်မီအဆင့်မြင့်မားပြီး ဓန အင်အားကြီးမားသည့်     ကမ္ဘာ့ထိပ်တန်းနိုင်ငံကြီးတွင်    ဓာတ်ခွဲ အတည်ပြုလူနာနှင့် သေဆုံးလူနာအရေအတွက်တို့ ကမ္ဘာ့ထိပ်ဆုံး ရောက်နေရခြင်း၌ ယင်းနိုင်ငံရှိ ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှု အားနည်းချက်ကို တွေ့ရသည်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးရန် ငြင်းဆိုခြင်း၊ ပါးစပ်နှာခေါင်းစည်းတပ်ရန် ငြင်းဆိုခြင်း အပါ အဝင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်း လမ်းညွှန်ချက်များအပေါ် လိုက်နာမှုအားနည်း ခြင်းတို့ကြောင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှင့် သေဆုံးမှုတို့ ကမ္ဘာ ပေါ်တွင်  အများဆုံးအခြေအနေသို့  ရောက်ရှိစေခဲ့ခြင်းဖြစ်သည်။ စည်းမျဉ်း စည်းကမ်းများကို မလိုက်နာပါက ကမ္ဘာ့ထိပ်တန်းနိုင်ငံကြီး ကိုပင် ကိုဗစ်-၁၉ က မျက်နှာသာမပေးသည်ကို မိမိတို့သင်ခန်းစာ ယူကြရန် လိုသည်။
“ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် မြို့များတွင် စည်းကမ်း လိုက်နာမှုများရှိပြီး နယ်များတွင် စည်းကမ်းလိုက်နာမှု အားနည်းနေ သည့်အတွက်  မြန်မာ့ရုပ်မြင်သံကြား၊  သတင်းဌာနများ၊  အသံလွှင့် ဌာနများမှ    တိုင်းရင်းသားဘာသာများဖြင့်ပါ   ပညာပေးမှုများ စဉ်ဆက်မပြတ် ထုတ်လွှင့်ပေးလျက်ရှိကြောင်း၊ ရောဂါဖြစ်ပွားမှုနှုန်း များပြားသည့်  တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်  ပြည်သူများ ကိုဗစ်-၁၉ ဆိုင်ရာ စည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက် ရေး တိုက်တွန်းဆောင်ရွက်နေရန်လိုကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ   ဥက္ကဋ္ဌ၊    နိုင်ငံတော်ဝန်ကြီးချုပ်    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က   ပြောကြားခဲ့ရာ   ကူးစက်မှုနှုန်းများပြားနေဆဲ ဒေသများတွင် ပြည်သူများအား ပညာပေးမှုနှင့် စစ်ဆေးကြပ်မတ်မှု များကို ဖိဖိစီးစီး ဆက်လက်ဆောင်ရွက်ကြရဦးမည်ဖြစ်သည်။
ကူးစက်မှုနှုန်း များပြားနေဆဲဖြစ်သည့် ကယားပြည်နယ်၊ ကချင် ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ နေပြည်တော် နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ခရိုင်၊ မြို့နယ်၊ ရပ်ကွက်ကျေးရွာများ အလိုက် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအခြေအနေတို့ကို ဆန်းစစ်ကာ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး၊ ပြည်သူများအား အသိပညာ ပေးရေးနှင့် ရောဂါကာကွယ်ရေးဆိုင်ရာ စည်းကမ်းများအား လိုက်နာ ရေးတို့ကို  မျက်ခြည်မပြတ် ဆောင်ရွက်သွားကြရမည် ဖြစ်သည်။ စင်စစ်အားဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် လူတစ်ဦး ချင်းစီ လိုက်နာရမည့်အချက်ကလေး အနည်းငယ်မျှမှာ လွန်စွာ လွယ်ကူရိုးရှင်းလှပြီး မိမိနှင့်တကွ မိသားစု၊ ပတ်ဝန်းကျင်တို့ကိုပါ ကပ်ရောဂါ မကျရောက်စေရန် ကာကွယ်ပေးနိုင်သည်။ ကပ်ရောဂါ ၏ လက်သည်ဗိုင်းရပ်စ်ပိုးမျိုးဗီဇ  မည်သို့ပင်ပြောင်းစေကာမူ ရှောင်လွှဲ ပေးနိုင်သည်လည်းဖြစ်ရာ  Mask တပ်၊  လက်ဆေး၊  လူစုလူဝေး ရှောင်၊    တစ်ယောက်နှင့်တစ်ယောက်    ခြောက်ပေခွာနေကြခြင်း ဖြင့်  ကူးစက်မြန်ပြင်းထန်သည့်   ကြောက်စရာကပ်ရောဂါဘေးမှ လွတ်ကင်းနိုင်ကြပါစေကြောင်း။        ။