
ရန်ကုန် စက်တင်ဘာ ၆
မြန်မာနေရှင်နယ်လိဂ်သည် ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေကြောင့် ကျင်းပနိုင်ခြင်းမရှိသည့် အမျိုးသမီးလိဂ်နှင့် MNL လူငယ်လိဂ်ပြိုင်ပွဲများ ကို လာမည့်နှစ်တွင် ပြန်လည်ကျင်းပနိုင်ရန် ကြိုးပမ်းမည်ဖြစ်သည်။ မြန်မာနေရှင်နယ်လိဂ်က ယခုနှစ်တွင်ကျင်းပရန် စီစဉ်ထားသည့် ပြိုင်ပွဲအားလုံး ဖျက်သိမ်းပြီး လာမည့်နှစ်မှသာ ပြန်လည်ကျင်းပမည် ဖြစ်ကြောင်း စက်တင်ဘာ ၁ ရက်က တရားဝင်သတင်း ထုတ်ပြန်ခဲ့ပြီး အမျိုးသမီးလိဂ်နှင့် လူငယ်လိဂ်ပြိုင်ပွဲများလည်း လာမည့်နှစ်မှသာ ပြန်လည်ကျင်းပနိုင်တော့မည်ဖြစ်သည်။
အမျိုးသမီးလိဂ်ပြိုင်ပွဲကို ၂၀၁၆ နှစ်ကုန်ပိုင်းတွင် စတင်ကျင်းပခဲ့ပြီး သုံးကြိမ်အပြီးတွင် ရပ်နားထားရခြင်းဖြစ်သည်။ အမျိုးသမီးလိဂ်ပြိုင်ပွဲကို ၂၀၁၆-၂၀၁၇ ရာသီ၊ ၂၀၁၇-၂၀၁၈ ရာသီနှင့် ၂၀၁၈-၂၀၁၉ ရာသီ သုံးကြိမ် ကျင်းပနိုင်ခဲ့ပြီး ယင်းနောက်ပိုင်းတွင် မကျင်းပနိုင်ခြင်းဖြစ်သည်။ ကျင်းပပြီးစီးခဲ့သည့် အမျိုးသမီးလိဂ်ပြိုင်ပွဲတွင် ၂၀၁၆-၂၀၁၇ ရာသီ၌ မြဝတီအသင်း၊ ၂၀၁၇-၂၀၁၈ ရာသီ၌ မြဝတီအသင်းနှင့် ၂၀၁၈-၂၀၁၉ ရာသီ၌ အားကာသိပ္ပံအသင်းတို့ ဗိုလ်စွဲခဲ့သည်။ ၂၀၁၉ နှစ်ကုန်ပိုင်းတွင် မြန်မာ့လက်ရွေးစင်နှင့် သက်တမ်းအလိုက် လူငယ်လက်ရွေးစင် အမျိုး သမီးအသင်းများ၏ နိုင်ငံတကာပြိုင်ပွဲများကြောင့် ကျင်းပနိုင်ခြင်းမရှိဘဲ ၂၀၂၀ နှင့် ယခုနှစ်တွင်မူ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မပြုလုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။ နောက်ဆုံးကျင်းပသည့် ၂၀၁၈-၂၀၁၉ ရာသီတွင် အသင်း ရှစ်သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ယင်းပြိုင်ပွဲအပြီးတွင် အသင်းအချို့ ဖျက်သိမ်းခြင်းများရှိခဲ့သော်လည်း အသင်းသစ်အချို့လည်း ထပ်တိုးလာ မည်ဖြစ်သည်။ လာမည့်ရာသီမှစတင်ကာ အမျိုးသမီးလိဂ်ပြိုင်ပွဲအား တာဝန်ယူကျင်းပမည့် မြန်မာနေရှင်နယ်လိဂ်အနေဖြင့် ပြိုင်ပွဲကျင်းပမည့် ကာလ သတ်မှတ်ပြီးမှသာ ဝင်ရောက်ယှဉ်ပြိုင်မည့်အသင်းများ ပြန်လည် အတည်ပြုသွားမည်ဖြစ်သည်။
မြန်မာနေရှင်နယ်လိဂ်သည် ၂၀၂၀ ရာသီတွင် MNL လူငယ်လိဂ် ပြိုင်ပွဲများကို ပြိုင်ပွဲပုံစံပြောင်းလဲခဲ့ပြီး ယခင်ကျင်းပနေသည့် လိဂ် လေးခုမပြုလုပ်တော့ဘဲ ယူ-၂၁ နှင့် ယူ-၁၉ လိဂ်ပြိုင်ပွဲများသာ ကျင်းပ ကာ MNL နှင့် MNL-2 ကလပ်များကိုပေါင်းပြီး ယှဉ်ပြိုင်စေခဲ့ခြင်း ဖြစ်သည်။ ကစားသမားများ ပွဲများများကစားခွင့်ရစေရန် ရည်ရွယ် ကျင်းပခဲ့ခြင်းဖြစ်ပြီး ၂၀၂၀ ရာသီတွင် ပထမအကျော့ယှဉ်ပြိုင်နေ သည့်ကာလအတွင်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ရပ်နားခဲ့ရကာ နောက်ပိုင်းတွင်ကျင်းပနိုင်ရန်မဖြစ်နိုင်သဖြင့် ဖျက်သိမ်းခဲ့ရခြင်းဖြစ် သည်။ ယခုနှစ်တွင်လည်း ကပ်ရောဂါကြောင့် MNL ပြိုင်ပွဲအပါအဝင် ပြိုင်ပွဲအားလုံး ဖျက်သိမ်းခဲ့ရာ လူငယ်လိဂ်ပြိုင်ပွဲများကို နှစ်နှစ် ဆက်တိုက် မကျင်းပနိုင်ခဲ့ခြင်းဖြစ်ပြီး လာမည့်နှစ်မှသာ ပြန်လည် ကျင်းပနိုင်ဖွယ်ရှိနေသည်။ မြန်မာနေရှင်နယ်လိဂ်သည် MNL လိဂ် စတင်ပြီး နှစ်အနည်းငယ်အကြာတွင် အရန်အသင်းပြိုင်ပွဲ စတင်ကျင်းပ ခဲ့ပြီး နောက်ပိုင်းတွင် လူငယ်လိဂ်ပြိုင်ပွဲအဖြစ် ပြောင်းလဲကျင်းပခဲ့ခြင်းဖြစ် သည်။ ယခင်က MNL နှင့် MNL-2 ကလပ်များအတွက် လူငယ်လိဂ်ပြိုင်ပွဲ များကို သီးခြားကျင်းပစေခဲ့သော်လည်း ၂၀၂၀ ရာသီတွင် တစ်ပေါင်းတည်းကျင်းပခဲ့ခြင်းဖြစ်သည်။ လူငယ်လိဂ်ပြိုင်ပွဲအချို့တွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ဖွဲ့စည်းထားသည့် သက်တမ်းအလိုက် လူငယ် လက်ရွေးစင်အသင်းများလည်း ပြိုင်ပွဲအတွေ့အကြုံရစေရန် ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိသည်။ ရဲရင့်လွင်