အမျိုးသမီးဂုဏ်ရည် ထိန်းသိမ်းစောင့်ရှောက်

ယနေ့အချိန်အခါတွင် မြန်မာအမျိုးသမီးများသည် ကျား/မတန်းတူ မခွဲခြားဘဲ ဂုဏ်တင့်တယ်စွာ ပါဝင်စွမ်းဆောင်နေကြပြီဖြစ်သည်။ ပညာသင်ကြားရေးသာမက လူမှုစီးပွားနယ်ပယ်တွင်ပါ အမျိုးသမီးများသည် အမျိုးသားများ ဦးရေအချိုးထက် ပိုမိုပါဝင်လာသည်ကို တွေ့ရသည်။ အမျိုးသမီးတို့၏  နုပျိုသစ်လွင်သော ငယ်ရွယ် သူများဘဝသည် ပိုမိုဂုဏ်တင့်ဖွယ်ဖြစ်သည်။ ထို့ကြောင့် ငယ်ရွယ်သူအမျိုးသမီး များအား ပိုမိုအထူးပြုရန်လိုပေသည်။


မြန်မာအမျိုးသမီးများ အထူးသဖြင့် အမျိုးသမီးငယ်များသည် ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲလာကြသည်။  အပြုအမူအနေအထိုင်များသာမက အတွေး အခေါ်အယူအဆ အလုပ်အကိုင်များပါ များစွာပြောင်းလဲ တိုးတက်လာကြသည်။ တိုးတက်မှုမှာ ဂုဏ်သိက္ခာနှင့်အရည်အချင်းများ မြင့်သထက်မြင့်အောင် တိုးတက် သင့်သော်လည်း အမျိုးသမီးတို့၏ ပင်ကိုဂုဏ်ရည်နှင့် ကိုယ်ကျင့်တရားများ ခေတ်နှင့်အတူ မျောပါမသွားရေးကို အထူးသတိပြုရန်လိုပေသည်။ သို့မှသာ အမျိုး သမီးဂုဏ်ရည်မပျက်ယွင်းဘဲ လောကအလယ်တွင် တင့်တယ်ရှုမောဖွယ် ရပ်တည် နိုင်ကြမည်ဖြစ်သည်။


အမျိုးသမီးငယ်များအနေဖြင့်မူ အမျိုးသားများနှင့် ရင်ပေါင်တန်းနိုင်သော် လည်း အရေးအကြီးဆုံးအချက်မှာ အမျိုးသမီးဂုဏ်သိက္ခာဟူသည့် စည်းဘောင် မကျော်လွန်သွားရေးပင်ဖြစ်သည်။ ယင်းအချက်ကို မိမိကိုယ်တိုင်၊ မိမိဂုဏ်သိက္ခာကို ထိန်းသိမ်းစောင့်ရှောက်ရန်လိုအပ်ပြီး မိမိ၏ မိဘအုပ်ထိန်းသူ အသိုင်းအဝိုင်းက လည်း ဝိုင်းဝန်းစောင့်ရှောက်ပေးရန်လိုအပ်သည်။ အမျိုးသမီးဂုဏ်ရည် မပျက်ယွင်း မချွတ်ချော်ရလေအောင် မိမိတို့၏ မိန်းမသားဘဝကို အစဉ်မြတ်နိုးတန်ဖိုးထားရန် လိုအပ်ပေသည်။ ခေတ်သည် တိုးတက်ပြောင်းလဲလာသည်ဆိုသော်လည်း အရိုးကို အရွက်မဖုံးစေဘဲ တိုးတက်သင့်တိုးတက်ထိုက်သည်တို့ကို တိုးတက်စေပြီး ထိန်းသိမ်း သင့်ထိန်းသိမ်းထိုက်သည်တို့ကို ထိန်းသိမ်းစောင့်ရှောက်ကြရမည်ဖြစ်သည်။


အမျိုးသမီးများသည် အမျိုးသားများနှင့်မတူသည့် အခြားအချက်တစ်ခုမှာ စိတ်ခံစားလွယ်၊ စိတ်ခံစားချက် ပိုမိုပြင်းထန်သည်ဟူသော အချက်ကိုလည်း သတိ ပြုသင့်ပေသည်။ ယခုအခါ အမျိုးသမီးငယ်အချို့သည် လူမှုနယ်ပယ်တွင်သာမက နိုင်ငံရေးနယ်ပယ်တွင်ပါ စိတ်ခံစားချက်များ ပြင်းထန်လာသည်ကိုတွေ့ရသည်။ မြန်မာအမျိုးသမီးများ သမိုင်းကြောင်း၌  နိုင်ငံရေးတွင် ရှေ့ဆောင်ရှေ့ရွက် ပါဝင်ခဲ့ကြသည်ဆိုသော်လည်း ပြုအပ်သည်၊ မပြုအပ်သည်တို့ကို စဉ်းစားဆင်ခြင် ချင့်ချိန်နိုင်ရန် လိုအပ်ပေသည်။ မျက်မှောက်ကာလ နိုင်ငံရေးဖြစ်စဉ်များတွင် အချို့အမျိုးသမီးငယ်များသည် အကြောင်းအမျိုးမျိုးဖြင့် လမ်းမှားပေါ်သို့ လိုက်ပါ သွားကြရာမှ စိတ်မကောင်းဖွယ်ရာအဖြစ်အပျက်များကို ကြားသိခဲ့ရပေသည်။


ယခုအခါ ရန်ကုန်မြို့ကဲ့သို့ မြို့ကြီးများ၌ ဖမ်းဆီးရမိသော အကြမ်းဖက်အဖွဲ့ များ၊ ဖောက်ခွဲဖျက်ဆီးရေးသမားသတင်းများကို  လေ့လာကြည့်လျှင် ဖမ်းဆီး ရမိသည့် အမှုတိုင်း၌ အမျိုးသမီးများ ပါဝင်နေသည်ကို တွေ့ရသည်။ ၎င်းတို့တွင် ငယ်ရွယ်သည့် အပျိုအရွယ်မိန်းကလေးများပါဝင်နေသည်ကို တွေ့ရတတ်သည်။ ထို့အပြင် တောတွင်းလက်နက်ကိုင်အဖွဲ့များထံသို့လည်း အမျိုးသမီးငယ်အချို့ ရောက်ရှိနေသည်ကို ကြားသိရသည်။ ယင်းအချက်သည် အမျိုးသမီးဂုဏ်ရည်ကို ထိခိုက်စေသောအချက်ဖြစ်သည်သာမက   တောတွင်းသို့ရောက်ရှိနေလျှင် အလွန်အန္တရာယ်များပြီး အမျိုးသမီးဘဝပင် ပျက်ပြားဆုံးရှုံးသွားနိုင်ပေသည်။ ထိုအမျိုးသမီးများသည် စိတ်ခံစားချက်ကို အကြောင်းပြု၍ အမျိုးသားမိတ်ဆွေ အပေါင်းအသင်းများနှင့် အကြောင်းပါကာ လမ်းမှားသို့ရောက်ရှိသွားခြင်းဖြစ်သည်။

 

ထိုမိန်းကလေး၏ မိဘ၊ မိသားစုအသိုင်းအဝိုင်းအနေဖြင့် မည်သို့သောအကြောင်း မျိုးဖြင့် လမ်းမှားသို့ရောက်သည်ဖြစ်စေ ကြေကွဲစရာအဖြစ်များသာဖြစ်ပေသည်။
အမျိုးသမီးများ၏ စိတ်ဓာတ်ပျော့ပျောင်းလွယ်မှု၊ သနားစိတ်၊ မခံချင်စိတ်၊ ခင်မင်စိတ်ပြင်းပြမှုများသည် မသမာသူနိုင်ငံရေးသမား၊ အစွန်းရောက်များ၏ အသုံးချခံဖြစ်ခဲ့ရသည်။ အမျိုးသမီးများနှင့်အတူ ဖမ်းဆီးရမိသော အကြမ်းဖက် သမားလူငယ်များအား စစ်ဆေးတွေ့ရှိမှုအရ  များသောအားဖြင့် မူးယစ်ဆေးဝါး သုံးစွဲမှုများနှင့် ပတ်သက်နေသည်ကို တွေ့ရသည်။    ပင်ကိုနိုင်ငံရေးခံယူချက်မရှိသော အမျိုးသမီးများသာမက လူငယ်များပါ နိုင်ငံရေး၊ စစ်ရေးအစွန်းရောက်များ၏ သားကောင်များဖြစ်ကြရသည်။ အချိန်ကြာလာသည်နှင့်အမျှ ဘဝပျက်ကြရသည်။ မသမာသူနိုင်ငံရေးသမားများ၊ ပြည်ဖျက်လူမှုကွန်ရက် မီဒီယာများ၏ သွေးထိုး လှုံ့ဆော်   မြှောက်ပင့်ပေးမှုများကြောင့်   လမ်းမှားပေါ်သို့ရောက်ရှိခဲ့ကြသည်။ သားသမီးချင်း၊ မိသားစုချင်း စာနာစိတ်မထားဘဲ အွန်လိုင်းပေါ်မှ၊ မီဒီယာပေါ်မှ တစ်ဆင့် လမ်းမှားပေါ်သို့ရောက်ရှိစေရေး နေ့စဉ်သွေးထိုးလှုံ့ဆော်ပေးနေမှုများကို သတိပြုမိကြရန် လိုအပ်ပေသည်။


သို့ဖြစ်ရာ အမျိုးသမီးငယ်များ၊ လူငယ်လူရွယ်များအနေဖြင့် တန်ဖိုးကြီးမား သော အမျိုးသမီးဂုဏ်ရည်၊ လူငယ်ဂုဏ်တို့ကို အပျက်ယွင်းမခံဘဲ စဉ်းစားဆင်ခြင် ပြုမူနေထိုင်ကြရန်လိုအပ်သည်။  မိမိတို့၏ တက်သစ်စတောက်ပြောင်သော ဂုဏ်ရည်တို့ဖြင့် ကောင်းသောဘက်တွင် အကျိုးပြုနိုင်ရန်အားထုတ်ခြင်းသည် လူငယ်နိုင်ငံရေးပြုလုပ်ခြင်းပင်ဖြစ်သည်ကို   သတိမူမိရန်လိုအပ်သည်။ မိဘ အုပ်ထိန်းသူများကလည်း မိမိတို့၏ ရင်သွေးငယ်များဘဝ မပျက်စီးရေး ဝိုင်းဝန်း ထိန်းသိမ်းစောင့်ရှောက်ကြရန် မေတ္တာရပ်ခံတိုက်တွန်းအပ်ပါကြောင်း။    ။