ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ဘောဂသိဒ္ဓိအိမ်ရာဝင်းအတွင်းရှိ ကားပါကင်၌ အကြမ်းဖက်သမားတစ်ဦးက လက်လုပ်မိုင်းထောင်စဉ် ပေါက်ကွဲမှုဖြစ်ပွား၍ ၎င်းအပါအဝင် အမျိုးသားနှစ်ဦး သေဆုံး

နေပြည်တော်   စက်တင်ဘာ  ၆


ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်  ဘောဂသိဒ္ဓိအိမ်ရာဝင်း အတွင်းရှိ ကားပါကင်၌  အကြမ်းဖက်သမားတစ်ဦးက လက်လုပ်မိုင်း ထောင်စဉ်ပေါက်ကွဲမှုဖြစ်ပွား၍ ၎င်းအပါအဝင် အမျိုးသား နှစ်ဦး သေဆုံး ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၅ ရက်  ညနေ ၅ နာရီ မိနစ် ၂၀ တွင် မရမ်းကုန်းမြို့နယ် အမှတ်(၂)ရပ်ကွက် ဘောဂသိဒ္ဓိလမ်းရှိ ဘောဂသိဒ္ဓိ အိမ်ရာ ကားပါကင်၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက  သွားရောက်စစ်ဆေးခဲ့ရာ  အဆိုပါကွန်ဒိုကားပါကင် ဝင်ပေါက်အနီး၌ ကွန်ဒိုလုံခြုံရေးအစောင့်ဖြစ်သူ  မရမ်းကုန်းမြို့နယ် အမှတ်(၂)ရပ်ကွက် မုဒိတာအိမ်ရာနေ  ဦးကျော်ဝင်း (၆၅)နှစ်  (ဘ) ဦးပွနှင့် ၎င်းနှင့် ၁၀ ပေခန့်အကွာတွင် အမျိုးသားတစ်ဦး(စိစစ်ဆဲ)တို့ နှစ်ဦး၏ ခန္ဓာကိုယ်အနှံ့ မိုင်းစထိမှန်ဒဏ်ရာများ၊ ပွင့်ထွက်ဒဏ်ရာများဖြင့် သေဆုံးနေပြီး (စိစစ်ဆဲ) အမျိုးသား၏အနီးတွင် ပေါက်ကွဲထားသည့် Keypad ဖုန်းအပိုင်းအစများ၊ စကူများနှင့် ကျိုးပဲ့နေသော ပလတ်စတစ် ထိုင်ခုံအပိုင်းအစများအား တွေ့ရှိခဲ့သည်။


ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ပေါက်ကွဲမှုဖြစ်ပွားသည့် အကြောင်းရင်းအား သိရှိနိုင်ရေးအတွက် အဆိုပါကွန်ဒိုတွင် တပ်ဆင် ထားသည့် CCTV မှတ်တမ်းများအား ကြည့်ရှုစစ်ဆေးခဲ့ရာ  (စိစစ်ဆဲ)အမျိုးသားမှာ ကားပါကင်၌   ဖောက်ခွဲရန်လက်လုပ်မိုင်းအား  တပ်ဆင် နေစဉ် ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း တွေ့ရသည်။
ထိုသို့    လက်လုပ်မိုင်းတပ်ဆင်နေစဉ်   ပေါက်ကွဲမှုဖြစ်ပွားခဲ့၍ သေဆုံးခဲ့ရသည့် အကြမ်းဖက်သူ အမျိုးသားတစ်ဦးနှင့် ဦးကျော်ဝင်းတို့၏ အလောင်းများအား တပ်မတော်ဆေးရုံသို့ ပို့ဆောင်ထားခဲ့ပြီး ဥပဒေနှင့်  အညီ အရေးယူဆောင်ရွက်နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။                  

ရဲပြန်ကြား