
ယူအက်စ်အိုးပင်းတင်းနစ်ပြိုင်ပွဲ ၁၆ ဦး အဆင့် အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲအဖြစ် ယမန်နေ့က နယူးယောက်ရှိ Arthur Ashe Stadium ၌ ဗြိတိန် ဆယ်ကျော်သက် တင်းနစ်မယ် အမ်မာ ရာဒူကာနူနှင့် အမေရိကန်တင်းနစ်မယ် ရော်ဂျာတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ရာ ရာဒူကာနူက ရော်ဂျာကို ၆-၂ ၆-၁ ဖြင့် အနိုင်ယူကာ ကွာတားဖိုင်နယ် သို့ တက်လှမ်းနိုင်ခဲ့သည်။
အသက် ၁၈ နှစ်အရွယ် ရာဒူကာနူသည် ပထမအဆင့်တွင် ဗိုဂီလီကို ၆-၂ ၆-၃၊ ဒုတိယအဆင့်တွင် ရှောင်ကို ၆-၂ ၆-၄၊ တတိယအဆင့်တွင် တော်မိုကို ၆-၀ ၆-၁ ဖြင့် အနိုင်ရရှိ ထားသလို ၁၆ ဦး အဆင့်တွင်လည်း ကမ္ဘာ့အဆင့်သတ်မှတ်ချက် ၄၃ ရှိသည့် ရော်ဂျာကို ၆-၂ ၆-၁ ဖြင့် အနိုင်ရရှိကာ ယူအက်စ် အိုးပင်းတင်းနစ် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် ကွာတား ဖိုင်နယ်သို့ ထိုက်ထိုက်တန်တန် တက်လှမ်းလာနိုင်ခြင်း ဖြစ်သည်။
ရာဒူကာနူသည် ယူအက်စ်အိုးပင်းတင်းနစ် အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲတွင် ကွာတားဖိုင်နယ်၌ အိုလံပစ်ချန်ပီယံ ဆွစ်ဇာလန် တင်းနစ်မယ် ဘီလင်ဒါ ဘင်းဆစ်နှင့် ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။ ဘင်းဆစ်သည် ၁၆ ဦးအဆင့်တွင် ပိုလန်တင်းနစ်မယ် ဆွီတက်ကို ရေကုန်ရေခန်းယှဉ်ပြိုင် ကစားခဲ့ပြီး ၇-၆ (၁၄-၁၂) ၆-၃ ဖြင့် အနိုင်ရရှိကာ ကွာတား ဖိုင်နယ်သို့ တက်လှမ်းလာနိုင်ခြင်းဖြစ်သည်။ ထို့အပြင် ဆွစ်ဇာလန် တင်းနစ်မယ်ဘင်းဆစ်သည် လက်ရှိကမ္ဘာ့ သတ်မှတ်ချက်တွင် အဆင့် (၁၁) ရှိသူဖြစ်သည်။ ရာဒူကာနူက လက်ရှိ ကမ္ဘာ့အဆင့် သတ်မှတ်ချက်တွင် ၁၅၀ ရှိသည့်အတွက် ယခုကွာတားဖိုင်နယ်သည် ရာဒူကာနူအတွက် ပို၍ခက်ခဲလာ ဖွယ်ရှိနေသည်။
အခြားသော အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ ၁၆ ဦးအဆင့် တွင် ချက်တင်းနစ်မယ် ပီလစ်ကိုဗာက ရုရှားတင်းနစ်မယ် ပါလူချန်ကိုဗာကို ၇-၅ ၆-၄ ဖြင့်လည်းကောင်း၊ ဂရိတင်းနစ်မယ် ဆက်ကာရီက ကနေဒါ တင်းနစ်မယ် အန်ဒရက်စ်ကူကို ၆-၇ (၂-၇) ၇-၆ (၈-၆) ၆-၃ ဖြင့် လည်းကောင်း အသီးသီး အနိုင်ရရှိကာ ကွာတားဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့သည်။
အောင်ဇော်