နေပြည်တော် စက်တင်ဘာ ၈
၁။ အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားသည့် အကြမ်းဖက်လုပ်ရပ်များကို ဦးစီးဆောင်ရွက် နေသော NUG အဖွဲ့အနေဖြင့် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့တွင် “အရေးပေါ်အခြေအနေ ကြေညာခြင်း ” ဆိုသည့် ကြေညာချက်တစ်ရပ်ထုတ်ပြန်၍ ပြည်သူလူထု၏ လူမှုစီးပွားဘဝများနှင့် နိုင်ငံတော်၏ တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားအောင် အကြမ်းဖက်လှုံ့ဆော်လာသည်ကို တွေ့ရှိ ရပါသည်။
၂။ ၎င်းအကြမ်းဖက်လှုံ့ဆော်ချက်အား မူတည်၍ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များနှင့် အချို့ EAO အဖွဲ့များထဲမှ အစိတ်အပိုင်းအချို့ကလည်း ၎င်းအကြမ်းဖက် လှုံ့ဆော်ချက်ကို အားပေးသည့် ထုတ်ပြန်ချက်၊ ပြောဆိုချက်များ ပြုလုပ်၍ ပြည်သူလူထုကို ခြိမ်းခြောက်လျက်ရှိသည်ကို တွေ့ရပါသည်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်း၊ ဥပဒေနှင့်အညီ ရင်ဆိုင်ဖြေရှင်းရန် မကြိုးစားဘဲ ဒီမိုကရေစီနှင့် ဆန့်ကျင်သည့် အကြမ်းဖက်နည်းလမ်းကို ရွေးချယ်ဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိရပါသည်။
၃။ NCA စာချုပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ(EAOs)ဖြင့် ဖွဲ့စည်းထားသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ၏ အစည်းအဝေး (၁၉/၂၀၂၁)ကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး အဖွဲ့ ၉ ဖွဲ့မှ အစည်းအဝေးတက်ရောက်သူ ၃၅ ဦးရှိကြောင်း သိရှိရပါသည်။ PPST အဖွဲ့ခေါင်းဆောင်၊ NMSP(မွန်)အဖွဲ့ဥက္ကဋ္ဌ နိုင်အောင်မင်းက အဖွင့်မိန့်ခွန်းပြောကြားရာတွင် PPST အနေဖြင့် လက်ရှိနိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရာ၌ NCA စာချုပ်၏ အနှစ်သာရကိုအခြေခံပြီး သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးပွဲ များ ကျင်းပခြင်းဖြင့် ဖြေရှင်းရန် ကြိုးစားဆောင်ရွက်သွားမည်ဟု အတိအလင်းကြေညာပြီးဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာလုပ်ငန်းများအတွက် ပြည်သူလူထုအားလုံး ကာကွယ်ဆေး အမြန်ဆုံးထိုးနှံပေးနိုင်ရေး ဆောင်ရွက်နေသည်ဟု ပြောကြားခဲ့သည် ကို တွေ့ရှိရပါသည်။
၄။ ၎င်းအစည်းအဝေး၌ အဖွဲ့ဝင်များက ဆက်လက်ဆွေးနွေးကြရာတွင် နိုင်ငံတော်အစိုးရနှင့် NUG တို့၏ နိုင်ငံရေးထိပ်တိုက်ရင်ဆိုင်မှု အနေအထားသည် တိုင်းပြည်နှင့် လူထုအတွက်ထိခိုက်နစ်နာမှုရှိနေကြောင်း၊ NUG အနေဖြင့် စက်တင်ဘာလတွင်ကျင်းပမည့် ကုလသမဂ္ဂအထွေထွေအစည်းအဝေးတွင် အစိုးရအား နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ဖြတ်တောက်ရန် ကြိုးစားနေကြောင်း၊ NCA အပေါ် ရပ်တည်ချက် နှင့်ပတ်သက်၍ KNU/KNLA(PC)အဖွဲ့အနေဖြင့် NCA အပေါ်တွင်သာ ဆက်လက်ရပ်တည်သွားမည် ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြသည်ဟု သိရှိရပါသည်။
၅။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော် တာဝန်များကို ရယူပြီးသည့်အချိန်မှစ၍ နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်နှင့် ဦးတည်ချက် ၉ ရပ်ကို ချမှတ်ဆောင်ရွက်ခဲ့ရာ ၎င်းလုပ်ငန်းစဉ်နှင့် ဦးတည်ချက်တို့၌ “ တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ပါ သဘောတူညီချက်များ အတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်သွားမည် ” ဟု အတိအလင်းကြေညာထားခဲ့ပြီး ၎င်းအတိုင်း လုပ်ဆောင်လျက်ရှိသည်။
၆။ တပ်မတော်အနေဖြင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့်ထာဝရငြိမ်းချမ်းရေး ထုတ်ပြန်ချက်များကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့မှ ယနေ့အထိ ၂၀ ကြိမ် ထုတ်ပြန်ခဲ့ပြီး ယနေ့အထိ ၂ နှစ်နှင့် ၈ လ ကျော် အချိန်ကာလပေး၍ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်ခဲ့ပါသည်။
၇။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် ထာဝရငြိမ်းချမ်းရေး အောင်မြင်ပြီးဆုံးသည်အထိ လိုအပ်၍ တပ်မတော်နှင့် တွေ့ဆုံဆွေးနွေးရန်ရှိလာပါက ဆက်လက်ဆွေးနွေးနိုင်ရေးအတွက် တပ်မတော် ၏ ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပြင်ဆင်ဖြည့်စွက်ဖွဲ့စည်း ၍ တွေ့ဆုံဆွေးနွေးမှုလမ်းကြောင်းကို အစဉ်ဖွင့်လှစ်ထားရှိခဲ့ပါသည်။
၈။ လက်ရှိအခြေအနေတွင် တစ်ကမ္ဘာလုံး၌ ကိုဗစ်-၁၉ ကပ်ရောဂါကို ၂၀၂၀ ပြည့်နှစ် နှစ်ဆန်းပိုင်းမှစ၍ ယခုအထိ ခံစားနေရသောကာလဖြစ်ပါသည်။ ၎င်းကာလ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေ ဖြင့် “ပြည်သူလူထု၏ အသက်ထက်အရေးကြီးတာ ဘာမှမရှိ ” ဟူသော မူဝါဒဖြင့် တစ်နိုင်ငံလုံး၊ ပြည်သူ လူထု တစ်ရပ်လုံးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များကို ရှိသမျှ ခွန်အား၊ စွမ်းအားဖြင့် အားကုန်ကြိုးပမ်းလျက်ရှိသည်။ မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်း ကာလ၊ ဇူလိုင်လတတိယပတ်အတွင်း ရောဂါပိုးစစ်ဆေးခဲ့သူများအနက် ၄၁ ရာခိုင်နှုန်းခန့်မှာ ပိုးတွေ့ခဲ့ သည်။ နိုင်ငံတော်အစိုးရအနေဖြင့် ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုများကို အားသွန်ခွန်စိုက်ဆောင်ရွက် ခဲ့ရာ ယခု စက်တင်ဘာလဆန်းပိုင်း၌ ရောဂါပိုးတွေ့ရှိသူ ၁၀.၃၇ ရာခိုင်နှုန်းသာရှိတော့သဖြင့် ၃၀ ရာခိုင်နှုန်း ခန့် လျှော့ချနိုင်ခဲ့ပါသည်။
၉။ ကိုဗစ်-၁၉ ရောဂါသည် ဗီဇပြောင်းလဲနိုင်စွမ်းမြင့်မားသည့် ဗိုင်းရပ်စ်ရောဂါပိုးကို အခြေခံပြီး ဖြစ်ပွားပျံ့နှံ့သောရောဂါဖြစ်၍ အလျဉ်းပျောက်ကင်းနိုင်သော ရောဂါမဟုတ်ကြောင်း တွေ့ရှိရပါသည်။ မိမိတို့နိုင်ငံအပါအဝင် ကမ္ဘာတစ်ဝှမ်းလုံး အချိန်အတိုင်းအတာတစ်ခုအထိ ဂရုပြုစောင့်ကြည့် ကာကွယ်၊ ထိန်းချုပ်ရမည့် ရောဂါဖြစ်သည်။
၁၀။ EAO များ တည်ရှိရာ ဒေသအတွင်းရှိ ပြည်သူများ၊ စစ်ဘေးရှောင်စခန်းများရှိ ပြည်သူများ၊ ရခိုင် ပြည်နယ်အတွင်းရှိ ဘင်္ဂါလီများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းများ ဆောင်ရွက်လျက် ရှိပါသည်။ တစ်နိုင်ငံလုံးရှိ ဆေးရုံ၊ ဆေးပေးခန်းများ အဆင့်မြှင့်တင်ရေး၊ ကိုဗစ်-၁၉ ရောဂါကို ကုသနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး မည်သည့်ဒေသ၊ မည်သည့်လူမျိုး၊ မည်သည့်အဖွဲ့အစည်းကိုမှ ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံနိုင်ရေးနှင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များ၌ ချန်လှပ်ထားမည်မဟုတ် ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က မကြာခဏပြောကြားခဲ့ပြီး ဖြစ်ပါသည်။
၁၁။ ၎င်းကဲ့သို့အခြေအနေမျိုးတွင် အကြမ်းဖက် NUG အဖွဲ့အနေဖြင့် ပြည်သူလူထုနှင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေမည့် လှုံ့ဆော်ကြေညာချက်များပြုလုပ်ခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များကို NLD ပါတီအစွန်းရောက်များ၊ NUG ၊ CRPH နှင့် PDF အမည်ခံအကြမ်းဖက်များက ကိုယ်ထိလက်ရောက်ဗုံးခွဲ၊ တိုက်ခိုက်၊ ပစ်ခတ်မှုဖြစ်စဉ်များရှိနေသည်ကို စိတ်မကောင်းဖွယ် တွေ့ရှိရပါသည်။ ၎င်းဖြစ်စဉ်များနှင့် အပြစ်မဲ့ပြည်သူများကို ၎င်းအကြမ်းဖက်အဖွဲ့များက သတ်ဖြတ်နှိပ်စက်နေမှုများကိုလည်း နိုင်ငံတကာအဖွဲ့အစည်း အားလုံးကသိရှိထားရန် လိုအပ်ပါသည်။
၁၂။ NUG ၏ အကြမ်းဖက်လှုံ့ဆော်ကြေညာမှုအပေါ် KNU ဒူးပလာယာခရိုင်နှင့် ကရင်ပြည်နယ်၊ ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်ရှိ ပြည်သူများ၏ ကျန်းမာရေး၊ ပညာရေးနှင့် ဖွံ့ဖြိုးရေးတို့ကို လက်တွေ့ ဆောင်ရွက်နေသည့် HELP ၊ Health ၊ Education and Literacy Project တို့နှင့် အခြားအဖွဲ့အစည်းများ မှလည်း ကန့်ကွက်လျက်ရှိကြောင်း တွေ့ရှိရပါသည်။
၁၃။ နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များကို မြန်မာနိုင်ငံတစ်ဝှမ်းလုံး ထိရောက်လွှမ်းခြုံအောင် ဆောင်ရွက်နိုင်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တိုးတက်မှုရှိစေရေး၊ ပြည်သူလူထု၏ လူမှုစီးပွားဘဝ လုံခြုံတိုးတက်မှုရှိစေရေးနှင့် နိုင်ငံတော်တည်ငြိမ် အေးချမ်းမှုရှိစေရေးတို့ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ နိုင်ငံ့အရေး၊ အမျိုးသားအရေးကို အလေးထားသည့် အဖွဲ့အစည်းအားလုံးနှင့် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးကလည်း ဝိုင်းဝန်း ပူးပေါင်းပါဝင်ဆောင်ရွက်ပေးပါရန် သတင်းထုတ်ပြန်အပ်ပါသည်။
သတင်းထုတ်ပြန်ရေးအဖွဲ့
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ