
အမ်အမ်နိုင်
၂၀၂၁ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့မှာ သတ္တမ အကြိမ် ဂျီအမ်အက်စ် ထိပ်သီးအစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် ကမကထ ပြုကျင်းပမှာ ဖြစ်ပါတယ်။
ထိပ်သီးအစည်းအဝေးကို ဂျီအမ်အက်စ်အဖွဲ့ဝင် နိုင်ငံတွေဖြစ်တဲ့ ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနဲ့ ဗီယက်နမ်တို့က နိုင်ငံ့အကြီးအကဲ များနဲ့ အစိုးရအဖွဲ့အကြီးအကဲများ တက်ရောက် မှာဖြစ်လို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက် မှုဟာ ဒေသခွဲဖွံ့ဖြိုးတိုးတက်မှုအတွက် အဖွဲ့ဝင် နိုင်ငံများရဲ့ ခေါင်းဆောင်များအကြား ညီညွတ်တဲ့ ပူးပေါင်းဆောင်ရွက်မှုကို ပြသရာရောက်သလို ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုကိုလည်း တိုးမြှင့်ရာရောက်စေလို့ နိုင်ငံအတွက် အားတက် ဂုဏ်ယူဖွယ်ဖြစ်ပါတယ်။
ထိပ်သီးအစည်းအဝေးများ
ထိပ်သီးအစည်းအဝေးတွေကို မဟာမဲခေါင် ဒေသခွဲအစီအစဉ်ရဲ့ (၁၀)နှစ်ပြည့်မြောက်တဲ့ ၂၀၀၂ ခုနှစ်မှစတင်ပြီး သုံးနှစ်တစ်ကြိမ် အဖွဲ့ဝင်ခြောက် နိုင်ငံက အက္ခရာစဉ်အလိုက် အိမ်ရှင်အဖြစ် လက်ခံ ကျင်းပနေတာဖြစ်ပြီး ပထမအကြိမ် ထိပ်သီး အစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့ မှာ စတင်ကျင်းပခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ လွန်ခဲ့တဲ့ ၁၀ နှစ် (၂၀၁၁ ခုနှစ်) က နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင် တဲ့အစိုးရ တာဝန်ယူစဉ်ကာလ ဒီဇင်ဘာလ ၁၉ ရက်နဲ့ ၂၀ ရက်တို့မှာ စတုတ္ထအကြိမ် မဟာ မဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေးကို အိမ်ရှင် နိုင်ငံအဖြစ် နေပြည်တော်မှာ လက်ခံကျင်းပခဲ့ပါ တယ်။ ထိုစဉ်တုန်းက မြန်မာနိုင်ငံရဲ့ နိုင်ငံရေးစနစ် အပြောင်းအလဲကာလမှာ အိမ်ရှင်အဖြစ် ပထမဆုံး လက်ခံကျင်းပနိုင်ခဲ့တာကလည်း မှတ်တမ်းဝင်ခဲ့ပါ တယ်။ ယခုဆိုရင် ၁၀ နှစ်အကြာ ဒီနေ့ကျင်းပတဲ့ ထိပ်သီးအစည်းအဝေးက ဗီဒီယိုကွန်ဖရင့်စနစ်နဲ့ ပထမဆုံးကျင်းပတဲ့ အစည်းအဝေးဖြစ်ပြီး မြန်မာ နိုင်ငံရဲ့ ဝန်ကြီးချုပ်က အခြားနိုင်ငံ့ခေါင်းဆောင်များ နဲ့အတူ Online က ပါဝင်တက်ရောက်တာကလည်း မှတ်တမ်းတစ်ခုဖြစ်လာမှာ ဖြစ်ပါတယ်။
ထိပ်သီးအစည်းအဝေးတွေမှာ အနာဂတ်ကာလ ဂျီအမ်အက်စ်က ကျင့်သုံးမယ့် မဟာဗျူဟာများ ချမှတ်ခြင်းနဲ့ ဒေသခွဲဖွံ့ဖြိုးရေးအတွက် နိုင်ငံ့ ခေါင်းဆောင်များရဲ့ ကတိကဝတ်ပြုခြင်းများပါဝင် သော အရေးပါသည့် ပူးတွဲကြေညာချက်ထုတ်ပြန် ခြင်းတို့ကို ပြုလုပ်လေ့ရှိပါတယ်။
မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလအတွင်း နေပြည်တော်၌ လက်ခံကျင်းပ ခဲ့တဲ့ စတုတ္ထအကြိမ် မဟာမဲခေါင်ဒေသခွဲ ထိပ်သီး အစည်းအဝေးမှာ ၂၀၁၂ ခုနှစ်က စပြီး ဆယ်နှစ်တာ ကာလ ကျင့်သုံးဆောင်ရွက်မယ့် မဟာဗျူဟာ မူဘောင် {Strategic Framework (2012-2022)} ကို အတည်ပြုချမှတ်နိုင်ခဲ့ပါတယ်။
အဆိုပါမဟာဗျူဟာမူဘောင်နဲ့အညီ ဂျီအမ် အက်စ်ဒေသတွင်း ရင်းနှီးမြှုပ်နှံမှုမူဘောင် (GMS Regional Investment Framework - RIF) ကို အဖွဲ့ဝင်နိုင်ငံများအကြား ရေးဆွဲအကောင်အထည် ဖော်ခဲ့တဲ့အတွက် ဒေသတွင်းမှာ အခြေခံအဆောက် အအုံတွေ တိုးတက်ဖွံ့ဖြိုးလာစေခဲ့ပါတယ်။
သတ္တမအကြိမ် ဂျီအမ်အက်စ်
ထိပ်သီးအစည်းအဝေး
ယခု သတ္တမအကြိမ် ထိပ်သီးအစည်းအဝေးမှာ တော့ ဂျီအမ်အက်စ် စီးပွားရေးပူးပေါင်း ဆောင်ရွက် မှုအစီအစဉ် မဟာဗျူဟာမူဘောင် ၂၀၃၀ (GMS-2030) ၊ ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ဆောင်ရွက် မယ့် ဂျီအမ်အက်စ် ကိုဗစ် - ၁၉ တုံ့ပြန်ရေးနဲ့ ပြန်လည်ထူထောင်ရေး စီမံချက်(GMS COVID–19 Response and Recovery Plan 2021-2023) နဲ့ ထိပ်သီးအစည်းအဝေး ပူးတွဲကြေညာချက် (Joint Summit Declaration) တို့ကို အတည်ပြုထုတ်ပြန် သွားမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပခဲ့တဲ့ စတုတ္ထအကြိမ် ဂျီအမ်အက်စ် ထိပ်သီးအစည်းအဝေး မှာ ချမှတ်ခဲ့တဲ့ မဟာဗျူဟာမူဘောင် (၂၀၁၂-၂၀၂၂) အပြီး ယခုထိပ်သီးအစည်းအဝေးမှာ ချမှတ်မယ့် GMS-2030 ဟာ ၂၀၃၀ ပြည့်နှစ်အထိ လက်ခံ ကျင့်သုံးသွားမယ့် ဂျီအမ်အက်စ်ရဲ့ တတိယမြောက် မဟာဗျူဟာ ဖြစ်ပါတယ်။ ဒီဗျူဟာကို ကုလသမဂ္ဂရဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်တွေ (Sustaina-ble Development Goals – SDGs) ၊ အာဆီယံနဲ့ ဒေသတွင်းဘက်စုံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အပါအဝင် အခြားစီးပွားရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များနဲ့ ကိုက်ညှိရေးဆွဲထားတာတွေ့ရလို့ ဒေသခွဲရဲ့ စီးပွားရေးပေါင်းစည်းမှုကို များစွာ အထောက်အကူပြုမှာ သေချာပါတယ်။
GMS COVID–19 Response and Recovery Plan ကတော့ ကမ္ဘာတစ်ဝန်း ကာလရှည်ကြာ ဖြစ်ပေါ်နိုင်ဖွယ်ရှိတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါရဲ့ မျိုးဗီဇ ကွဲ ပြန့်ပွားလာနိုင်ခြေရှိမှုတွေ သက်ရောက်မှုတွေ အတွက် ကြိုတင်ပြင်ဆင်ရန်၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တွေ အရှိန်မြှင့်တင်ရန်အတွက် အဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ ကာလတို၊ ကာလလတ် အတူတကွ ပူးပေါင်းဆောင်ရွက်သွားကြမယ့် စီမံချက်ဆိုတာ တွေ့ရပါတယ်။ ဒေသခွဲအတွင်း လူနဲ့ သက်ရှိများအားလုံး အသက်ရှင်နေထိုင်ရေး၊ ကျန်းမာရေးနဲ့ ညီညွတ်သော အစားအစာများ ရရှိရေးနဲ့ သန့်ရှင်းသာယာသောမြို့ပြများ ဖြစ်ပေါ် လာရေးတို့ကို ဂျီအမ်အက်စ်အဖွဲ့ဝင်နိုင်ငံများအနေ နဲ့ တစ်ခုတည်းသော ကျန်းမာရေးစနစ် (One Health Approach) နဲ့ ဆောင်ရွက်သွားဖို့ အစီအမံ တွေ ပါဝင်တယ်လို့ သိရပါတယ်။
ဂျီအမ်အက်စ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု
အစီအစဉ်ဆိုတာဘာလဲ
၁၉၉၂ ခုနှစ်က စတင်ခဲ့တဲ့ မဟာမဲခေါင်ဒေသခွဲ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် (Greater Mekong Subregion – GMS Economic Cooperation Program) ဟာ ဆယ်စုနှစ် သုံးခုနီးပါး အောင်မြင်စွာ ရပ်တည်နိုင်ခဲ့တဲ့ ဒေသ ဆိုင်ရာ အစီအစဉ်တစ်ခုလို့ ဆိုနိုင်ပါတယ်။
ဂျီအမ်အက်စ်လို့ပြောရင် မဲခေါင်မြစ်ကစပြီး ပြောရမှာပါ။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တောင်ပိုင်း ယူနန်ပြည်နယ်က စတင်စီးဆင်းလာတဲ့ မဲခေါင်မြစ်ဟာ ကီလိုမီတာ ၄၂၀၀ ရှည်လျားပြီး အရှေ့တောင်အာရှမှာ အရှည်လျားဆုံးဖြစ်ပါတယ်။ ဂျီအမ်အက်စ်ဟာ မဲခေါင်မြစ်စီးဆင်းရာ လမ်း ကြောင်းတစ်လျှောက်ဒေသများရဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ဖြစ်လို့ ကမ္ဘော ဒီးယား၊ တရုတ် (ယူနန်နှင့် ဂွမ်ရှီး) ၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်တို့ဟာ အဖွဲ့ဝင်နိုင်ငံတွေ ဖြစ်ကြပါတယ်။
မဲခေါင်ဒေသခွဲဟာ မြေဧရိယာ ၂ ဒသမ ၆ သန်း စတုရန်းကီလိုမီတာကျယ်ဝန်းပြီး လူဦးရေ သန်း ၃၄၀ ကျော် နေထိုင်လျက်ရှိပါတယ်။ ဒေသခွဲရဲ့ စုစုပေါင်း ဂျီဒီပီ (GDP)- အမေရိကန်ဒေါ်လာ ၃ ဒသမ ၃၆ ထရီလီယံ၊ ကုန်သွယ်မှု-အမေရိကန် ဒေါ်လာ ၄၈၃ ဘီလီယံနဲ့ ရင်းနှီးမြှုပ်နှံမှု - အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၆ ဘီလီယံတို့ဖြစ် ကြောင်း ၂၀၁၇ ခုနှစ် စာရင်းဇယားများအရ လေ့လာတွေ့ရှိရပါတယ်။
ဂျီအမ်အက်စ် အဖွဲ့ဝင်ခြောက်နိုင်ငံဟာ အချင်းချင်းချိတ်ဆက်မှု (Connectivity) ကောင်းမွန်အောင် ဆောင်ရွက်ပြီး ယှဉ်ပြိုင်နိုင်စွမ်း (Competitiveness) ရှိတဲ့ အေးအတူပူအမျှ ညီညွတ် စွာနေထိုင်တဲ့အသိုက်အဝန်း (Community) တစ်ခု ဖြစ်ပေါ်ရေး မျှော်မှန်းချက်ဖြင့် ပူးပေါင်းဆောင်ရွက် နေတာ ဖြစ်ပါတယ်။
ဂျီအမ်အက်စ်အစီအစဉ်မှာ သယ်ယူပို့ဆောင် ရေး (Transport)၊ စွမ်းအင် (Energy)၊ ဆက်သွယ် ရေး (Information and Communication Technology)၊ လယ်ယာစိုက်ပျိုးရေး (Agriculture)၊ ပတ်ဝန်းကျင် (Environment)၊ ခရီးသွားလုပ်ငန်း (Tourism)၊ ကျန်းမာရေး (Health)၊ ကုန်သွယ်ရေးနှင့်
သယ်ယူပို့ဆောင်မှု လွယ်ကူချောမွေ့စေရေး (Transport and Trade Facilitation)၊ မြို့ပြဖွံ့ဖြိုး တိုးတက်မှု (Urban Development) နဲ့ အခြား ကဏ္ဍစုံ (Other Multi-sector) စတဲ့ ဦးစားပေး ကဏ္ဍ ၁၀ ခု ရှိပါတယ်။
ဂျီအမ်အက်စ် အစီအစဉ်ဟာ လုပ်ငန်းစီမံကိန်း အခြေပြုပုံသဏ္ဌာန်နဲ့ အကောင်အထည်ဖော် ဆောင်ရွက်တာဖြစ်ပြီး အာရှဖွံ့ဖြိုးရေးဘဏ် (Asian Development Bank - ADB) ဟာ ဒေသဆိုင်ရာ အဆင့်၊ နိုင်ငံအဆင့်စီမံကိန်းကြီးတွေ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့ ငွေကြေး အကူအညီ၊ နည်းပညာအကူအညီတွေ ရရှိရေး အတွက် နိုင်ငံဆိုင်ရာ အတွင်းရေးမှူးရုံးအဖွဲ့ (National Secretariat) တွေ၊ ကဏ္ဍအလိုက် လုပ်ငန်းအဖွဲ့များနဲ့ ဖွံ့ဖြိုးမှုမိတ်ဖက်များအကြား ဆက်သွယ်ညှိနှိုင်း သူအဖြစ် တာဝန်ယူဆောင်ရွက် ပေးလျက်ရှိပါတယ်။
ဂျီအမ်အက်စ်အစီအစဉ်မှာ မြန်မာနိုင်ငံပါဝင်မှု
မြန်မာနိုင်ငံဟာ ဂျီအမ်အက်စ်အစီအစဉ် စတင် တဲ့ ၁၉၉၂ ခုနှစ်မှ ယနေ့တိုင် ဂျီအမ်အက်စ် အစီအစဉ်အားလုံးမှာ တက်ကြွစွာ ပါဝင်ဆောင်ရွက် နေတာ တွေ့ရပါတယ်။ ၂၀၁၁ ခုနှစ် ထိပ်သီး အစည်းအဝေးအပြင် စတုတ္ထအကြိမ် စီးပွားရေး စင်္ကြံများဖိုရမ်ကို ၂၀၁၂ ခုနှစ် ဇွန်လမှာလည်းကောင်း၊ (၂၀) ကြိမ် မြောက် မဟာမဲခေါင်ဒေသခွဲဝန်ကြီးများ အစည်းအဝေးနဲ့ (၁၀) ကြိမ် မြောက်စီးပွားရေး စင်္ကြံများဖိုရမ်ကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလမှာ လည်းကောင်း အိမ်ရှင်အဖြစ် အောင်မြင်စွာ ကျင်းပ ဆောင်ရွက်ခဲ့တဲ့ မှတ်တိုင်တွေလည်း စိုက်ထူခဲ့ပြီး ဖြစ်ပါတယ်။
ဒေသခွဲအတွင်း စီးပွားရေးစင်္ကြံများဖွံ့ဖြိုးရေးဟာ ဂျီအမ်အက်စ်ရဲ့ ထူးခြားတဲ့ လုပ်ငန်းစဉ်တစ်ရပ် အနေနဲ့တွေ့ရပါတယ်။ စီးပွားရေးစင်္ကြံများဖိုရမ် (Economic Corridors Forum-ECF) ကို ၂၀၀၈ ခုနှစ်မှာ စတင်ကျင်းပခဲ့ပါတယ်။ ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရများအကြား၊ အစိုးရနဲ့ ပုဂ္ဂလိက တို့အကြား ချိတ်ဆက်မှုကို တိုးတက်လာစေရန် ရည်ရွယ်တဲ့ တစ်ခုတည်းသော ဖိုရမ် ဖြစ်ပါတယ်။
ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင် ဆောင်ရွက်ရေး တိုက်တွန်းအားပေး
ယခု ထိပ်သီးအစည်းအဝေးသို့ ဖွံ့ဖြိုးမှု မိတ်ဖက်တွေနဲ့ ပုဂ္ဂလိက ကဏ္ဍက စီးပွားရေး လုပ်ငန်းရှင်များ လည်း ပါဝင်တက်ရောက်ကြမယ်လို့ သိရပါတယ်။ ဒီထိပ်သီးအစည်းအဝေးက ပေါ်ထွက် လာမယ့် နိုင်ငံ့ခေါင်းဆောင်များရဲ့ အတည်ပြု ကြေညာချက်တွေ ထုတ်ပြန်ရန်ရှိတဲ့ မဟာဗျူဟာ နဲ့ လုပ်ငန်းစဉ်တွေကို ဂျီအမ်အက်စ်အဖွဲ့ဝင်နိုင်ငံ အစိုးရများနဲ့ ပုဂ္ဂလိကကဏ္ဍတို့ ဟန်ချက်ညီညီ ပူးပေါင်းအကောင်ထည်ဖော်ခြင်းဖြင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုနဲ့ ပေါင်းစည်းမှုကို ပိုမို မြှင့်တင်နိုင်ပြီး ဒေသခွဲအတွင်း ပြည်သူများရဲ့ လူမှုစီးပွားဘဝ မြှင့်တင်နိုင်မယ်လို့ အလေးအနက် ထားယုံကြည်လျက် သတ္တမအကြိမ် ဂျီအမ်အက်စ် ထိပ်သီးအစည်းအဝေးကို လှိုက်လှဲစွာ ကြိုဆို လိုက်ပါတယ်။ ။
- Log in to post comments